/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အမြှေးရောင်ခြင်းကို-ကြိုတင်သတိပေးနေသော-လက္ခဏာများ

ဦးနှောက်အမြှေးရောင်ခြင်းကို ကြိုတင်သတိပေးနေသော လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဦးနှောက်အမြှေးရောင်ခြင်းဟာ မြန်မြန်ဆန်ဆန်ဖြစ်လာပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ရောဂါလက္ခဏာတွေက တုပ်ကွေးရဲ့လက္ခဏာတွေနဲ့ ဆင်တူပြီး ရှုပ်ထွေးနေတတ်ပါတယ်။ စောင့်ကြည့်ရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

          ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင် ဆေးခန်း ချက်ချင်းသွားပြပါ။ တုပ်ကွေးကြောင့်လည်း ဒီလက္ခဏာတွေ ဖြစ်တတ်ပေမယ့် ဒါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါရဲ့လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

          ဦးနှောက်အမြှေးရောင်ရောဂါက အသက်အန္တရာယ် ရှိနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဦးနှောက်အမြှေးပါးတွေကို ရောဂါပိုး ဝင်တဲ့အခါမှာ ခေတ္တ (သို့) အမြဲထိခိုက်ခြင်း ဖြစ်သွားနိုင်ပါတယ်။

 

>>    ဦးနှောက်အမြှေးရောင်ခြင်း၏ ရောဂါလက္ခဏာများ

          အဖြစ်များဆုံး ဦးနှောက်အမြှေးရောင်ခြင်း 2 မျိုးကတော့ ဗိုင်းရပ်စ်ပိုးကြောင့်နဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းတို့ ဖြစ်ကြပါတယ်။ အခြားဦးနှောက်အမြှေးရောင်ခြင်း အမျိုးအစားတွေကတော့ ကပ်ပါးပိုးကြောင့်၊ မှိုကြောင့်နဲ့ အခြားကူးစက်ရောဂါ မဟုတ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းတို့ ဖြစ်ပါတယ်။

          ဦးနှောက်အမြှေးရောင် အမျိုးအစားအမျိုးမျိုးရဲ့ လက္ခဏာတွေက ဆင်တူကြပါတယ်။

●        ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်းနှင့် လည်ပင်းတောင့်ခြင်း

●        ပျို့ခြင်း၊ အန်ခြင်း

●        အလင်းရောင်ကို မခံနိုင်ခြင်း

●        ဆတ်ဆတ်ထိ မခံဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ပြောင်းလဲခြင်း

●        တက်ခြင်း

          ဦးနှောက်အမြှေးရောင်ခြင်းက လျင်မြန်စွာ ရောဂါဆိုးလာနိုင်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ကာ သေဆုံးခြင်းကိုတောင် ဖြစ်စေနိုင်တဲ့အတွက် ဒီရောဂါရဲ့ အန္တရာယ်လက္ခဏာတွေကို သိထားပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

          တစ်ခါတလေမှာ ဦးနှောက်အမြှေးရောင်ရဲ့လက္ခဏာတွေက တုပ်ကွေးရောဂါလက္ခဏာထက် မပိုတဲ့အတွက် ရောဂါသတ်မှတ်ရ ခက်ခဲပြီး ကုသမှုကို နှောင့်နှေးစေပါတယ်။ နှစ်ခုစလုံးမှာ ခေါင်းကိုက်နိုင်ပေမယ့်လည်း လည်ပင်းတောင့်တာကတော့ ဦးနှောက်အမြှေးရောင်ရောဂါမှာပဲ တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် ချောင်းဆိုးခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကလည်း တုပ်ကွေးမှာပဲ အဖြစ်များပါတယ်။

 

>>    ဗိုင်းရပ်စ်ပိုး VS ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ

          ကုသမှုက ရောဂါဖြစ်ရတဲ့ အကြောင်းအပေါ်မှာ မူတည်တဲ့အတွက် ဘယ်အမျိုးအစား ဖြစ်တာလဲဆိုတာကို အရင် ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

          ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းက ကုသမှု ချက်ချင်းမခံယူပါက သေစေနိုင်ခြင်း (သို့) ဦးနှောက် အမြဲပျက်စီးမှုတွေ ဖြစ်စေနိုင်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ လေ့လာသင်ယူမှုဆိုင်ရာစွမ်းရည်များ ပုံမမှန်ခြင်းနဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနို်င်တဲ့ ပြင်းထန်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါက Streptococcus pneumonia, Neisseria meningitis စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်ပြီး အခြားသူတွေကို အချိန်မရွေး ကူးစက်နိုင်ပါတယ်။ အစက်အပျောက်တွေ ထွက်ခြင်းက Neisseria ဦးနှောက်အမြှေးရောင်ခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်။

          ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်းက ဘက်တီးရီးယားပိုးထက် ပိုပြီးအဖြစ်များပြီး ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာလောက် မပြင်းထန်ပါဘူး။ သူ့အလိုလို ပြန်ပျောက်သွားတတ်ပြီး အမြဲထိခိုက်ပျက်စီးခြင်း မဖြစ်စေနိုင်ပါဘူး။ ဒါက အဖြစ်များဆုံး ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့ enterovirus လူထုထဲမှာ ပျံ့နှံ့တဲ့အချိန်ဖြစ်တဲ့ နွေဦးနဲ့ နွေရာသီတွေမှာ အဖြစ်များပါတယ်။

          ဦးနှောက်အမြှေးရောင်ရောဂါလို့ ရှာဖွေဖော်ထုတ်ဖို့က အမြဲမလွယ်ကူပါဘူး။ ရောဂါလက္ခဏာတွေက ဆင်တူနေတဲ့အတွက် တစ်ခါတလေမှာ ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လားဆိုတာကို ခွဲခြားရခက်ပါတယ်။ ခါးက ရိုးတွင်းခြင်ဆီကိုဖောက်ပြီး ဘယ်လောက်ထိ ရောင်ရမ်းမှုတွေ ဖြစ်နေပြီလဲ၊ ဗိုင်းရပ်စ် (သို့) ဘက်တီးရီးယားပိုးတွေ ရှိလားဆိုတာကို စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

          ဦးနှောက်အမြှေးရောင်ခြင်းက အရေးပေါ်ကုသမှု ခံယူရမယ့်ရောဂါ ဖြစ်တဲ့အတွက် သံသယရှိပါက ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပြပါ။ စောစော ကုသမှုခံယူပါက ရောဂါကနေ ပြန်ကောင်းနိုင်ခြေ များပါတယ်။

          ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း အထူးသဖြင့် pneumococcal နဲ့ meningococcal ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်းတွေအတွက် ကာကွယ်ဆေးတွေ ရှိပါတယ်။ ကလေး အသက် 11-12 အရွယ်မှာ ကာကွယ်ဆေးထိုးပေးပြီး အသက် 16 နှစ်အရွယ်မှာ အားဖြည့်ဆေး ထပ်ထိုးဖို့ လိုပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ ရေကျောက် စတာတွေအတွက် ကာကွယ်ဆေး ထိုးထားခြင်းကလည်း ဗိုင်းရပ်စ်ဦးနှောက်အမြှေးရောင်ခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအချို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးသင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)