/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူကျွံခြင်းအကြောင်း-သိဖွယ်ရာများ

အူကျွံခြင်းအကြောင်း သိဖွယ်ရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အူကျွံခြင်းဆိုတာဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်း အမျိုးမျိုးမှာ ဖြစ်နိုင်ပြီး အများဆုံးဗိုက်မှာ ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ တစ်နေရာမှာ အားနည်းပျော့သွားပြီး အပေါက် ဖြစ်လာတတ်ပါတယ်။

          ဝမ်းဗိုက်ပြင်မှာ အူကျွံတတ်တဲ့ နေရာတွေကတော့ ကပ္ပာယ်အိတ်နဲ့ ခြေထောက်တွေဆီ သွားတဲ့ သွေးကြောတွေရှိတဲ့ ဆီးခုံဘေးနားက inguinal canal လိုဏ်ခေါင်းလေးနဲ့ ပေါင်ရင်းနားက femoral canal လိုဏ်ခေါင်းလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချက်တိုင်တစ်ဝိုက်မှာလည်း အူကျွံတတ်ပါသေးတယ်။ မျိုးရိုးလိုက် အူကျွံတတ်တာမျိုးလည်း ရှိတတ်ပါတယ်။

          ဝမ်းဗိုက် ခွဲစိတ်မှုတွေ လုပ်ဖူးသူတွေမှာလည်း ကြွက်သားတွေ အားနည်းသွားပြီး အူကျွံတတ်ပါတယ်။ အလွန်အမင်း အားအင်စိုက်ထုတ်လိုက်ခြင်းကြောင့် အူကျွံလေ့ရှိတတ်တာကြောင့် အထူးသဖြင့် အလေးမသမားတွေမှာ တွေ့လေ့ရှိပါတယ်။ အူကျွံခြင်းကို သေချာမကုသမိတဲ့အခါ အူလိမ်သွားပြီး အူကို သွေး မရောက်တာကြောင့် ဗိုက် မခံမရပ်နိုင်အောင် အောင့်ပြီး အရေးပေါ် ခွဲစိတ်ရတတ်ပါတယ်။

 

>>    Hernia အူကျွံတယ် ဆိုတာဘာလဲ?

          ခန္ဓာကိုယ် ခေါင်းထဲက အင်္ဂါအစိတ်အပိုင်းတစ်ခု သူ့ပင်ကိုယ်နေရာကနေ ထွက်ကျလာတာကို hernia လို့ ခေါ်ပါတယ်။ အများအားဖြင့် အူတစ်စိတ်တစ်ပိုင်းနဲ့ ကိုယ်တွင်းအဆီလွှာတွေ ကျွံလေ့ရှိတာကြောင့်သာ အူကျွံတယ်လို့ သုံးနှုန်းတာပါ။ ဒါပေမဲ့ ဦးနှောက်လို အစိတ်အပိုင်းတွေလည်း ကျွံတတ်ကြောင်း သတိပြုရပါမယ်။

          အူကျွံခြင်းဟာ ဘေးအန္တရာယ် မရှိတတ်ပေမယ့် ကျွံကျတဲ့ အစိတ်အပိုင်းကို သွေးမရောက်တော့တဲ့ လိမ်သွားတဲ့အခြေအနေမျိုးကိုတော့ သတိထားရပါမယ်။

          အူကျွံတဲ့အခါ ကျွံတဲ့နေရာမှာ နာကျင်တာ၊ အလုံးပေါ်တာ၊ ကျွံတဲ့အင်္ဂါအစိတ်အပိုင်းကို ဖိမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေမျိုးမှာ ကျွံကျတဲ့ အင်္ဂါအစိတ်အပိုင်းမှာ အလုပ်မလုပ်တော့တာမျိုးတွေ တွေ့ရတတ်ပါတယ်။

 

