/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အံဆုံးအကြောင်း-သိကောင်းစရာ

အံဆုံးအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အံဆုံးဆိုတာဟာ ပါးစပ်ရဲ့ နောက်ဆုံးချောင်လေးမှာ ပထမအံသွားနဲ့ ဒုတိယအံသွားရဲ့ နောက်နားမှာ ရှိနေတဲ့သွားပဲ ဖြစ်ပါတယ်။

          လူတိုင်းမှာအံဆုံး မပေါက်တတ်ပေမယ့် အသက် 17 နှစ်နဲ့ 25 နှစ်ကြား ပေါက်လေ့ရှိပါတယ်။ အများစုမှာ အံဆုံးဖြစ်လာရက်နဲ့ အခြားသွား (သို့မဟုတ်) အရိုးနဲ့ ကြပ်နေတတ်ပြီး မပေါက်ဘဲ ရှိနေတတ်ပါတယ်။

 

>>    ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

          အခုခေတ်လူသားတွေရဲ့ ပါးစပ်ဟာ ရှေးခေတ် ဘိုးဘင်ဘောင်ဆက်ထက်စာရင် ပိုသေးသွားတဲ့အတွက် နေရာ ပိုကျဉ်းလာပါတယ်။ ဒါဟာ အမျှင်စားသုံးမှု နည်းပါးလာတာကြောင့် ကြာကြာဝါးစရာ မလိုတော့တဲ့အတွက် ဆင့်ကဲပြောင်းလဲလာတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

 

>>    ဘာလက္ခဏာမှမရှိခဲရင် မထွက်လာတဲ့အံဆုံးကို ထုတ်ပစ်ဖို့ လိုသလား?

          ဒါကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ ဖြစ်ပါတယ်။ ဘာပြဿနာမှမရှိဘဲ နှုတ်ပစ်သင့်သလား ဆိုတာဟာ ဆေးပညာအရ ငြင်းခုံဖွယ်ရာ ဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံမှာတော့ နောက်ပိုင်းမှာ သွေးတွေ စုပြုံလာတာ၊ ပိုးဝင်တာတွေကို ကာကွယ်ဖို့ နှုတ်ပစ်လိုက်လေ့ ရှိပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ဘာပြဿနာမှမရှိရင် နှုတ်စရာအကြောင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီအဆိုကို လေ့လာမှုတွေ အများအပြားက ထောက်ခံနေပါတယ်။

          သွားတွေ ပြုံကျပ်နေမှာဆိုးလို့ နှုတ်တယ်ဆိုတာဟာ တကယ်တော့ ဆေးပညာနဲ့ မကိုက်ညီသလို ပိုးဝင်မှာဆိုးလို့ နှုတ်တယ် ဆိုတာဟာလည်း တကယ်အကျိုး ရှိ/မရှိ မရေရာဘူးလို့ လေ့လာမှုတွေက ဆိုထားပါတယ်။

 

>>    ဘယ်အချိန်မှာ ဒီသွားတွေက ပြဿနာပေးလာနိုင်သလဲ?

          အောက်ပါပြဿနာတွေ ဖြစ်လာခဲ့ရင်တော့ ဖယ်ရှားပစ်ဖို့ လိုအပ်လာပါပြီ။

●        ကုမရတဲ့ သွားပိုးစားခြင်း

●        ပြည်တည်ခြင်း

●        သွားဖုံးနဲ့ ဆက်တွယ်တစ်သျှူးတွေမှာ ပိုးဝင်ခြင်း

●        သွားပိုးဝင်ခြင်း

●        သွားမှာ အရည်အိတ်တွေ၊ အလုံးတွေ ဖြစ်လာခြင်း

●        အခြားခွဲစိတ်မှုတွေ ပြုမရအောင် ကာဆီးနေခြင်း

 

>>    ပြဿနာတွေ ဖြစ်မလာအောင် ဘယ်လိုကာကွယ်မလဲ?

          သွားပိုးတွေနဲ့ သွားပေါက်တွေ ဖြစ်မလာအောင် အပြည့်မပေါက်လာတဲ့ အံဆုံးကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွားတွေ အားလုံးကို သေချာဂရုစိုက်ပြီး အပ်ချည်မျှင် ပွတ်တိုက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် အံဆုံးနဲ့ ရှေ့သွားကြားနေရာကို ပိုဂရုစိုက်ရပါမယ်။ သွားတိုက်တဲ့အခါလည်း သွားနောက်ပိုင်းတွေပါ ရောက်အောင် တိုက်ပေးရပါမယ်။

 

