/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူမကြီးမှန်ပြောင်းကြည့်ခြင်း

အူမကြီးမှန်ပြောင်းကြည့်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဝမ်းအကျင့်တွေ ပုံမမှန်တာ၊ ပြောင်းသွားတာရှိရင် (ဝမ်းအမြဲချုပ်၊ ဝမ်းအမြဲလျှော)၊ စအိုက သွေးထွက်ရင်၊ ဗိုက်အောင့်၊ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်တွေ ကျသွားရင် ဒါမှမဟုတ် အူနဲ့ပတ်သက်တဲ့ အခြားပြဿနာတွေ ကြုံရတဲ့အခါမှာ ဒီလက္ခဏာတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်ဖို့ လိုပါတယ်။ ပြီးတော့ ဒါက အူကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက်လည်း သုံးလေ့ရှိပါတယ်။

 

>>    ဘယ်သူတွေမှာ အူမကြီးမှန်ပြောင်းကြည့်သင့်သလဲ?

        ဒါက လူတိုင်း ပုံမှန်စစ်နေဖို့လိုတဲ့ စစ်ဆေးမှု မဟုတ်ပါဘူး။ အောက်ပါအချက်တွေရှိတဲ့ လူတွေမှာတော့ အူမကြီးမှန်ပြောင်းကြည့်ဖို့ ဆရာဝန်တွေက ညွှန်ပါလိမ့်မယ်။

●        ဝမ်းစစ်ကြည့်လို့ ဝမ်းထဲမှာ သွေးပါတဲ့အခါ

●        အူကင်ဆာဖြစ်နိုင်ချေ မြင့်မားတဲ့သူတွေ - ဥပမာ- မျိုးရိုးထဲမှာ အူကင်ဆာဖြစ်ဖူးတဲ့သူတွေဆိုရင် ဖြစ်နိုင်ချေ ပိုမြင့်မားတဲ့အတွက်ကြောင့် အူမကြီးမှန်ပြောင်းကြည့်ဖို့ ညွှန်ပါလိမ့်မယ်။

●        အူထဲမှာအဖု အကျိတ်ရှိနေရင် - အူမကြီးမှန်ပြောင်း တစ်ခါကြည့်လိုက်တဲ့အခါ အူထဲမှာ ပုံမမှန်တဲ့တစ်သျှူးတွေ တွေ့ထားရင် နောက်ပိုင်းမှာ ပုံမှန်ပြန်ကြည့်ပြီးတော့ စစ်ဆေးနေဖို့လိုပါတယ်။

 

>>    Virtual colonoscopy

          အကြောင်းအရင်း တစ်မျိုးမျိုးကြောင့် အူမကြီးမှန်ပြောင်း ကြည့်လို့မရတဲ့သူတွေမှာ ဆိုရင်တော့ အူမကြီးရဲ့ပုံရိပ်ကို 3D နဲ့ ပုံဖော်ပေးနိုင်တဲ့ စစ်ဆေးမှုတစ်ခုဖြစ်တဲ့ Virtual colonoscopy လုပ်လို့ရပါတယ်။ ဒါပေမဲ့လည်း တစ်ခုခု မသင်္ကကာစရာတွေ့ပြီးတော့ ဖယ်ထုတ်ပစ်ဖို့ လိုရင်တော့ အူမကြီးမှန်ပြောင်းကြည့်ဖို့ လိုကိုလိုပါတယ်။

 

>>    အူမကြီးမှန်ပြောင်း မကြည့်ခင်မှာ ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုသလဲ?