>>    အူကျွံခြင်းအမျိုးမျိုးနဲ့ ခန္ဓဗေဒအသီးသီး

       Inguinal hernia ဆီးခုံဘေးနား inguinal ဂလိုင်ပေါက်မှ အူကျွံခြင်း

          ဒီအမျိုးအစား အူကျွံခြင်းမှာ direct နဲ့ indirect ဆိုပြီး နှစ်မျိုးနှစ်စား ထပ်ခွဲခြားထားပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပြီး အူကျွံခြင်းအားလုံးရဲ့ ၇၅% ခန့် ရှိပါတယ်။ နှစ်မျိုးလုံးဟာ ပေါင်ရင်းနဲ့ ကိုယ်လုံး ဆုံရာနေရာမှာ ဖြစ်တတ်ပါတယ်။

 

       Indirect inguinal hernia

          ဝမ်းဗိုက်ခေါင်းကနေ ကပ္ပာယ်အိတ်ထဲထိရှိတဲ့ သနေ္ဓသားဘဝ ဝှေးစေ့ဆင်းရာ လမ်းကြောင်းကနေ ထွက်လာတာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ မွေးလာတဲ့အခါ ပိတ်သွားတတ်ပေမယ့် ကျွံကျနိုင်ပါတယ်။ ဒီအမျိုးအစားမှာ အူဟာ ကပ္ပာယ်အိတ်ထဲအထိ ကျွံနိုင်ပါတယ်။ မွေးကင်းစဘဝကတည်းက ဖြစ်တတ်သလို အသက်ကြီးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

       Direct inguinal hernia

          ဒီအမျိုးအစားမှာတော့ အသက်ကြီးလာတဲ့အခါ ဝမ်းဗိုက်နံရံကြွက်သားတွေ ပျော့ပြီး ပါးလာတာကြောင့် ကျွံရတာပါ။ ပါးနေတဲ့ ဝမ်းဗိုက်ကြွက်သားနေရာကနေ ဖြစ်တာကြောင့် ကပ္ပာယ်အိတ်ထဲထိ ကျွံလေ့ကျွံထ မရှိတတ်ပါဘူး။

 

       Femoral hernia ပေါင်ခြံနား femoral ကလိုဏ်ပေါက်မှ အူကျွံခြင်း

          Femoral canal လို့ခေါ်တဲ့ ဂလိုင်ပေါက်ဟာ ခြေထောက်ကိုသွားတဲ့ emoral သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ထွက်ရာနေရာ ဖြစ်ပါတယ်။ ဒီအပေါက်ကနေ အူကျွံကျတဲ့အခါ inguinal ရဲ့ အောက်နား ပေါင်အလယ် တည့်တည့်နားမှာ ဖောင်းနေတတ်ပါတယ်။ အဖြစ်နည်းပြီး အမျိုးသမီးတွေမှာ ပိုတွေ့နိုင်ပါတယ်။ ပြန်မသွင်းနိုင်တာ၊ အူလိမ်တာတွေလည်း ပိုပြီးဖြစ်နိုင်ပါတယ်။

 

       ချက်တိုင်အူကျွံခြင်း

          နည်းနည်း အဖြစ်ပိုများပြီး အူကျွံခြင်းရဲ့ ၁၀-၃၀% မှာ ဖြစ်တတ်ပါတယ်။ မွေးခါစကတည်းက စကျွံတတ်ပြီး တဖြည်းဖြည်းချင်း ပိုထင်ရှားလာတတ်ပါတယ်။ မွေးပြီးနောက်ပိုင်း ဝမ်းဗိုက်နံရံ ပြန်ပိတ်ချိန်မှာ တစ်ဝက်တစ်ပျက် ပွင့်ကျန်ခဲ့ရာကနေ ဖြစ်တတ်ပါတယ်။ အရွယ်အစားပေါ် မူတည်ပြီး အသက် နှစ်နှစ်လောက်မှာ သူ့အလိုလို ပိတ်သွားနိုင်သလို တစ်လက်မရဲ့ လေးပုံသုံးပုံခန့် ပိုကြီးခဲ့ရင်တော့ အသက်နှစ်နှစ်မှ လေးနှစ်လောက်မှာ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။ နောက်ပိုင်းမှာလည်း နဂိုလျော့ရဲမှုကြောင့်ရော၊ အသက်ကြီးလာတာကြောင့်ရော ပြန်ပွင့်လာတတ်ပါတယ်။ ကလေးမွေးဖူးတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေနဲ့ အသက်ကြီးသူ အမျိုးသား၊ အမျိုးသမီးမရွေးတို့မှာ တွေ့ရတတ်ပါတယ်။

