၀မ်း မသွားတာ ကြာနေပြီလား? အူပိတ်နေသလား?
စားလိုက်သမျှ အစားအစာတွေဟာ ၂၅ ပေမျှသော အူလမ်းကြောင်းကြီးကို ဖြတ်ရပါတယ်။ ဒါပေမဲ့ အူပိတ်တဲ့အခါ ဒီလှုပ်ရှားမှုတွေ အကုန်ရပ်တန့်သွားရပြီး အစာတွေ၊ အရည်တွေ၊ အစာအိမ်အက်ဆစ်တွေ၊ ဂတ်စ်တွေ ပိတ်မိနေပါတော့တယ်။ တဖြည်းဖြညး်နဲ့ ဖိအားများလာပြီး ပေါက်ထွက်ခဲ့ရင် အူထဲ ပိတ်မိနေမျှတွေ အကုန် ဗိုက်ခေါင်းထဲ ထွက်ကျလာပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာပါတယ်။
ဒီလိုအူပိတ်စေရတဲ့ အကြောင်းရင်း အများကြီးရှိပြီး အချို့အကြောင်းရင်းတွေက ကာကွယ်မရနိုင်တာမျိုးလည်း ရှိတာကြောင့် အူပိတ်တာကို စောစောသိ စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။
>> ရောဂါလက္ခဏာများ
● ရင်ပြည့်ရင်ကယ်နေခြင်း
● ဗိုက်နာခြင်း
● အစားအသောက်ပျက်ခြင်း
● ပျို့ခြင်း
● အန်ခြင်း
● ဝမ်း မသွား၊ လေ မလည်ခြင်း
● ဝမ်းချုပ်ခြင်း
● ဝမ်းသွားခြင်း
● ဗိုက်ရစ်နာခြင်း
● ဗိုက်ကြီး ဖောင်းလာခြင်း
ဒီလက္ခဏာတွေဟာ ပိတ်တဲ့နေရာနဲ့ ပိတ်တဲ့အချိန်တွေပေါ် မူတည်ပါတယ်။ အူသိမ်မှာ ပိတ်တဲ့အခါ အစောဆုံးလက္ခဏာဟာ အန်ခြင်းဖြစ်ပြီး အူမကြီးမှာ ပိတ်ခဲ့ရင် တဖြည်းဖြည်းချင်း နောက်ပိုင်းမှ အန်လာနိုင်ပါတယ်။ တစ်ဝက်တစ်ပျက်သာပိတ်ရင် ဝမ်းလျှောနိုင်ပေမယ့် လုံးဝဥဿုဉ် ပိတ်ခဲ့ရင် ဝမ်း မသွား၊ လေ မလည်ဘဲ လာနိုင်ပါတယ်။
အူပေါက် ထွက်သွားခဲ့ရင်တော့ ဝမ်းခေါင်း ရောင်ရမ်း ပိုးဝင်ကာ ဖျားခြင်း၊ ဗိုက်အောင့်အောင့်လာခြင်း စတာတွေနဲ့ လာနိုင်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်ရပြီး ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။
တစ်ဝက်တစ်ပျက် ပိတ်တဲ့အခါ ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းနိုင်ပေမယ့် အပြည့်ပိတ်သွားရင်တော့ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။
>> အူပိတ်ရတဲ့ အကြောင်းရင်းများ
♦ အူလမ်းကြောင်းမှာ တစ်ဆို့ပိတ်ခြင်း
● ဝမ်းဗိုက် ခွဲစိတ်ပြီး သို့မဟုတ် ပြင်းထန်ရောင်ရမ်းပြီး အမျှင်တစ်သျှူးတွေနဲ့ ပိတ်ခြင်း
● အူလိမ်ခြင်း
● အူစွပ်ခြင်း
● အူပုံမမှန်ခြင်း
● အူအကျိတ်
● သည်းခြေ ကျောက်ပိတ်ခြင်း
● ပစ္စည်းတစ်ခုခု မျိုမိခြင်း (အထူးသဖြင့် ကလေးများ)
● အူကျွံခြင်း
● အူရောင်ရမ်းရောဂါ
အခြား အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့ -
● ဝမ်းတစ်ဆို့ ပိတ်ခြင်း
● သားဥအိမ်ကင်ဆာ
● အူမကြီးကင်ဆာ
● မွေးကင်းစမှာ Meconium လို့ခေါ်တဲ့ ကလေးရဲ့ပထမဦးဆုံး သွားတဲ့ဝမ်း တစ်ဆို့ခြင်း
● အူလိမ်ခြင်း၊ အူစွပ်ခြင်း
● အူသိမ်မြွား ရောင်ရမ်းခြင်း
● အမာရွတ်ဖြစ်ပြီး ရောင်ရမ်းပြီး အူကျဉ်းခြင်း
