/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်မှာ-အညစ်ပတ်ဆုံး-ဘယ်နေရာလဲဟေ့

အိမ်မှာ အညစ်ပတ်ဆုံး ဘယ်နေရာလဲဟေ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အမေရိကန်က အဏုဇီဝပညာရှင်တွေပြောတာ ရောဂါပိုးမွှားတွေက မိနစ်နှစ်ဆယ်ကို တစ်ကြိမ် ပွားသတဲ့။ ပိုးဝင်တာနဲ့ စဖျားတာပဲလေ၊ သိပ်မြန်တဲ့အကောင်လေးတွေ။ ပိုးတွေဟာ လူကနေလူကိုကူးပြီး လူကနေထပ်ပြီး အရာဝတ္ထုတွေပေါ် ကူးသတဲ့။
အိမ်မှာ ဘယ်နေရာတွေ ညစ်ပတ်လဲလို့ ထင်လဲဟင်။ အိမ်သာပဲ စစဉ်းစားမိတယ် မဟုတ်လား။ စိတ်လျှော့ပါ မိတ်ဆွေ ... ခင်ဗျားထင်တာ မှန်ပေမယ့် ထိပ်ဆုံးက အညစ်တကာ့ထိပ်ခေါင်နေရာတွေ ရှိသေးတယ်ဆို လန့်သွားလေမလား။

●  မီးဖိုချောင်
ဟုတ်တယ်ဗျ။ ကိုယ်တွေ ပန်းကန်ဆေးရင်ပွတ်တဲ့ ရေမြှပ်တွေ အဖတ်လေးတွေ သိတယ် မဟုတ်လား။ Salmonella နဲ့ Ecoli လို့ခေါ်တဲ့အကောင်တွေ အဲဒီမှာ ကပ်နေပါသတဲ့။ ဒီတော့ ပစ်သင့်တာတွေကို ပစ်လိုက်ပြီး မကြာခဏ အသစ်လဲပါ။ နှမျှောနေရင် ရောဂါပိုးတွေ စားတဲ့ပန်းကန်ကနေ ကိုယ်ထဲကို သွင်းမှာ အသေအချာ။

●  ဟင်းလှီးတဲ့ စဉ့်တီတုံး
ငယ်ငယ်က အမေခိုင်းလို့ ဈေးထဲမှာ ဝယ်ခဲ့ရတာ သတိရတယ်။ တစ်ခါဝယ်ပြီး တစ်သက်လုံး သုံးပဲဗျ။ မြန်မာတွက အသားလှီးတာနဲ့ အရွက်အသီးအနှံလှီးဖို့ သီးသန့်မထားကြတာ များတယ်။ တစ်တုံးစီ ခွဲသုံးလိုက်ရင် မကောင်းဘူးလားဗျာ။ ရှိတဲ့အတုံးကို ခွဲခိုင်းတာ မဟုတ်ဘူး။ နှစ်တုံးဝယ်ထားပြီး ခွဲခြားထားဖို့ အကြံပေးတာ။ စဉ့်တီတုံးတွေ ဈေးကြီးတာမှ မဟုတ်တာ။

●  ရေခဲသေတ္တာ
အစုံထည့်တယ်လေ။ သူလည်း ညစ်ပတ်အိုးပဲဗျ။ အသားငါးရော၊ အရွက်ရော စုံလို့ထည့်တာဆိုတော့ကာ။ သန်ရှင်းရေး ပုံမှန်လုပ်ဖို့တော့ မေ့တတ်ကြတယ် မဟုတ်ပါလား။ သူ့ထက် ညစ်ပတ်တာက ပန်းကန်ဆေးစင်နဲ့ လက်ဆေးကန်။ ဆီတွေဝေ့ပြီး ညစ်ညစ်ပတ်ပတ်ထားမယ့်အစား ပုံမှန်ကာဘောလစ် ဆပ်ပြာရည်လေးနဲ့ သန့်ရှင်းဆေးကြောပေးရင် မကောင်းဘူးလား။ ကြွေသန့်ဆေးရည်၊ အရောင်ချွတ်ဘလိပ်ချ် ဘာညာက နောက်မှပေါ့။ ကိုယ်တတ်နိုင်တာလေးနဲ့ သန့်အောင်ထားပေးတာ ကောင်းပါတယ်။ ဆေးတဲ့ ရေမြှုပ်တွေ၊ ဖော့တုံးတွေကို ဘလိချ်လို့ခေါ်တဲ့ ကြေးချွတ်ဆေးရည်ရယ်၊ ရေနွေးလေးရယ်ရောပြီး စိမ်ထားလည်းရတာပဲ။ ပြီးမှ အခြောက်ပြန်လှမ်းပြီး ပြန်သုံးပေါ့။

