အိပ်ရေးပျက်ပြီး နောက်နေ့မှာ လန်းဆန်းတက်ကြွနေစေဖို့ ...
ခရီးတွေ ထွက်တာနဲ့ စာမေးပွဲတွေ နီးတာကြောင့် အိပ်ရေးပျက်နေသူတွေ လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်ဖို့ နည်းလမ်းကောင်းများကို ဝေငှလိုက်ပါတယ်။
1. အရေးကြီးတဲ့ တစ်နေ့တာအလုပ်တွေကို သေချာအစီအစဉ် ဆွဲထားပါ။
အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဘက် အိပ်ရေးပျက်ထားတယ်ဆိုရင် တစ်နေ့တာအလုပ်တွေကို သေချာအစီအစဉ် ဆွဲထားတာ အကောင်းဆုံးပါပဲ။ တစ်နေ့တာအလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ အစီအစဉ်တကျ ချရေထားခြင်းဖြင့် အလုပ် ပိုပြီး ပြီးမြောက်စေနိုင်ပါတယ်။ အဓိကလုပ်ကိုလုပ်ရမယ့် အလုပ်တွေကို သေချာအစီအစဉ်ဆွဲပြီး လုပ်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး အိမ်ကို စောစောပြန်နားနိုင်မှာပါ။
2. နေရောင်ခြည် ရရှိပါစေ။
အိပ်ရေးပျက်ပြီး မလန်းဆန်းဘူးဆိုရင်တောင် နေရောင်ခြည်ရဲ့ အလင်းဓာတ်ကို ရရှိပါက လူကို ပိုပြီးတက်ကြွလာစေပါတယ်။ မနက်ခင်း နေခြည်နွေးနွေးအောက်မှာ နာရီဝက်လောက် လမ်းလျှောက်လိုက်မယ်ဆိုရင် လုံလောက်တဲ့ အကျိုးကျေးဇူး ရရှိပါလိမ့်မယ်။ တကယ်လို့ နေမထွက်ဘဲ တိမ်ထူနေတယ်၊ မိုးရွာနေတယ် ဆိုရင်တော့ အခန်းထဲမှာ နေရောင်နဲ့တူတဲ့ အလင်းထွက်တဲ့မီးအိမ်ကို အစားထိုးနိုင်ပါတယ်။
3. တရေးအိပ်ပြီး အနားယူလိုက်ပါ။
ဖြစ်နိုင်မယ်ဆိုရင် နေ့လယ်မှာ တစ်ရေးလောက် အိပ်လိုက်တာက လန်းဆန်းမှုနဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ နှိုးစက် သေချာပေးထားဖို့ လိုပါတယ်။ နေ့လယ်ဘက်မှာ မိနစ် 20 ထက် ပိုပြီးအိပ်မိရင် အိပ်ရေးမဝတော့ဘဲ ပိုပြီးထိုင်းမှိုင်းစေနိုင်ပါတယ်။
4. ကိုယ်လက်လှုပ်ရှား လုပ်ပါ။
အိပ်ရေးပျက်နေချိန်မှာ အားကစားလုပ်ဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်တိုအတွင်း သွေးလှည့်ပတ်မှု ကောင်းစေခြင်းအားဖြင့် ခန္ဓာကိုယ် နိုးကြားစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ပိုင်း (သို့) နေ့ခင်းအစောပိုင်းလေးမှာ ကိုယ်လက်လှုပ်ရှား လုပ်ပေးပါ။ အိပ်ရေးမပျက်ရင်တောင်မှ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းက အိပ်လို့ ပိုပြီးကောင်းစေပါတယ်။
5. ကော်ဖီသောက်ပါ။ အများကြီးတော့ မသောက်ပါနဲ့။
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် မနက်ပိုင်းမှာ ကော်ဖီသောက်ကြလေ့ ရှိပါတယ်။ ကော်ဖီ အတန်အသင့် သောက်ခြင်းက ခဏတာ လှုံ့ဆော်မှုပေးပြီး တစ်နေ့တာ လန်းဆန်းတက်ကြွမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကဖင်းပါတဲ့ဖျော်ရည်တို့၊ ကော်ဖီတို့ကို အလွန်အကျွံ မသောက်မိဖို့တော့ သတိပြုပါ။ အထူးသဖြင့် ကော်ဖီ သောက်လေ့သောက်ထ မရှိသူတွေမှာ များများသောက်မိရင် နှလုံးတုန်ပြီး အထိတ်တလန့် ဖြစ်တာတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ရဲ့ လှုံ့ဆော်မှုက ခန္ဓာကိုယ်ထဲမှာ သောက်ပြီး 8 နာရီလောက်အထိ ဆက်ရှိနေတတ်တဲ့အတွက် အရမ်းနောက်ကျပြီး မသောက်ပါနဲ့။ မဟုတ်ရင် ညအိပ်မပျော်ဘဲ ဖြစ်နေပါလိမ့်မယ်။
6. ရေအေးအေးလေး ချိုးပါ။
ပူနွေးနေတဲ့ ပတ်ဝန်းကျင်က အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ရေအေးအေးလေးထဲမှာ စိမ်လိုက်ခြင်းက အိပ်ရေးပျက်နေသူကို လန်းဆန်းမှု ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းကို ရေအေးအေးလေးချိုးပြီး စတင်လိုက်ပါ။
7. ရေသောက်ပါ။
ရေဓာတ် ပြည့်ဝခြင်းက လန်းဆန်းမှုကို တိုက်ရိုက်မဖြစ်စေနိုင်ပေမယ့် ရေဓာတ် ခန်းခြောက်ခြင်းနဲ့ အိပ်ရေးပျက်ခြင်း နှစ်ခုပေါင်းပြီး ဖြစ်လာတဲ့ စိတ်အလိုမကျဖြစ်မှုတွေ၊ ခန္ဓာကိုယ်မှာ ဖြစ်လာတဲ့လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်ရင် ပါးစပ်ခြောက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ရုံသာမက ရေဓာတ်ပါ ခန်းခြောက်နေမယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ နိုးကြားမှုတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ကို ရေ 6 - 8 ခွက်လောက် သောက်ပေးပါ။ ရာသီဥတု ပူရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဒီ့ထက် ရေပိုသောက်ပေးဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