>>    အံဆုံးနှုတ်ခြင်း

          အံဆုံး နှုတ်တာကို သုံးရမယ့် မေ့ဆေးနဲ့ ခက်ခဲမှုပေါ် မူတည်ပြီး သွားဆရာဝန်နဲ့ သို့မဟုတ် သွားနဲ့ခံတွင်း ခွဲစိတ်အထူးကုနဲ့ ခွဲခန်းထဲ ထုတ်ဖို့လိုပါတယ်။ ရိုးရိုးဘာပြဿနာမှမရှိတဲ့ အံဆုံးကို သွားဆရာဝန်နဲ့ ဆေးခန်းမှာ ထုံဆေးလေးနဲ့ပဲ နှုတ်နိုင်ပေမယ့် ရှားရှားပါးပါး တစ်ခါတစ်ရံ ထုံဆေးနဲ့ အိပ်ဆေး ပေါင်းစပ်ပြီး ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒီခွဲစိတ်မှုမျိုးကိုလည်း သွားဆရာဝန် အတော်များများက ဆေးခန်းမှာတင် လုပ်နိုင်လာကြပါပြီ။

          အံသွား အနည်းငယ် ထုတ်ဖို့လိုအပ်မယ့် ရှုပ်ရှုပ်ထွေးထွေး ခွဲစိတ်နည်းကတော့ မေ့ဆေး လိုအပ်လာနို်င်ပါတယ်။ ဒီခွဲစိတ်မှုကိုတော့ ခွဲခန်းထဲမှာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြုတွေနဲ့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

 

>>    ဘာတွေဖြစ်လာနိုင်သလဲ?

          အခြားခွဲစိတ်မှုတွေလိုပဲ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း၊ နာကျင်ခြင်း စတဲ့ လက္ခဏာရပ်တွေ ရနိုင်ပါတယ်။ ဆွဲနှုတ်စဉ် အကြော ထိခိုက်တဲ့အတွက် လျှာတွေ၊ နှုတ်ခမ်းတွေ၊ မေးစေ့တွေ ယာယီထုံကျဉ်တာမျိုး ဖြစ်တတ်ပါတယ်။ မေ့ဆေးသုံးရသူတွေမှာလည်း သူ့ရဲ့ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ အံဆုံးးနှုတ်တာရဲ့ ဆိုးကျိုးတွေကတော့ -

●        အောက်ကအသား သို့မဟုတ် အရိုးပိုးဝင်ခြင်း

●        သွေးထွက်ခြင်း

●        အံကပ်ခြောက်ခြင်း : ဒီအခြေအနေမျိုးဟာ အလွန်နာကျင်ပြီး အောက်သွား နှုတ်တဲ့အခါ အများဆုံး ရတတ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတတ်ပြီး သွေးခဲဖြစ်ခြင်းမရှိဘဲ အနာမကျက်ဘဲ လာတတ်ပါတယ်။

●        အာရုံကြော လုံးဝထိခိုက်ခြင်း : အလွန်အဖြစ်နည်းပြီး လူအနည်းငယ်မျှမှာသာ အမြဲတမ်း လျှာ၊ နှုတ်ခမ်းနဲ့ မေးစေ့ ထုံကျဉ်တာမျိုး ဖြစ်တတ်ပါတယ်။

 

>>    အနာအကျက်မြန်အောင် ဘာလုပ်သင့်သလဲ?

          သွားနှုတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ -

●        ပထမ 24 နာရီအတွင်း ကောင်းကောင်း အနားယူပါ။ အားစိုက်ထုတ်ခြင်းက အနာပေါ် ဖိအားသက်ရောက်နိုင်ပြီး နာကျင်ခြင်းနဲ့ သွေးထွက်ခြင်းတွေကို ပိုဆိုးစေနိုင်ပါတယ်။

●        24 နာရီအတွင်း အဲဘက်သွားနဲ့ မဝါးပါနဲ့။ ပထမရက်ပိုင်းမှာ အစာပျော့ပျော့ပဲ စားပေးပါ။

●        ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က သွေးထွက်စေပြီး အနာကျက် နှေးစေပါတယ်။

●        အရက်ဖြတ်ပါ။ အရက်ကြောင့် ခွဲစိတ်ပြီး သွေးထွက်ခြင်းကို ရှည်ကြာလာစေနိုင်ပါတယ်။

●        စုပ်တာ၊ တံတွေး ထွေးတာမျိုးကို ရှောင်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သွေးခဲတွေ ပြုတ်ထွက်သွားနိုင်ပြီး သွေးထွက်စေကာ အံကပ်ခြောက်ခြင်းကို ဖြစ်စေပါတယ်။

●        ရောင်ရမ်းခြင်းကို သက်သာစေရန် ရေခဲကပ်ပါ။

●        Ibuprofen အကိုက်အခဲပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။

●        သွားဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း 24 နာရီနောက်ပိုင်းမှာ ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းပေးပါ။

●        ပုံမမှန် သွေးထွက်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာတွေ ရှိပါက ဆရာဝန်နဲ့ ပြသပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)