● ပန်းကန်စင်တွေ၊ မီးဖိုချောင်ကြွေစင်တွေ ဒေါက်ငှက်တို့အိမ်မှာဆို ညတိုင်း အဲဒါတွေ အကုန်သန့်ရှင်းပြီးမှ အိပ်ရတယ်။ ပိုးတွေနဲ့ အမြဲညစ်ညမ်းနေတတ်တဲ့နေရာတွေပါ၊ တစ်ပတ်တစ်ခါ သန့်စင်ပေးရင်လည်း ရပါတယ်။ တစ်နေရာကို အဝတ်ဖတ်တစ်ခုနှုန်းထားပြီး သုတ်ပြီးပစ်လိုက်တော့ ပိုးတွေ တစ်နေရာက တစ်နေရာ မပျံ့နှံ့တော့ဘူးပေါ့။
တချို့တွေက အိမ်သာလက်ကိုင်တွေ၊ တံခါးလက်ကိုင်တွေက အညစ်ညမ်းဆုံးလို့ ထင်ကြတယ်။ တကယ်တော့ မီးခလုတ်တွေ၊ ရေခဲသေတ္တာလက်ကိုင်တွေ၊ မိုက်ခရိုဝေ့လက်ကိုင်တွေက ပိုညစ်ပတ်တာပါတဲ့။ ဒီတော့ ဆပ်ပြာရည်လေးနည်းနည်းနဲ့ မကြာခဏ သန့်ရှင်းပေးခြင်းက ကာကွယ်မှုပါလို့ ပြောပါရစေ။

●  ရေချိုးခန်း
ဒေါက်ငှက်တို့ ကြေးချွတ်တဲ့နေရာလေ။ ကိုယ်က သန့်သွားပေမယ့် သူက ညစ်ပတ်ပြီး ကျန်နေခဲ့တာ၊ ရေပိုက်ခေါင်းကလည်း ညစ်ပတ်တတ်တာပဲ။ တဘက်တွေ၊ သွားပွတ်တံတွေကလည်း ဂရုထားသင့်တယ်။ အသစ် လဲသင့်ရင် လဲပါ။ မှန်မှန်လျှော်ပေးပါ။ တံခါးလက်ကိုင်တွေကိုလည်း ပိုးသတ်ဆေးရည်နဲ့ ပွတ်ပြီး အမြဲသန့်ပေးရပါမယ်။
တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းတွေ၊ သော့တွေ၊ ပိုက်ဆံအိတ်တွေ၊ ထမင်းဘူးတွေကိုလည်း ပိုးသန့်ဆေးရည်သုံးပြီး သန့်စင်သင့်ပါတယ်။ ကွန်ပျူတာဖန်သားပြင်တွေအတွက် အထူးစီမံထားတဲ့ဆေးရည်တွေနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။

>>  ဒီတော့သန့်သန့်လေး ဖြစ်ချင်ရင်ဖြင့် -
●  ရေနဲ့ဆပ်ပြာ နိုင်နိုင်သုံးပါ။
●  ကြွေကြေးချွတ်ဆေး ဘလိချ်ဆေးရည် သုံးပါ။
●  အဝတ်သန့်သန့်လေးတွေကို ဆပ်ပြာနဲ့ရေဆွတ်ပြီး သန့်ရှင်းရေးလုပ်ရင် သုံးပါ။
●  လက်သန့်ဆေးရည် သုံးပါ။
●  အိမ်သာဝင်ပြီးတာနဲ့ လက်ဆေးပါ။ လက်ဆေးရင်လည်း ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့်သုံးဆယ်လောက်ထိ သေချာပွတ်တိုက်ဆေးကြောပါလို့ အကြံပြုပါတယ်ဗျာ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)