 

●        ချုပ်ရိုးအူကျွံခြင်း

          ဗိုက်ခွဲထားသူတွေမှာ ဝမ်းဗိုက်ကြွက်သားတွေ လျော့ရဲသွားတာကြောင့် အူကျွံတတ်ပါတယ်။ ဒီလို ချုပ်ရိုးအူကျွံခြင်းဟာ ဗိုက်ခွဲသူတွေအားလုံးရဲ့ ၂-၁၀% လောက်မှာ ဖြစ်တတ်ပြီး ခွဲစိတ်ပြီး လပေါင်း၊ နှစ်ပေါင်းချီ ကြာပြီးနောက်မှာ ဖြစ်နိုင်ပါတယ်။ ပြန်ပြင်ခွဲချုပ်ပြီးနောက်မှာလည်း ၂၀-၄၅% မှာ ပြန်ဖြစ်တာကို တွေ့ရပါတယ်။

          ဒါတွေအပြင် ရှားပါးတဲ့ Spigelian hernia, Obturator hernia, Epigastric hernia စတာတွေလည်း ရှိပါသေးတယ်။

 

>>    ဘာကြောင့် အူကျွံရသလဲ?

          ချက်တိုင်အူကျွံခြင်းဟာ မွေးကတည်းက ဖြစ်တတ်ပြီး အခြားအူကျွုံခြင်းတွေကတော့ လူကြီးဘဝမှာ ဖြစ်တတ်ပါတယ်။ သနေ္ဓသား ဘဝလမ်းကြောင်း တစ်နေရာရာမှာ အားနည်းနေတဲ့နေရာတွေ၊ နဂိုရှိရင်းစွဲ ဝမ်းဗိုက်ပြင်အပေါက်တွေ၊ ပုံမမှန် ဝမ်းဗိုက်ပြင်ကြွက်သား အားနည်းမှုတွေကြောင့် အူကျွံတတ်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ခေါင်းတွင်း ဖိအားများခြင်းကလည်း အူကျွံစေနိုင်၊ အူကျွံခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒီလိုဖိအားများစေတဲ့ အကြောင်းအရာတွေကတော့ -

●        အဝလွန်ခြင်း

●        အလေးအပင်မခြင်း၊ ဝမ်းဗိုက်ညှစ်ခြင်း

●        ချောင်းဆိုးခြင်း၊ အထူးသဖြင့် ဆေးလိပ်သောက်သူတွေမှာလို နာတာရှည် ချောင်းဆိုးခြင်း

●        ဝမ်းသွားစဉ်၊ ဆီးပေါက်စဉ် ညှစ်ရခြင်း

●        နာတာရှည်အဆုတ်ရောဂါ

●        ကိုယ်ဝန်ဆောင်

●        ဝမ်းဗိုက်တွင်း အရည်စုခြင်း

●        အူကျွံတဲ့မိသားစု ရာဇဝင်

 

>>    ရောဂါလက္ခဏာများ

          တချို့တွေမှာ အူကျွံခြင်းဟာ ဘာလက္ခဏာမှ မရှိတတ်ပေမယ့် တချို့တချို့မှာတော့ အလွန်နာကျင်တတ်ပါတယ်။ တင်းပြောင်ပြီး အရမ်းနာနေတယ် ဆိုရင်တော့ အူလိမ်သွားတာ ဖြစ်နိုင်ပြီး အရေးပေါ်ကုသဖို့ လိုနိုင်ပါတယ်။ အူကျွံခြင်းရဲ့ လက္ခဏာတွေကတော့ -

