အုတ်ဂျုံကို နေ့တိုင်းစားပေးသင့်တဲ့အကြောင်းအရင်းများ
1. ကိုလက်စထရောလျော့ကျစေနိုင်တယ်
အုတ်ဂျုံမှာပါတဲ့ beta-glucan ခေါ် ရေမှာပျော်၀င်တဲ့အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်ရှိ ကိုလက်စထရောအဆင့်အပေါ် သက်ရောက်မှုရှိပါတယ်။ ကိုလက်စထရောမြင့်လာတယ်ဆိုရာမှာ သွေးကြောနံရံတွေမှာ plaque တွေ စုပုံလာခြင်းရဲ့ ရှေးပြေးလက္ခဏာရပ်တစ်ခုလို့ဆိုလို့ရပါတယ်။ ၄င်း plaque တွေ လွန်စွာကြီးထွားလာပြီး ပျက်စီးလာပါက သွေးကြောပိတ်ဆို့တာ၊ သွေးကြောပေါက်တာတွေဖြစ်လာကာ လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက် ခံရခြင်း၊ သွေးခဲခြင်းဖြစ်စဉ်တွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုလက်စထရောတွေလျှော့ချနိုင်မှသာ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါ၊ လေဖြတ်ရောဂါဖြစ်နိုင်ခြေကို လျော့ နည်းစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုလက်စထရောအဆင့်မြင့်ခြင်းမှကာကွယ်နိုင်ဖို့ နေ့စဉ်မနက်တိုင်း အုတ်ဂျုံတစ်ပန်းကန်လောက်စားပေးသင့်ပါတယ်။
2. ကိုယ်ခံအားကောင်းစေတယ်
အုတ်ဂျုံကိုယ်ခံစွမ်းအားမြင့်မားစေနိုင်တာကြောင့် တော်ရုံပြင်ပမှကူးစက်ပိုးတွေ ခန္ဓာကိုယ်တွင်းသို့၀င်ရောက်လာခြင်းကို ခုခံတွန်းလှန်နိုင်ပါတယ်။
3. သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေတယ်
အုတ်ဂျုံစားတဲ့ ဆီးချိုသွေးချိုအမျိုးအစား (2) ရောဂါသည်တွေဟာ အုတ်ဂျုံမစားသူတွေထက် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းနိုင်စွမ်းရှိပါတယ်။ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်နေစေဖို့ နေ့စဉ်အစားအစာမှာ အုတ်ဂျုံထည့်စားသင့်ပါတယ်။
4. ရင်သားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးတယ်
အမျှင်ဓာတ်ကြွယ်၀တဲ့အစားအစာတွေဟာ ရင်သားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေစားခြင်းမှရနိုင်သလို ကောက်နှံတစ်ခုလုံးပါ၀င်စာ (ဖြူစင်အောင်ဖွပ်ထားခြင်းမရှိတဲ့ ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့လုပ်ထားသောအစားအစာ)၊ အုတ်ဂျုံစားခြင်းတွင်လည်း အမျှင်ဓာတ်ပါ၀င်ပါတယ်။




