          အူမကြီးမှန်ပြောင်း ကြည့်တယ်ဆိုတာက ကင်မရာတပ်ထားတဲ့ ကွေးဆန့်လို့ရတဲ့ ပြွန်ရှည်ကြီးကို စအိုကတစ်ဆင့် ထည့်ပြီးတော့ အူတစ်လျှောက် ကြည့်တာပါ။ ဒီလိုကြည့်တဲ့အခါမှာ မြင်ကွင်းရှင်းနေပြီးတော့ သေချာမြင်ရဖို့ဆိုရင် အူကိုသေချာရှင်းထားဖို့ လိုပါတယ်။ ဒီတော့ မကြည့်ခင်မှာ သေချာပြင်ထားဖို့ လိုပါတယ်။

 

>>    အူမကြီးမှန်ပြောင်း မကြည့်ခင်မှာ ဒါတွေကို ကြိုတင်ပြင်ထားပါ။

●        မကြည့်ခင် တစ်ပတ်မှာ - အစာစားတဲ့အထဲမှာ အစေ့တွေ မပါ,ပါစေနဲ့။

●        မကြည့်ခင်တစ်ရက်မှာ - အဖတ်တွေ မစားပါနဲ့၊ ကြက်စွပ်ပြုတ်၊ ရေ စတဲ့အရည်တွေပဲ သောက်ပါ။

●        အူမကြီး မှန်ပြောင်းကြည့်တဲ့နေ့မှာ - မကြည့်ခင် အနည်းဆုံး ၂ နာရီလောက်မှာ ဘာမှမစား၊ မသောက်ပါနဲ့တော့။

          မှန်ပြောင်းမကြည့်ခင်မှာ အူရှင်းသွားစေဖို့အတွက် သောက်ရတဲ့ အထူးအရည်လည်း ရှိပါသေးတယ်။ ဒါကို -

●        မနက်စောစောမှာ မှန်ပြောင်းကြည့်မယ်ဆိုရင် - မကြည့်ခင် ညဘက်မှာ သောက်ထားပါ။

●        မနက်ပိုင်း အလယ်လောက်မှာ မှန်ပြောင်းကြည့်မယ်ဆိုရင် - အရည်တစ်ဝက်ကို ညဘက်မှာ ကြိုသောက်ထားပြီးတော့ နောက်တစ်ဝက်ကို မနက်စောစောမှာ သောက်ပါ။

●        နေ့လယ်ဘက်မှာ မှန်ပြောင်းကြည့်မယ်ဆိုရင် - မနက်ပိုင်းမှာ အရည်ကို သောက်ထားပါ။

          မှန်ပြောင်းမကြည့်ခင်မှာ ဆရာဝန်က မှန်ပြောင်းကြည့်မယ်လုပ်ငန်းစဉ်ကို ရှင်းပြပြီးတော့ မေးစရာရှိတာတွေကို မေးပါလိမ့်မယ်။ ပြီးတော့ လူနာဆီက သဘောတူညီချက်လက်မှတ် ယူပါလိမ့်မယ်။

 

>>    မှန်ပြောင်းကြည့်နေတုန်း ဘာတွေဖြစ်နိုင်သလဲ?

မှန်ပြောင်းကြည့်မယ့် ခုတင်ပေါ်မှာ အိပ်ခိုင်းပြီးတော့ စိတ်သက်သာရာ ရစေဖို့အတွက် စိတ်ငြိမ်ဆေး ပေးပါလိမ့်မယ်။ ပြီးရင် စအိုပေါက်ကို ချောမွေ့အောင် လုပ်ပြီးတော့ အူမကြီးမှန်ပြောင်းကို စအိုကနေတစ်ဆင့် ထိုးထည့်ပြီးတော့ အူတွေထဲကိုကြည့်ပါလိမ့်မယ်။ လိုအပ်ပါက အသားစ တစ်ခါတည်း ယူပြီးတော့ ဓာတ်ခွဲခန်းကိုပို့ စစ်ဆေးပါတယ်။ အူနံရံပုံအချို့ကို ဓာတ်ပုံရိုက်ယူထားပါတယ်။ မှန်ပြောင်းကြည့်တာက ပုံမှန်အားဖြင့် မိနစ် ၃၀ လောက် ကြာပါတယ်။

 

>>    မှန်ပြောင်းကြည့်ပြီးရင် ဘာတွေဖြစ်မလဲ?