●        ပေါင်ခြံ (သို့မဟုတ်) ဝမ်းဗိုက်မှာ အလုံးဖြစ်ခြင်း၊ တစ်ခါတစ်ရံ အလုံးမပေါ်ခင် နာကျင်ကိုက်ခဲခြင်း

●        ချောင်းဆိုးချိန ်ပိုနာခြင်း

●        အူပိတ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း

●        ဝမ်းဗိုက်မှာ နီရဲနာကျင်နေခြင်း

●        ဝမ်းဗိုက် (သို့မဟုတ်) ပေါင်ခြံမှာ ပူစပ်ပူလောင် ဖြစ်နေခြင်း

●        မတ်တတ် အကြာကြီးရပ်တ့ဲအခါ နာကျင်လာခြင်း

 

>>    ကုသနည်း

          အသက်၊ ယေဘုယျကျန်းမာရေး၊ အူကျွံခြင်းအမျိုးအစားနဲ့ ပြင်းထန်မှုတို့ပေါ် မူတည်ပြီး ကုသနည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အများစုဟာ သူ့အလိုလို သက်သာသွားတတ်ပေမယ့် တစ်ခါတစ်ရံ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။ အူကျွံခြင်း ခွဲစိတ်မှုဟာ ဆေးရုံမတက်ဘဲ ပြင်ပလူနာဌာနကနေ ပြုလုပ်နိုင်ပါတယ်။

          ခွဲစိတ်တဲ့အခါ ကျွံနေတဲ့နေရာကို ခွဲကြောင်းပေးပြီး ကျွံနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အထဲပြန်ထည့်လိုက်တာ သော်လည်းကောင်း၊ ဖြတ်ထုတ်လိုက်တာ သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ အူလိမ်နေသူတွေမှာ ဖြတ်ထုတ်တဲ့နည်းကိုသာ အသုံးပြုရပါမယ်။ အူကျွံစေတဲ့ လျော့ရဲရဲ ကြွက်သားနံရံကိုတော့ သေချာပြန်ပိတ်ပြီး တွဲစိချုပ်လိုက်တာ၊ ပိုကြီးတဲ့အပေါက်တွေကို လူလုပ် ဆန်ခါပိုက်ကွန်နဲ့ ပိတ်ချုပ်တာမျိုး ပြုလုပ်ရပါမယ်။ ခွဲစိတ်ပြီးနောက်မှာ အကြောမှ အရည်ဓာတ်တွေသွင်းပြီး အကိုက်အခဲပျောက်ဆေးတွေ ပေးပါလိမ့်မယ်။

          ဆေးရုံက ဆင်းတာနဲ့ ပေါ့ပေါ့ပါးပါး၊ လှုပ်လှုပ်ရှားရှား လုပ်နိုင်ပြီး အနာကောင်းကောင်းကျက်မှ အလေးအပင်မတာမျိုး လုပ်သင့်ပါတယ်။ အနာကောင်းကောင်းကျက်ဖို့ ၆ ပတ်မှ ၈ ပတ်လောက်ထိ ကြာနိုင်ပါတယ်။

 

>>    ကာကွယ်နည်း

●        လေ့ကျင့်ခန်းတွေ၊ အားကစားတွေမလုပ်မီ ကောင်းကောင်း အကြောလျှော့ပါ။

●        ဝမ်းဗိုက်ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။

●        ပြင်းပြင်းထန်ထန် လှုပ်ရှားပြီးနောက် အထူးသဖြင့် အလေးအပင်တွေ မပြီးနောက် ကောင်းကောင်း အနားယူပါ။

●        ဆေးလိပ်ဖြတ်ပါ။ နာတာရှည် ချောင်းဆိုးခြင်းဟာ အူကျွံစေတတ်တဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

●        ဝမ်းမချုပ်စေရန် အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို စားပါ။

●        ကိုယ်အလေးချိန်ကို လျှော့ချပါ။

●        လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အကြောလျှော့ လေ့ကျင့်ခန်းများ၊ ကြွက်သား ပျော့ပျောငး်စေတဲ့ လေ့ကျင့်ခန်းများ ထည့်လုပ်ပေးပါ။

www.drmyanmar.com