/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အကျိတ်ရောဂါ-ခံစားခဲ့ရသူ-မိခင်တစ်ဦးရဲ့-ကရုဏာသက်ဖွယ်

ဦးနှောက်အကျိတ်ရောဂါ ခံစားခဲ့ရသူ မိခင်တစ်ဦးရဲ့ ကရုဏာသက်ဖွယ် အတွေ့အကြုံ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ချစ်စရာ သိပ်ကောင်းတဲ့ သားငယ်လေးက သူမကို စိတ်ဓာတ် သိပ်မာတယ်လို့ အမြဲချီးကျူးခဲ့တယ်။

          လီဆာဆိုတဲ့ အမျိုးသမီးဟာ မကြာခဏ ခေါင်းကိုက်နေခဲ့ပါတယ်။ သူမဟာ စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ပီပီ ခေါင်းကိုက်တာလောက်တော့ သိပ်ဖြုံတဲ့သူတော့ မဟုတ်ပါဘူး။ ဒီတော့ ခပ်ပေပေပဲ ဒီတိုင်း နေခဲ့ပါတယ်။ ကိုက်လွန်းမကကိုက်ပြီး နေမကောင်းဖြစ်ရတဲ့ တစ်နေ့မှာတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဦးခေါင်း ဓာတ်မှန်ရိုက်ကူးခဲ့ပါတယ်။ အဖြေကတော့ သူမ ဦးနှောက်ထဲမှာတော့ အကျိိတ်တည်နေခဲ့ပါပြီတဲ့။

          ခွဲစိတ်ရမလွယ်တဲ့ အပိုင်းမှာ ရှိနေတာမို့ ဆရာဝန်က သူမကို ခွဲဖို့အားမပေးဘဲ ခဏစောင့်ကြည့်ပြီး ပုံမှန်ဓာတ်မှန်ရိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

          လီဆာမှာ ဦးနှောက်အကျိတ် တွေ့လာတာ သုံးနှစ် ရှိခဲ့ပါပြီ။ သူမဟာ နောက်ပိုင်း ဆရာဝန်ကို ထပ်မတွေ့ဖြစ်တော့ဘူး။ သူမ နေကောင်းနေပြီလေ။ ခေါင်း တစ်ခါတလေ ကိုက်တာကလွဲလို့ပေါ့။ မနက်ပိုင်းဆို အကိုက်သက်သာနေပြီး ညဆို ပိုကိုက်တယ်။ လီဆာ့အနေနဲ့ အကျိတ်အကြောင်းကို သွားမတွေးချင်ဘူး။ တွေးလိုက်တိုင်း ရင်ထဲမှာ လေးဆင်းသွားသလိုပဲ။

          ဒါပေမဲ့ သူမ မေ့ထားလို့တော့ မရပါဘူး။ သူမ စကားပြောရာမှာ စတင်ခက်ခဲလာတယ်။ မတ်မတ်ရပ်နေတုန်း လဲကျချင်လာတယ်။ ချာချာလည် မူးတယ်။ တစ်ခုခုကို အာရုံမစိုက်နိုင်ဘူး။ မြဲမြဲမဆုပ်ကိုင်နိုင်ဘူး။ မျှခြေပျက်လာပြီး မကြာခဏ နားထဲမှာ တအုံးအုံး မြည်နေတယ်။ သူမ ပြန်ပြဖို့ အချိန်တစ်ခု ရောက်ခဲ့ပြီ။

          ခွဲစိတ်မှုဟာ အောင်မြင်စွာပဲ ပြီးခဲ့ပါတယ်။ အကျိတ်ဟာ ဦးနှောက်အညှာနဲ့နီးလို့ အင်မတန် အန္တရာယ်ရှိ အနေအထား ဆိုပေမယ့် အပေါ်ယံ ပိုရောက်နေတဲ့အတွက် ခွဲရတာ သိပ်မခက်ခဲ့ပါဘူး။

          တကယ့်ပြဿနာက ခွဲပြီးမှ စတာပါ။ သူမရဲ့ ဦးနှောက်နဲ့ ဝမ်းဗိုက်ကို ပြွန်ငယ်တစ်ချောင်းနဲ့ ချိတ်ဆက်ပြီး ဦးနှောက်တွင်းအရည်တွေကို လမ်းလွှဲပစ်ခဲ့ရပါတယ်။ ခေါင်းတွင်းဖိအား လျော့နည်းစေဖို့ ဖြစ်ပါတယ်။ လီဆာဟာ ဒီပိုက်လေးနဲ့ တစ်သက်လုံး အသက်ရှင်သွားရတော့မှာပါ။ သူမဟာ စာတွေ ရေးပြီး အခန်းထဲမှာ ဝှက်ထားမိတယ်။ သူမ ခံစားရတာတွေ ခင်ပွန်းနဲ့ သားတွေကို ဘယ်လောက် ချစ်တယ်ဆိုတာတွေကို စီကာပတ်ကုံး ရေးခဲ့ပါတယ်။ သူမကိုယ်သူမ အချိန်မရွေး သေနိုင်တယ်ဆိုတာ လက်ခံထားပြီးပါပြီ။

          သားငယ်လေးက သူမကို စိတ်ဓာတ်သိပ်မာတယ်လို့ အမြဲချီးကျူးခဲ့တယ်။

          " သားငယ်ရေ ... ဒီပိုက်ကြီးနဲ့ အမေနေရတာ သိပ်မောပါတယ်ကွယ် ... နေရခက်တယ် ... ဒါပေမဲ့ ဒီဦးနှောက်ပိုက်ဟာ အမေ့ကို အသက်ဆက်ပေးနေတဲ့ ကုသမှုတစ်ခုမို့ မဖြစ်မနေ လက်ခံထားရတာပါ ... အမေ အဆင်မပြေပါဘူး "

          သူမဟာ စိတ်ထဲကနေ သားတွေကို အခါပေါင်းများစွာ ပြောခဲ့ပါပြီ။ ရေးသမျှစာတွေကိုလည်း သူတို့ကို မပေးဖြစ်ဘူး။ အသက်ရှင်ရတာ ပင်ပန်းပေမယ့် သူမကို သေတပန် သက်တဆုံး ချစ်သွားမယ့် ခင်ပွန်းသည်နဲ့ သားတွေမျက်နှာ မြင်နေရရင်ကို သူမဘဝဟာ နေပျော်ပါပြီ။ လီဆာတစ်ယောက် နေသားကျအောင်တော့ ကြိုးစားနေဆဲပါ။ ဖယ်ထုတ်လိုက်တဲ့ ဦးနှောက်အကျိတ် ထပ်မဖြစ်လာဖို့ နေ့စဉ်ဆုတောင်းရင်းနဲ့ပေါ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)