ဦးနှောက်အကြောင်း သိကောင်းစရာအချက်အလက်များ
1. ဦးနှောက်သည် အလေးချိန်မည်မျှရှိသနည်း။
လူဦးနှောက်သည် အကြမ်းဖျဉ်း 3 ပေါင် (သို့) 1.5 ကီလိုဂရမ်လေးပါတယ်။
2. အရွယ်ရောက်ပြီးသူတစ်ဦး၏ ဦးနှောက်အရွယ်အစားသည် မည်မျှရှိသနည်း။
လူဦးနှောက်သည် သခွားမွှေးတစ်လုံးအရွယ်အစားခန့်ရှိပါတယ်။
ခန့်မှန်းချေဦးနှောက် အကျယ် - 140 မီလီမီတာ
ခန့်မှန်းချေဦးနှောက် အရှည် - 167 မီလီမီတာ
ခန့်မှန်းချေဦးနှောက် အမြင့် - 93 မီလီမီတာ
3. ဦးနှောက်သည် ပုံမှန်အလုပ်လုပ်နိုင်စေရန် အောက်စီဂျင်မည်မျှလိုပါသနည်း။
အရွယ်ရောက်ပြီးသူတစ်ဦး၏ ဦးနှောက်သည် ခန္ဓာကိုယ်အောက်စီဂျင်၏ 20% ခန့်လိုအပ်ပါတယ်။
4. ဦးနှောက်သို့ သွေးစီးဆင်းမှုမည်မျှလိုအပ်ပါသနည်း။
ခန့်မှန်းချေအားဖြင့် နှလုံးမှညှစ်ထုတ်လိုက်သော သွေး 20% ခန့်သည် ဦးနှောက်သို့ရောက်လေ့ ရှိပါတယ်။ ဦးနှောက်ဆဲလ်တွေရဲ့ လိုအပ်ချက်ကြီးမားမှုကြောင့် ဦးနှောက်သည်ပုံမှန်သွေးစီးဆင်းမှုကို အမြဲ လိုအပ်လျက်ရှိပါတယ်။
5. ဦးနှောက်ရဲ့အကြီးဆုံးအစိတ်အပိုင်းမှာ အဘယ်နည်း။
အကြီးဆုံးအစိတ်အပိုင်းမှာ Cerebrum ဟုခေါ်သော ဦးနှောက်အရှေ့ပိုင်းဖြစ်ပြီး ဦးနှောက်အလေးချိန်ရဲ့ 85% ခန့်ရှိပါတယ်။ ထိုအစိတ်အပိုင်းသည် အတွေးအခေါ်ဆိုင်ရာနဲ့သက်ဆိုင်ပြီး Voluntary muscles လို့ခေါ်တဲ့ ထိန်းချုပ်နိုင်တဲ့ကြွက်သားတွေရဲ့ ဗဟိုဌာနလည်းဖြစ်ပါတယ်။
6. အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဦးနှောက်အရွယ်အစားကြီးမားပါသလား။
အမျိုးသားတွေရဲ့ဦးနှောက်ဟာအမျိုးသမီးများထက် 10% ခန့်ပို၍ကြီးမားကြပါတယ်။ အသက် 22 မှ 49 နှစ်အရွယ်ရှိ အရွယ်ရောက်ပြီးသူ 46 ဦးတို့ရဲ့ ပျမ်းမျှဦးနှောက်ထုထည်ကိုတိုင်းတာကြည့်ကြရာ အမျိုးသားများတွင် 1273.6 cc နဲ့ အမျိုးသမီးများတွင် 1131.1 cc အသီးသီးရှိကြကြောင်းတွေ့ရှိရပါတယ်။ သို့သော်ဦးနှောက်အလေးချိန်နဲ့ အရွယ်အစားတို့ ကွာခြားခြင်းဟာ ဉာဏ်ရည်မတူညီဘူးလို့မဆိုပါဘူး။ ဆယ်စုနှစ်တစ်ခုလျှင် ဦးနှောက်အရွယ်အစား 0.5% ခန့် တဖြည်းဖြည်းကြီးလာလေ့ရှိကြောင်း လွန်ခဲ့တဲ့ရာစုနှစ်များအတွင်း သုတေသနပြုလုပ်ချက်များအရသိရပါတယ်။
7. အရက်တစ်ကြိမ်သောက်တိုင်း ဦးနှောက်ဆဲလ်တွေကို တစ်ခါထိခိုက်စေနိုင်ပါသလား။