♦ အူ မလှုပ်ခြင်း
အူသိမ်နဲ့ အူမကြီးတို့ဟာ စည်းချက်ကျကျ လှုပ်ရှားရပါတယ်။ ဒီလိုစည်းချက် မညီတော့ဘဲ အူငြိမ်သွားတဲ့အခါ အူပိတ်တတ်ပါတယ်။
** အူမလှုပ်စေတတ်တဲ့ အကြောင်းရင်းများ -
● ဝမ်းဗိုက်နဲ့ တင်ပါးဆုံအောက်ပိုင်း ခွဲစိတ်ခြင်း
● ပိုးဝင်ခြင်း (အထက်လှန်အောက်လျှော၊ အူအတက် ရောင်ခြင်း)
● ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေးများ
● ကိုယ်တွင်းဓာတ်ရည်များ ပုံမမှန်ခြင်း
** ကြာရှည်မလှုပ်စေနိုင်တဲ့ အကြောင်းရင်းများ -
● ပါကင်ဆန်ရောဂါ၊ ဦးနှောက် အာရုံကြောအလွှာ ကွာခြင်း၊ အခြားအာရုံကြောနဲ့ ကြွက်သားရောဂါများ
● Hirschsprung’s disease လို့ခေါ်တဲ့ အူမကြီး အာရုံကြောပျက်နေခြင်း
● ဆီးချိုလိုမိျုး အာရုံကြော ပျက်စီးစေတဲ့ ရောဂါများ
● သိုင်းရွိုက်ဓာတ် အားနည်းခြင်း
♦ မွေးကင်းစများမှာ အူပိတ်ခြင်း
မွေးကင်းစလေးတွေမှာ ပိုးဝင်ခြင်း၊ အင်္ဂါအစိတ်အပိုင်း ရောဂါများ၊ အူလိမ်ခြင်း စတာတွေကြောင့် အူပိတ်တတ်ပြီး အချို့ကလေးတွေမှာ အူဗိုင်းရပ်စ်ပိုးကြောင့် အူရောင်ပြီး ပိတ်တတ်ပါတယ်။
အသက် ၂ နှစ်အောက် ကလေးတွေမှာ အူစွပ်ခြင်း ဖြစ်လေ့ရှိပါတယ်။ ဒီလို အူစွပ်ပြီးနောက် အူပိတ်သွားတတ်ပါတယ်။
ကလေးတွေမှာ အူပိတ်တဲ့အခါ မပြောတတ်၊ မဖော်ပြတတ်တဲ့အတွက် ရောဂါ ရှာရတာ ခက်ခဲတတ်ပါတယ်။
ဒါကြောင့် -
● ဗိုက်ဖောင်းလာခြင်း
● ဒူးကွေးထားခြင်း
● အလွန်အမင်း မှိန်းနေခြင်း
● ဖျားခြင်း
● နာကျင်ညည်းညူနေခြင်း
● နီနီခဲခဲယိုလိုဝမ်းမျိုး သွားခြင်း
● အကျယ်ကြီး ငိုနေခြင်း
● စိမ်းဝါဝါအရောင်တွေ အန်ခြင်း
● ခွေခေါက်နေခြင်း စတဲ့ အူပိတ်ခြင်းလက္ခဏာတွေ ရှိ၊ မရှိ မိဘတွေက စောင့်ကြည့်ရပါမယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်သလဲ?
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း စတဲ့ အူပိတ်ခြင်းလက္ခဏာတွေ ရှိခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။
>> အူပိတ်မှန်း ဘယ်လိုသိနိုင်မလဲ?
ဆရာဝန်က ဗိုက်ကို နှိပ်နယ်စမ်းသပ်ကြည့်ပြီး ဗိုက်ကို နားထောင်ပါလိမ့်မယ်။ အလုံးအကျိတ် စမ်းမိတာ၊ အသံ တစ်စုံတစ်ရာ ကြားရတာမျိုး ရှိ၊ မရှိ သိနိုင်ပါတယ်။
ဒါ့အပြင် -
● သွေးဆဲလ်များ၊ အသည်းလုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်းများနဲ့ သွေးတွင်းဓာတ်ရည်များကို သိရှိနိုင်ဖို့ သွေးဖောက်စစ်ခြင်း
● ဓာတ်မှန်
● CT ဓာတ်မှန်
● အူမှန်ပြောင်း
● စအိုဆေးထည့် ဓာတ်မှန်
စသည်ဖြင့် လိုအပ်တဲ့ စစ်ဆေးမှုတွေကနေတစ်ဆင့် အဖြေရှာတွေ့နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























