/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာရှတစ်ဝှမ်းကို-ခြိမ်းခြောက်နေသော-တရုတ်နိုင်ငံမှ

အာရှတစ်ဝှမ်းကို ခြိမ်းခြောက်နေသော တရုတ်နိုင်ငံမှ ပြင်းထန်အဆုတ်ရောင်ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အမျိုးအမည်မသိရသေးသော ဗိုင်းရပ်စ်ပိုးကြောင့် နာမကျန်းဖြစ်သူ ၄၄ ဦးထိရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း အာရှနိုင်ငံအချို့တွင် ကြိုတင်ကာကွယ်မှုများ အရေးပေါ် လုပ်ဆောင်လာကြပါတယ်။
    ယခုဖြစ်ပွားလျက်ရှိသော ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ကဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သော SARS virus နဲ့ ဆက်စပ်မှုရှိနေကြောင်းလည်း သံသယဖြစ်ဖွယ်ရာ ရှိနေပါတယ်။
    တရုတ်အစိုးရရဲ့ ဇန်နဝါရီ ၃ ရက်နေ့တွင် ကြေညာချက်အရ အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်သောလက္ခဏာ၊ ဖျားခြင်းနဲ့အတူ အသက်ရှူရခက်ခဲသောလက္ခဏာများ ခံစားနေရပြီး စိုးရိမ်ရသော အတွင်းလူနာ ၁၁ ဦးထိ ရှိတယ်လို့ သိရပါတယ်။
    တရုတ်နိုင်ငံ အာဏာပိုင်တွေအနေနဲ့ ဖြစ်ပွားရသော ဗိုင်းရပ်စ်ပိုးကို အမျိုးအမည် ခွဲခြားလျက်ရှိပြီး Influenza virus၊ Avian virus ၊ Adeno virus နဲ့ အခြားသော အဆုတ်ပိုးဝင်ခြင်း ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တွေ မဟုတ်ကြောင်း တွေ့ရှိရသော်လည်း SARS ရောဂါကိုဖြစ်စေတဲ့ Corona virus ဟုတ်မဟုတ်ကိုတော့ ဖော်ပြခြင်းမရှိသေးပါဘူး။

>>    ရောဂါလက္ခဏာများအနေနဲ့ -
●    ဖျားခြင်း
●    ခေါင်းကိုက်ခြင်း
●    အသက်ရှူမဝခြင်း
●    အသက်ရှူမြန်ခြင်း
●    ချောင်းခြောက်ဆိုးခြင်း
●    ချမ်းတုန်ခြင်း
●    အသက်ရှူစဉ်နဲ့ ချောင်းဆိုးစဉ် ရင်ဘတ်အောင့်ခြင်း
●    နုံးခြင်း
●    အစာစားချင်စိတ်မရှိခြင်း
●    မအီမသာဖြစ်ခြင်းတို့ကို တွေ့ကြုံရပါတယ်။

>>    ကာကွယ်ဖို့နည်းလမ်းတွေအနေနဲ့ -
●    လတ်ဆတ်သော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို နေ့စဉ်စားပါ။
●    လှုပ်ရှားတက်ကြွစွာနေပါ။
●    အိပ်ရေးဝပါစေ။
●    နှစ်စဉ် တုပ်ကွေးရာသီရောက်တိုင်း ကာကွယ်ဆေးထိုးပါ။
●    အပြင်က ပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
●    ချောင်းဆိုး၊ နှာစေးဖြစ်နေသူများနဲ့ ဝေးဝေးနေပါ။
●    လက်မဆေးရသေးဘဲ နှာခေါင်း၊ မျက်စိ၊ နားရွက်၊ ပါးစပ်များကို ကိုင်တွယ်ခြင်းရှောင်ပါ။
    ပြင်းထန်အဆုတ်ရောင်ရောဂါဟာ အလွန်ကူးစက်လွယ်သောရောဂါတစ်မျိုး ဖြစ်ပေမယ့် အထက်ပါအချက်များအတိုင်း တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ပြီး ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)