/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူမကြီးကင်ဆာကို-ကာကွယ်နိုင်ဖို့အတွက်-နည်းလမ်း-၈-သွယ်

အူမကြီးကင်ဆာကို ကာကွယ်နိုင်ဖို့အတွက် နည်းလမ်း (၈) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါတဲ့အတွက် ကာကွယ်နိုင်ဖို့ အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ချက်၊ နှစ်ချက်လောက်ကနေ အရင်စပြီးတော့ တဖြည်းဖြည်းချင်းတိုးပြီး လိုက်နာသွားပါ။ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ဂရုစိုက်ကြဖို့ လိုပါတယ်။

 

၁။     ပုံမှန်စစ်ဆေးမှု ခံယူပါ။

          အူမကြီးကင်ဆာကို ကာကွယ်နိုင်မယ့် အကောင်းဆုံး တစ်ခုတည်းသော နည်းလမ်းကတော့ ပုံမှန်စစ်ဆေးမှု ခံယူတာပါ။ စောစောသိမှသာ ကုသလို့ရနိုင်သလို ထိန်းချုပ်နိုင်မှာပါ။ စစ်ဆေးနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပြီးတော့ တချို့က လုပ်ရတာ လွယ်ပြီးတော့ မကြာခဏ ပြန်စစ်ပေးဖို့ လိုပါတယ်။ တချို့က စစ်ဆေးရတာ နည်းနည်းလက်ဝင်ပေမယ့် ခဏခဏ ပြန်စစ်စရာမလိုပါဘူး။ ဘယ်လိုစစ်ဆေးမှုတွေလုပ်ရမယ့်ဆိုတာကတော့ ကိုယ်ရဲ့အခြေအနေနဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။

          အသက် ၄၅ နှစ်လောက်က စပြီးတော့ စစ်ဆေးမှု ခံယူသင့်ပြီးတော့ မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးရင်၊ တခြားဖြစ်နိုင်ချေများစေတဲ့ အချက်တွေရှိရင် ၄၅ နှစ်မတိုင်ခင်ကတည်းက စစ်ဆေးမှု ခံယူသင့်ပါတယ်။

          အောက်ပါစစ်ဆေးမှုတွေ လုပ်လို့ ရပါတယ်။

●        ဝမ်းထဲတွင် အလွယ်တကူ မမြင်နိုင်တဲ့ သွေးစပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း - နှစ်စဉ် စစ်ဆေးသင့်ပါတယ်။

●        အူမကြီး မှန်ပြောင်းကြည့်ခြင်း - ၁၀ နှစ်တစ်ကြိမ်

●        Flexible sigmoidoscopy - ၅ နှစ်တစ်ကြိမ်

●        Virtual colonoscopy - ၅ နှစ်တစ်ကြိမ်

 

၂။     ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

          ဆေးလိပ် သောက်တာပြီးရင် အဝလွန်တာက ကင်ဆာဖြစ်နိုင်ချေကို များစေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ အူမကြီးကင်ဆာ အပါအဝင် အနည်းဆုံးကင်ဆာ (၁၁) မျိုးလောက်က အဝလွန်တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်က ဝလာတယ်ဆိုရင် အရင်ဆုံး ကိုယ်အလေးချိန် ထပ်မတက်အောင် ထိန်းထားပါ။ ပြီးရင် ကိုယ်အလေးချိန် ကျဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။

 

၃။     ဆေးလိပ်မသောက်ပါနဲ့။

          ဆေးလိပ်သောက်ခြင်းက အူမကြီးကင်ဆာ အပါအဝင် နှလုံးရောဂါ၊ လေဖြတ်ခြင်းစတဲ့ ပြင်းထန်တဲ့ရောဂါတွေနဲ့ အနည်းဆုံးကင်ဆာ (၁၄) မျိုးလောက်နဲ့ ဆက်စပ်နေပါတယ်။ ဒီတော့ ဆေးလိပ်သောက်တတ်ရင် ကျန်းမာရေးအတွက် အခုပဲ ဆေးလိပ်ဖြတ်လိုက်ပါ။

 

