/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိုမီခရွန်ရဲ့ထပ်ဆင့်မျိုးကွဲ-ba4-နဲ့-ba5-အကြောင်း-သိကောင်းစရာ

အိုမီခရွန်ရဲ့ထပ်ဆင့်မျိုးကွဲ BA.4 နဲ့ BA.5 အကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၂၀၂၀ မှာဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ နဲ့ ၂၀၂၂ မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ဟာ ဒင်္ဂါးပြားပေါ်က မျက်နှာပြင်နှစ်ဖက်လိုပဲ တစ်မျိုးတည်းပေမယ့် မတူကွဲပြားကြပါတယ်။ လက်ရှိ ကူးစက်ခံရသူတွေထဲက တစ်ဝက်ကျော်လောက်က BA.5 ကြောင့်ဖြစ်ပြီး ဆယ်ယောက်မှာ တစ်ယောက်လောက်ကတော့ BA.4 ကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါကြောင့် BA.4 နဲ့ BA.5 အကြောင်း ဗဟုသုတတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

●  မူလအိုမီခရွန်မျိုးကွဲဟာ ရောဂါလက္ခဏာ မပြင်းထန်သလို BA.4 နဲ့ BA.5 ဟာလည်း မူလမျိုးကွဲထက်ထူးပြီးတော့ လက္ခဏာပြင်းထန်တာမျိုး မတွေ့ရပါဘူး။ အဖြစ်များတဲ့လက္ခဏာတွေကတော့ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဖြစ်ပြီး နှာခေါင်းပိတ်တာ၊ ချောင်းခြောက်ဆိုးတာ၊ နှာစေးနှာရည်ယိုတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နုံးတာ၊ မူးဝေတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
●  နာတာရှည်ကိုဗစ်ဖြစ်ပွားနှုန်းကတော့ ဒယ်လ်တာမျိုးကွဲထက်စာရင် နည်းပါတယ်။
●  မူလအိုမီခရွန်မျိုးကွဲ BA.1 နဲ့ယှဉ်လိုက်ရင် BA.4 နဲ့ BA.5 ဟာ ကာကွယ်ဆေးထိုးထားလည်း ရောဂါကူးစက်နိုင်တာမျိုး ပိုပြီးဖြစ်နိုင်ပါတယ်။
●  အရင်က အိုမီခရွန်မျိုးကွဲ BA.1 နဲ့ BA.2 ကူးစက်ခံရတာဟာ အိုမီခရွန်မျိုးကွဲမဟုတ်တဲ့ အယ်လ်ဖာ၊ ဘီတာ၊ ဒယ်လ်တာကူးစက်ဖူးတာထက် BA.4 နဲ့ BA.5 ကို ကာကွယ်နိုင်စွမ်းအား ပိုကောင်းပါတယ်။
●  Molnupiravir ဆိုတဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးဟာ BA.2 မျိုးကွဲအတွက်ဆိုရင် ဗိုင်းရပ်စ်ပိုးကောင်ရေကို မြန်မြန်ကျစေတယ်၊ ကိုယ်ခန္ဓာတွင်း ရောဂါပြန့်ပွားနှုန်းကို နှေးစေတယ်၊ အောက်ဆီဂျင် လိုအပ်ချက်ကို လျှော့ချပေးတယ်၊ သေဆုံးနှုန်းကို လျှော့ချပေးတယ် ... အစရှိတဲ့ အကျိုးကျေးဇူးတွေရှိပေမယ့် BA.4 နဲ့ BA.5 မှာတော့ ဒီလိုအကျိုးကျေးဇူးတွေ ရှိ၊ မရှိဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

အိုမီခရွန်မျိုးကွဲတွေဟာ ရောဂါလက္ခဏာ မပြင်းထန်ဘူးဆိုပေမယ့်လည်း သေဆုံးမှုတွေကတော့ ရှိနေပါသေးတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကာကွယ်ဆေးမထိုးထားသူတွေ၊ ရောဂါအခံရှိသူတွေမှာ ပြင်းထန်ကောင်းပြင်းထန်နိုင်လို့ မိမိအပါအဝင် မိမိတို့ရဲ့ မိသားစုတွေကိုပါ အိုမီခရွန်အန္တရာယ်က ကာကွယ်ဖို့အတွက်
●  လက်ဆေးပါ။
●  မတ်စ်တပ်ပါ။
●  လူစုလူဝေးရှောင်ပါ။
●  ကိုဗစ်ကာကွယ်ဆေး ထိုးထားကြပါ။

www.drmyanmar.com