/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/mri-လို့ခေါ်တဲ့-သံလိုက်ဓာတ်မှန်-ရိုက်တော့မယ်ဆိုရင်

MRI လို့ခေါ်တဲ့ သံလိုက်ဓာတ်မှန် ရိုက်တော့မယ်ဆိုရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          MRI လို့ခေါ်တဲ့ သံလိုက်ဓာတ်မှန် ရိုက်ရတော့မယ်ဆိုရင် ဘာကြီးမှန်းမသိတဲ့အတွက် အနည်းငယ် တုန်လှုပ်မိကြမယ် ထင်ပါတယ်နော်။ ဆရာဝန်တွေ ကြိုမှာဖို့မေ့လေ့ရှိတဲ့ MRI သံလိုက်ဓာတ်မှန်အကြောင်းကို ပြောပြပေးသွားပါမယ်။

          သံလိုက်ဓာတ်မှန်ဟာ တခြားဓာတ်မှန်တွေလို ဓာတ်ရောင်ခြည် မထိစေပေမယ့် သူ့ဆိုးကျိုးလေးတွေနဲ့သူတော့ ရှိတာပါပဲ။

          သံလိုက်ဓာတ်မှန် ရိုက်တော့မယ်ဆိုရင် လက်ဝတ်လက်စားတွေ၊ ခါးပတ်တွေ၊ ဇစ်ပါတဲ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ဖို့ လိုပါတယ်။

          နောက်ထပ် သိထားသင့်တဲ့အချက်ကလေးတွေကတော့ -

၁။     သံလိုက်ဓာတ်မှန်ဟာ အင်မတန် အသံဆူပါတယ်။

          သံလိုက်ဓာတ်မှန်ရိုက်တဲ့အခါ တူနဲ့ထုနေသလိုမျိုး ၈၂ ကနေ ၁၁၈ ဒယ်ဆီဘယ်လောက်ရှိတဲ့ အသံဆူဆူကြီးတွေကို ကြားရမှာပါ။ ဒါကြောင့် လာရိုက်တဲ့အခါ နားထဲထည့်ထားဖို့ ဖော့ဖြစ်ဖြစ်၊ ဆီလီကွန်ဖြစ်ဖြစ် ယူလာခဲ့ပါ။ အသံဆူဆူတွေကို ကြောက်လန့်တတ်တဲ့ ကလေးတွေနဲ့ လူကြီး တချို့တလေမှာတော့ စမ်းသပ်နေစဉ် ငြိမ်နေအောင် အိပ်ဆေးတွေ ပေးထားဖို့ လိုတတ်ပါတယ်။

 

၂။     အချိန်ကြာတတ်ပါတယ်။

          တချို့တွေမှာ ၁၅ မိနစ်ရိုက်ရမယ့်ကိစ္စက အချိန်တွေ အများကြီးကြာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့့် လာမရိုက်ခင် တစ်ခုခု စားသွားပါ။ အိမ်သာ အပေါ့အပါး သွားထားပါ။

 

၃။     စိတ်ပူပန်လာတတ်ပါတယ်။

          ကြောက်လာတာတို့၊ နဂိုစိတ်ပူပန်တတ်တဲ့သူတွေမှာဆို ပိတ်လှောင်နေရတာ ကြောက်လာတာတို့ ဖြစ်တတ်ပါတယ်။ မျက်လုံးလေး မှိတ်ပြီးနေတာ အကောင်းဆုံးပါ။ ရယ်စရာကိစ္စလေးတွေ၊ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့လူတွေ၊ တိရစၧာန်လေးတွေအကြောင်း စဉ်းစားနေပါ။ တချို့တွေမှာတော့ မရိုက်ခင် စိတ်ပူပန် လျော့ကျစေတဲ့ဆေးတွေ သောက်ပေးတာက တော်တော်အဆင်ပြေပါတယ်။

 

၄။     လက်ဝတ်လက်စားတွေ ချွတ်ခဲ့ပါ။

          သတ္တုပစ္စည်းတွေဟာ အင်အားပြင်းတဲ့ သံလိုက်စက်ကွင်း ဆွဲငင်မှုကိုခံရနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ချက်နားကွင်းတို့၊ ခြေစွပ်တို့ကအစ ရှိသမျှ လက်ဝတ်လက်စားတွေကို ချွတ်ခဲ့ပါ။

 

၅။     မိတ်ကပ်မလိမ်းလာပါနဲ့။

          တချို့မိတ်ကပ်တွေမှာ သံလိုက်ဓာတ်မှန်ရဲ့သံလိုက်နဲ့ ဓာတ်ပြုနိုင်တဲ့သတ္တုတွေ ပါနိုင်တဲ့အတွက် မိတ်ကပ်တို့၊ လက်သည်းခြေသည်းတွေ မလိမ်း၊ မဆိုးလာတာ အကောင်းဆုံးပါပဲ။ ဒါတင်မက ခေါင်းလိမ်းဆီတွေ၊ ချိုင်းချွေးတောင့်တွေ၊ နေရောင်ကာခရင်မ်တွေကိုလည်း စိတ်ချရအောင် မလိမ်းလာတာ အကောင်းဆုံးပါပဲ။

 

၆။     တက်တူးထိုးထားတာတွေရှိရင် ကြိုပြောထားပါ။

          သံလိုက်ဓာတ်မှန်ရိုက်တဲ့အခါ တက်တူးမှာပါတဲ့ သတ္တုဓာတ်တွေကြောင့် အပူများလာပြီး အသားလောင်ကျွမ်းတာတွေ ဖြစ်တတ်ပါတယ်။ အဖုံးအကာတွေကာရံတာလည်း သိပ်တော့မထူးပါဘူး။ ရိုက်နေရင်း ဒီလိုပူလာပြီဆို မလောင်ခင်မှာ ရိုက်နေတာ ရပ်လိုက်တာအ ကောင်းဆုံးပါ။

 

၇။     စိတ်မပူပါနဲ့။

          သံလိုက်ဓာတ်မှန်ရိုက်တဲ့အခါ နည်းနည်းအိုက်လာတာ၊ ပူလာတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ဒီဂရီလောက် ကိုယ်အပူချိန်တက်နိုင်ပေမယိ့ ဘာအန္တရာယ်မှမရှိလို့ စိတ်မပူပါနဲ့။

 

၈။     နှစ်ကြိမ်လုပ်ဖို့ လိိုင်ပါတယ်။

          သံလိုက်ဓာတ်မှန် ရိုက်နေတုန်း လှုပ်လိုက်မိရင် ပုံရိပ်တွေကို နောက်တစ်ခါ ပြန်ရိုက်ဖို့လိုနိုင်ပါတယ်။

 

၉။     ဓာတ်ရောင်ခြည်ကို မသုံးပါဘူး။

          X-ray ဓာတ်မှန်တို့၊ CT ကွန်ပျူတာဓာတ်မှန်တို့လို ဓာတ်ရောင်ခြည်ကိုမသုံးဘဲ သံလိုက်ကိုသုံးပြီး ရိုက်တာပါ။

 

၁၀။    ဓာတ်ရောင်ခြည်သင့်မှာ စိတ်မပူပါနဲ့။

          အပေါ်မှာ ပြောခဲ့သလိုပဲ သံလိုက်အားသုံးရိုက်တာမို့ MRI မှာ ဓာတ်ရောင်ခြည်သင့်မှာ စိတ်ပူပန်စရာ မလိုအပ်ပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)