၄။     ကိုယ်လက်လှုပ်ရှား တက်ကြွစွာ နေပါ။

          လှုပ်ရှားမှု နည်းနည်းလေး ရှိတာကတောင်မှ ဘာမှမလုပ်တာထက် ပိုကောင်းပါတယ်။ တစ်နေ့ကို မိနစ် ၃၀ နဲ့အထက် လှုပ်ရှားမှု အသင့်အတင့်လုပ်ခြင်းက အူမကြီးကင်ဆာအပါအဝင် ပြင်းထန်ဆိုးရွားတဲ့ရောဂါ အတော်များများဖြစ်နိုင်ချေကို လျော့စေပါတယ်။ လမ်းမြန်မြန်လျှောက်တာ၊ စက်ဘီးစီးတာ၊ ကတာ၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာ စတဲ့ ကိုယ်ကြိုက်တဲ့ လှုပ်ရှားမှုတစ်ခုခု ရွေးလုပ်ပါ။

 

၅။     အရက်ကို အသင့်အတင့်ပဲ သောက်ပါ။

          အရက်နဲ့ ကျန်းမာရေးအကြောင်းပြောရရင် နည်းနည်းတော့ ထူးဆန်းပါတယ်။ အရက်က အသင့်အတင့်ပဲသောက်ရင် နှလုံးအတွက် ကောင်းပေမယ့် အူမကြီးနဲ့ တခြားကင်ဆာ ဖြစ်နိုင်ချေတွေကိုတော့ နည်းနည်းလေး သောက်ရင်တောင်မှ မြင့်တက်စေပါတယ်။ ဒီတော့ အရက်သောက်တတ်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်လောက်သောက်တာက ပြဿနာမရှိသလို အရက်မသောက်တတ်ဘူးဆိုရင်လည်း အရက်သောက်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ အရက် အလွန်အကျွံ သောက်တဲ့သူတွေကတော့ အရက်ဖြတ်ဖို့ (သို့) လျှော့သောက်ဖို့ လိုပါတယ်။

 

၆။     အနီရောင်အသားတွေကို လျှော့စားပါ။ (အထူးသဖြင့် ပြုပြင်ထားတဲ့အသားတွေ)

          Steak, အသားညှပ်ပေါင်မုန့်၊ ဝက်သားစတဲ့ အနီရောင်အသားတွေကို အများကြီးစားရင် အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ ဝက်သားကင်၊ ဝက်အူချောင်းစတဲ့ ပြုပြင်ထားတဲ့အသားတွေဆိုရင် ပိုပြီးတောင် ဆိုးပါသေးတယ်။ တစ်ပတ်ကို ၃ ခွက်ထက် ပိုမစားပါနဲ့။ နည်းနည်းစားလေ ကောင်းလေပါပဲ။

 

၇။     ကယ်ဆီယမ်နဲ့ ဗီတာမင် D လုံလောက်စွာ စားသုံးပါ။

          တစ်နေ့ကို ကယ်ဆီယမ် 1000-1200 mg နဲ့ ဗီတာမင် D 1000 IUs ရရှိသင့်ပါတယ်။ ဒီနှစ်မျိုးပြည့်ဝရင် အူမကြီးကင်ဆာကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

 

၈။     ဗီတာမင်မျိုးစုံပါဝင်တဲ့ အားဆေးနဲ့ Folate သောက်ပါ။

          နေ့စဉ် Folate ပါဝင်တဲ့ multivitamin အားဆေးသောက်ခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

 

>>    အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အခြားအရေးကြီးသောအချက်များ

          အူမကြီးကင်ဆာကို ကာကွယ်နိုင်သလို ဖြစ်နိုင်ချေ များစေတဲ့အချက်တွေလည်း ရှိပါတယ်။ ဘယ်အချက်တွေက ဖြစ်နိုင်ချေများလဲဆိုတာကို သိထားရင် ကာကွယ်ဖို့အတွက် အသုံးဝင်ပါလိမ့်မယ်။

●        အသက်ကြီးသူများ အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက်

●        မျိုးရိုးထဲတွင် အူမကြီးကင်ဆာဖြစ်ဖူးခြင်း

●        အူရောင်ရောဂါ

●        အရပ်ရှည်သူများ (အရပ် ၅ ပေ ၈ လက်မနှင့်အထက် ပိုရှည်သောအမျိုးသမီးများ၊ ၅ ပေ ၁၁ လက်မနှင့်အထက် ရှည်သောအမျိုးသားများ)

Dr. Mya Myo Myo Swe (www.drmyanmar.com)