အိပ်ပျော်နေစဉ်ကြုံတွေ့ရတတ်သော ကိစ္စများ
1. ပြုတ်ကျသကဲ့သို့ ခံစားရခြင်း
အိပ်နေစဉ်အတွင်း တစ်စုံတစ်ခုကနေ ပြုတ်ကျလာသလိုခံစားရတာကို hypnagogic jerk လို့ခေါ်ပြီး အိပ်မက်ထဲမှာ ချောက်ကမ်းပါး၊ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာသလို၊ ခလုတ်တိုက်သလို ခံစားရတတ် ပါတယ်။ အလွန်အမင်းမောပန်း၊ အိပ်ရေးပျက် (သို့) စိတ်ဖိစီးမှုတွေများရင် ဒီလိုခံစားရလေ့ရှိပါတယ်။ ဒါက ဦးနှောက်က အိပ်စက်တဲ့စက်ဝန်းကိုရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကမအိပ်သေးလို့ဖြစ်ပါတယ်။
2. ခန္ဓာကိုယ်မလှုပ်ရှားနိုင်ခြင်း (ဘီလူးစီးသလိုခံစားရခြင်း)
မနက်စောစောနိုးလာချိန်မှာ စကားပြောလို့မရ၊ လှုပ်ရှားလို့မရဘဲ စက္ကန့်အတော်ကြာ၊ မိနစ် အတော်ကြာအောင် ခံစားရတတ်ပါတယ်။ ဒါက ထိတ်လန့်ဖွယ်ရာခံစားချက်ပါပဲ။
ဒါကဘာကြောင့်လဲဆိုတော့ အိပ်မောကျနေရာကနေ ကောင်းကောင်းမနိုးသေးခင်မှာ ဦးနှောက်က နိုး လာခြင်းကြောင့်ပါ။ အချို့လူတွေမှာ အသက်တောင်ရှူလို့မရဘဲ ရင်ဘတ်ပေါ် ဆင်တက်ထိုင်ထားသလို ခံစားရတယ်လို့ပြောကြပါတယ်။ ဒါကတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ခြားကန့်လန့်ကာကြွက်သားကလွဲရင် ကျန်တဲ့အသက်ရှူခြင်းနဲ့ဆိုင်တဲ့ ကြွက်သားအားလုံးက လှုပ်ရှားမှုမရှိသေးလို့ဖြစ်ပါတယ်။
3. အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း
အိပ်စက်ခြင်းနဲ့ဆက်နွယ်တဲ့ အမူအကျင့်အများစုက အန္တရာယ်မရှိပေမယ့် အိပ်ပျော်နေစဉ် လမ်းထလျှောက်တာကတော့ အန္တရာယ်များပါတယ်။ ဒီအချိန်မှာခလုတ်တိုက်နိုင်တယ်၊ အိမ်ထဲကနေ ထွက်သွားနိုင်တယ်၊ မတော်တဆတွေတောင်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှုပြုနိုင်တဲ့ အထိနိုးထလာပြီးတော့ ဦးနှောက်ကတော့မနိုးသေးတဲ့အတွက် အိပ်ပျော်နေစဉ်လမ်းလျှောက်ခြင်းဖြစ်ပါတယ်။ တစ်ခါတရံ အိပ်ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ညဘက်မှာနိုးလာပေမယ့် အိပ်ဆေးကြောင့်ဦးနှောက် ကငြိမ်ပြီး အသိမရှိသေးပါဘူး။ အိပ်ဆေးသောက်နေချိန်မှာ ဒီလိုကြုံတွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြီး တိုင်ပင်ပါ။
4. ယောင်ယမ်းခြင်း
အရွယ်ရောက်ပြီးသူ 5% လောက်က အိပ်ပျော်နေစဉ်ထပြီးယောင်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် တစ်ခါယောင်ရင် 30 စက္ကန့်လောက်ကြာတတ်ပြီး အိပ်ပျော်ပြီး 1 နာရီ၊ 2 နာရီအကြာမှာ ယောင်လေ့ရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေမယ့် အသံထွက်ဖို့နဲ့ လှုပ်ရှားမှုပြုဖို့ အတွက် ကြွက်သားတင်းအားရှိနေသေးလို့ဖြစ်ပါတယ်။
5. အိပ်မက်ထပ်ခါထပ်ခါမက်ခြင်း
အိပ်မက်မက်တယ်ဆိုတာက အကြောင်းအရာတစ်ခုကိုမှတ်ဉာဏ်ထဲကပျောက်မသွားခင် မှာ ပြန်ပြီးသုံးသပ်ခြင်းဖြစ်ပါတယ်။ အိပ်မက်တစ်ခုထဲကိုပဲထပ်ခါထပ်ခါမက်တယ်ဆိုရင် ဒါကဦးနှောက် ကနေပြီး ဖြေရှင်းလို့မပြေလည်သေးတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိနေလို့ဖြစ်နိုင်ပါတယ်။
6. အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း
အိပ်ပျော်နေစဉ်လမ်းလျှောက်ခြင်းကဲ့သို့ပဲ ခန္ဓာကိုယ်က နိုးထလာပြီး ဦးနှောက်ကတော့ကောင်းကောင်း မနိုးသေးတဲ့အချိန်မှာဖြစ်တတ်ပါတယ်။
7. ဦးနှောက်ပေါက်ကွဲထွက်သလိုခံစားရခြင်း
ပေါက်ကွဲသံကဲ့သို့အသံအကျယ်ကြီးကြားပြီး (သို့) မီးအလင်းရောင်တွေမြင်ပြီး (သို့) ခေါင်းပေါက်ကွဲ သလိုခံစားရပြီး အိပ်နေရာကနေ ရုတ်တရက်နိုးလာတတ်ပါတယ်။ အပြင်မှာကတော့ ဘာမှဖြစ်မနေပါဘူး။
ဒါကပြုတ်ကျသလိုခံစားရတာနဲ့အတူတူပါပဲ။ ဦးနှောက်က အိပ်ပျော်သွားချိန်မှာ ကြွက်သားတွေက မနားသေးဘဲနဲ့ အာရုံခံစားမှုတွေသိရှိနေတုန်းမို့လို့ ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe




