●        စိတ်ငြိမ်ဆေး အာနိသင်တွေလည်း စပြီးပြယ်လာနေတုန်းမှာပဲ မှန်ပြောင်းကြည့်တဲ့အခန်းကနေပြီးတော့ နားနေခန်းကို ရွှေ့ထားပါလိမ့်မယ်။

●        ၂ နာရီလောက်ကြာရင် အိမ်ပြန်လို့ရပါပြီ။ ဒါပေမဲ့လည်း စိတ်ငြိမ်ဆေးပေးထားတဲ့အရှိန် ရှိနေလို့ မိသားစု၊ သူငယ်ချင်း စတဲ့ အဖော်တစ်ယောက်ယောက်နဲ့ ပြန်ဖို့လိုပါတယ်။

●        မှန်ပြောင်းကြည့်ပြီး နောက်တစ်နေ့မှာ ကားမောင်းတာ၊ စက်ကိရိယာတွေနဲ့ အလုပ်လုပ်တာတွေ လုပ်သင့်ပါတယ်။

●        မှန်ပြောင်းကြည့်ပြီး ပြန်နိုးလာတဲ့အချိန်မှာ အဖြေကို ဆရာဝန်က အကြမ်းဖျဉ်း ပြောပြပေးပါလိမ့်မယ်။ အသေးစိတ်သိဖို့တော့ နောက်နေ့တွေမှာ ထပ်ချိန်းပါလိမ့်မယ်။

 

>>    မှန်ပြောင်းကြည့်ထားသောအဖြေ ပုံမှန် ဟုတ်၊ မဟုတ်

          မှန်ပြောင်းကြည့်တဲ့အဖြေက ပုံမှန်ပဲ၊ ဘာမှမတွေ့တာဖြစ်နိုင်သလို အူထဲမှာ အလုံးအကြိတ် (သို့) ပုံမှန်မဟုတ်တဲ့ တစ်သျှူးတွေလည်း တွေ့နို်င်ပါတယ်။ တစ်ခုခု တွေ့တယ်ဆိုတိုင်း ကင်ဆာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တွေ့တဲ့အဖြေပေါ် မူတည်ပြီးတော့ ဆရာဝန် ချိန်းတဲ့အတိုင်းပြန်ပြဖို့ ပုံမှန်စစ်ဆေးမှုခံယူဖို့နဲ့ တခြားစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

 

>>    အူမကြီးမှန်ပြောင်းကြည့်ရင် ဘာဘေးထွက်ဆိုးကျိုးတွေ ရှိနို်င်သလဲ?

          အများအားဖြင့်တော့ ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန် မဖြစ်တတ်ပါဘူး။ မှန်ပြောင်းကြည့်ပြီးတော့ တစ်ရက်လောက် ဗိုက်နည်းနည်းအောင့်တာ၊ လေပိုလည်တာတွေ ရှိတတ်ပါတယ်။ ဝမ်းသွားတဲ့အခါမှာလည်း သွေးနည်းနည်းထွက်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အသားစ ယူထားရင် ပိုဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း မှန်ပြောင်းမကြည့်ခင်မှာ ကြိုတင်ပြင်ဆင်ရတာတွေ၊ စိတ်ငြိမ်ဆေးရဲ့ဒဏ်တွေကို မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

          ဖြစ်လေ့မရှိပေမယ့်လည်း ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အူလမ်းကြောင်းနံရံမှာ ပြဲသွားတာ၊ သွေးတွေ အရမ်းထွက်တာ၊ သွေးကြော (သို့) နှလုံးပြဿနာတွေ ဖြစ်နိုင်ပေမယ့်လည်း ဖြစ်ခဲပါတယ်။ ဒီပြဿနာတွေက အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်နိုင်ချေ များပြီးတော့ ဆေးရုံတက်ပြီးတော့ ကုသဖို့၊ သွေးသွင်းဖို့၊ အူပျက်စီးသွားတာကို ခွဲစိတ်ပြုပြင်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)