အရက်ဟာ ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးတယ်ဆို်တဲ့အတွေးအခေါ်ဟာ လူတွေကို ကာလအတန်ကြာလွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမယ့် လက်တေ့ွမှာအရက်ဟာ ဦးနှောက်ဆဲလ်တွေကို မဖျက်ဆီးပါဘူး။ Buffalo တက္ကသိုလ်ခန္ဓာဗေဒနဲ့ ဆဲလ်ဇီဝဖြစ်စဉ်ဆိုင်ရာဌာနရဲ့ ပရော်ဖက်ဆာ Roberta Pentney ရဲ့အဆိုအရ အရက်သောက်ခြင်းဟာ ဦးနှောက်ဆဲလ်တွေကို မသေစေနိုင်ပေမယ့်လည်း ဦးနှောက်သို့သတင်းအချက်အလက်တွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အာရုံကြောဆဲလ်တွေရဲ့ အကိုင်းအခတ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ကံကောင်းတာက အဲလိုပျက်စီးခြင်းဟာ ရေရှည် မဟုတ်ဘဲပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အရက်စွဲနေပါကမူ ဆိုးရွားတဲ့အာရုံကြောပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။
8. ဦးနှောက်ရဲ့မည်သည့်အစိတ်အပိုင်းမှာ ဦးနှောက်အကျိတ်ဖြစ်နိုင်ပါသနည်း။
ဦးနှောက်အကျိတ်တွေကို ဖြစ်ပွားတဲ့နေရာ၊ ပါဝင်တဲ့တစ်သျှူးအမျိုးအစား၊ ကင်ဆာဖြစ်နိုင်ချေရှိ/မရှိနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီးတော့ အမျိုးအစားခွဲပါတယ်။ ပင်မဦးနှောက်အကျိတ်တွေဟာ ကလေးတွေမှာ ဦးနှောက်အောက်ခြေနဲ့ လူကြီးတွေမှာ ဦးနှောက်ရှေ့ခြမ်းမှာဖြစ်လေ့ရှိကြသော်လည်း ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။
9. ခန္ဓာကိုယ်အပူချိန်ကို ဦးနှောက်က မည်သို့ထိန်းချုပ်ပါသနည်း။
ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Hypothalamus က အပူထိန်းချုပ်ကိရိယာကဲ့သို့ပြုမူပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ Hypothalamus ဟာ ခန္ဓာကိုယ်ရဲ့ပုံမှန်အပူချိန် (98.6 ဒီဂရီဖာရင်ဟိုက်) ကို သိတာကြောင့် ထို့ထက်ပူလာပါက ချေွးထွက်အောင်ပြုလုပ်ပြီး အေးလာပါက ချမ်းတုန်စေပါတယ်။ ထိုကဲ့သို့ချမ်းတုန်ခြင်းနဲ့ ချေွးထွက်ခြင်းတွေဟာ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အနေအထားရောက်အောင် ကူညီပေးပါတယ်။
10. လူသားတွေဟာ မွေးကတည်းက ဦးနှောက်ဆဲလ်တွေအကုန်ပါလာပါသလား။
မွေးကင်းစကလေးတွေမှာ ဦးနှောက်ဆဲလ် သန်း 100,000 ခန့်ပါပေမယ့် အနည်းငယ်သော အာရုံခံဖုတွေသာ အချင်းချင်းဆက်သွယ်မှုရှိကြပါတယ်။ အသက် 3 နှစ်အရွယ်ခန့်မှာတော့ သန်း 1,000,000,000,000,000 ဆက်သွယ်မှုတွေဖြစ်ပေါ်လာပါတယ်။ ဒါဟာ အရွယ်ရောက်ပြီး သူတွေထက် နှစ်ဆခန့်များပြားပါတယ်။ အသက် 11 နှစ်အရွယ်မှာတော့ ဦးနှောက်ဟာ ပုံမှန်မဟုတ်တဲ့ ဆက်သွယ်မှုတွေကို စတင်လုပ်ဆောင်ပါတော့တယ်။ ကနဦးနှစ်တွေမှာ ထပ်တလဲလဲအသုံးပြုခဲ့တဲ့ ဆက်သွယ်မှုတွေဟာအမြဲတမ်းဖြစ်လာပြီး မသုံးခဲ့တဲ့ဆက်သွယ်မှုတွေကတော့ ပျောက်ကွယ်သွားပါတယ်။
Dr. Thinzar Wynn




























