အံဆုံးပေါက်မှာ ကြောက်နေပါသလား
အံဆုံးဟာ တတိယမြောက်အံသွားဖြစ်ပြီး သွားတွေရဲ့အဆုံးမှာပေါက်ပြီး နောက်ဆုံးမှ ထွက်တဲ့သွားလည်း ဖြစ်ပါတယ်။ အသက် ၁၇ ကနေ ၂၅ နှစ်အတွင်းမှာ ပေါက်လေ့ပြီး ရှားရှားပါးပါး လူနည်းစုမှာတော့ ၄၀၊ ၅၀ လောက်မှ ပေါက်တာလည်း ရှိတတ်ပါတယ်။
>> အံဆုံးက ပေးတဲ့ဒုက္ခတွေက -
ပါးစပ်ထဲမှာ နေရာမလောက်တော့လို့ အံဆုံးမပေါက်လာတော့တာမျိုး ရှိတတ်ပါတယ်။ တခြားအကြောင်းအရင်းတွေက အရိုးထူလို့၊ အံဆုံးက ပြောင်းပြန်ဖြစ်လို့ စတာတွေလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် ပြဿနာမပေးတတ်ပေမယ့် တချို့တွေမှာ သွားဖုံးတွေ ရောင်တာ၊ သွားပိုးစားတာ တခြားသွားတွေကိုပါ ပိုးဝင်စေတာ ဖြစ်တတ်ပါတယ်။
အံဆုံးက ပုံမမှန်တာကြောင့် စားကြွင်းစားကျန်တွေ ကျန်နေခဲ့ပြီး ပိုးဝင်ရာကနေ သွားပိုးစားနိုင်ပါတယ်။ ကြိုးနဲ့ သန့်ရှင်းရေးလုပ်ဖို့ကလည်း ခက်ခဲပါတယ်။
တစ်ဝက်တစ်ပျက်ပဲထွက်တဲ့ အံဆုံးတွေဆိုရင်လည်း သွးဖုံးကို ပိုးမွှားတွေ ရောက်စေတာကြောင့် နာတာ၊ ရောင်တာ၊ ပိုးဝင်တာတွေ ဖြစ်စေပါတယ်။ မေးကြီးတောင့်နေတာ၊ ပါးစပ်ဖွင့်လို့မရတာတွေအထိ ဖြစ်စေပါတယ်။
အံဆုံးက ကန့်လန့်ဖြစ်ပြီး မထွက်တာမျိုးဆို နေရာအရမ်းယူတာမို့ ကျန်တဲ့သွားတွေအတွက် နေရာမကျန်တော့ဘဲ သွားထပ်တာမျိုး၊ မညီတာမျိုးတွေ ဖြစ်စေလို့ အလှအပကိုပါ ထိခိုက်စေပါတယ်။
ပြီးတော့ သွားအောက်မှာ ရေအိတ်တွေ ဖြစ်စေလို့ ထိစပ်နေတဲ့ သွားတွေရဲ့အမြစ်တွေကိုပါ ပျက်စီးစေပါတယ်။ ဒါ့အပြင် သွားရဲ့အောက်ခြေကအရိုးကိုပါ ထိခိုက်စေပါတယ်။
>> ဘယ်လိုအချိန်မှာ နှုတ်သင့်လဲ?
အံဆုံးစပြီး ဒုက္ခပေးတာနဲ့ သွားဆရာဝန်နဲ့ ပြသရပါမယ်။ နှုတ်သင့်တဲ့အချိန်တွေကတော့ -
● အံဆုံး ဘေးပတ်လည် နာလာရင်
● သွားဖုံးတွေ၊ အရိုးတွေမှာ ပိုးဝင်လာရင်
● အံဆုံးကြောင့် အရေအိတ်တွေ၊ အလုံးအကျိတ်တွေ ပေါ်လာရင်
● တစ်ဝက်တစ်ပျက် ထွက်နေတဲ့ အံဆုံး ဒါမှမဟုတ် သူ့ဘေးက သွားတွေမှာ သွားပိုးစားရင်
● အံဆုံးအပေါက်ဖြစ်တာ၊ သွားဖုံးတွေ ရောင်ပြီး ပိုးဝင်တာမျိုးတွေ
အံဆုံးဟာ နေရာအများကြီးယူလို့ တခြားသွားတွေ မလှတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ အံဆုံးနှုတ်ပြီးရင် ဆရာဝန်က သွားတွေကို ကြိုးဆွဲပြီး လှအောင် နေရာပြန်ချပေးပါတယ်။ သွားကို ဒီတိုင်းလှအောင် ကြိုးဆွဲတာမျိုးလုပ်ရင်လည်း အံဆုံးနှုတ်ဖို့ လိုအပ်ပါတယ်။
>> အခြေအနေဆိုးနေတဲ့ အံဆုံးတွေဆို ဘယ်လိုလုပ်မလဲ?
အဓိက,ကတော့ နှုတ်ပစ်၊ ဖယ်ပစ် လိုက်ဖို့ပါပဲ။ မနှုတ်ခင် မေးရိုးနဲ့သွားတွေကို ဓာတ်မှန်ရိုက်ပြီး အခြေအနေ ကြည့်ဖို့လိုပါတယ်။
သွားကိုက်တာ အရမ်းဆိုးနေရင်၊ မျက်နှာရောင်နေတာမျိုး၊ ဖျားတာ၊ ပါးစပ်ဖွင့်လို့၊ အစာဝါးလို့ မရတာမျိုးဆိုရင်တော့ ပါးစပ်ကို ဆေးရည်နဲ့ ဆေးတာ၊ သွားကို သွားပွတ်တံ အနုစားနဲ့ ခပ်ဖွဖွ တိုက်တာ၊ ပိုးသတ်ဆေးတိုက်တာမျိုး အရင်လုပ်သင့်ပါတယ်။ ရောင်တာကျသွားတော့မှပဲ အံဆုံးကို နှုတ်လို့ ရပါမယ်။
Dr. Htar (www.drmyanmar.com)




























