/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/statins-သွေးတွင်းကိုလက်စထရောလ်ကျဆေး-ကောင်းကျိုးနဲ့

Statins (သွေးတွင်းကိုလက်စထရောလ်ကျဆေး) - ကောင်းကျိုးနဲ့ ဆိုးကျိုးဘယ်ဟာပိုများပါသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဟိုတစ်ချိန်က လေ့လာမှုတွေကို မှားယွင်းစွာကောက်ချက်ချကြပြီး Statins ဆေးတွေရဲ့ဆိုးကျိုးတွေကို အလွန်အကျွံဖော်ပြကြပါတယ်။ ဒီဆေးတွေရဲ့ ကိုလက်စထရောလ်ဓာတ်ကျစေတဲ့ကောင်းကျိုးကိုကျတော့ သေသေချာချာထောက်ခံထားတာမျိုးမရှိပါဘူး။ မကြာသေးမီကမှ ထုတ်ဝေလိုက်တဲ့ statin ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာစွာပြန်လည်သုံးသပ်ထားခြင်းရဲ့အနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

Statin က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်ဖြစ်တဲ့ low density lipoprotein (LDL) ကို လျှော့ချဖို့အတွက် အသုံးများတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီ LDL တွေသွေးထဲမှာများများရှိလျှင် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ နှလုံးသို့ သွေးမရောက်ခြင်း (Heart Attack) နဲ့ လေဖြတ်ခြင်း စတဲ့ရောဂါတွေဖြစ်နိုင်ချေများပြီး statin ကတော့ အသည်းကနေ ကိုလက်စထရောလ်ထုတ်လုပ်မှုကို လျော့ကျစေခြင်းဖြင့်  ဒီရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကောင်းကျိုး - Statin ကုထုံးက နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို 25% လျော့ကျစေပါတယ်။

လေ့လာမှုတစ်ခုအရ LDL ကိုလက်စရော 1 millimole/liter ကျသွားတိုင်း နှလုံးသွေးကြောကျဉ်းခြင်းကြောင့်လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း (နှလုံးသို့သွေးမရောက်ခြင်း) ၊ နှလုံးရောဂါကြောင့်သေဆုံးခြင်းနှင့် နှလုံးသွေးကြောခွဲစိတ်ကုသမှုများကိုလျော့ကျစေပြီး statin တစ်နှစ်သောက်ပြီးတိုင်း ပထမနှစ်တွေထက် ဒီလိုနှလုံးရောဂါဖြစ်ပွားမှုတွေ 25% လျော့ကျသွားတာကို တွေ့ရပါတယ်။

Atorvastatin 40 mg နေ့စဉ်သောက်သုံးခြင်းက အဓိကနှလုံးသွေးကြောရောဂါများဖြစ်ပွားမှုကို 50% လျော့ကျစေပါတယ်။

အခြားလေ့လာစောင့်ကြည့်မှုတွေအရ statin ကြောင့် ကင်ဆာ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အခြားရောဂါများဖြစ်ပွားမှုကို လျော့ကျစေနိုင်တယ်လို့ဆိုပေမယ့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထားတော့မရှိပါဘူး။

ဆိုးကျိုး - Statin ကုထုံးကြောင့် လေဖြတ်ခြင်း၊ ဆီးချိုနှင့် ကြွက်သားရောဂါများ ပိုဖြစ်နိုင်ချေများခြင်း

လေ့လာမှုအရ Statin သောက်သုံးသူ 10,000 မှာ တစ်နှစ်ကို ဆီးချိုရောဂါဖြစ်ပွားမှု 10-20 လောက်ရှိပါတယ်။ ဒါပေမယ့် သုတေသီတွေကတော့ ဒါကအရင်ကတည်းက ဆီးချိုရောဂါဖြစ်နိုင်ချေများတဲ့ အခြေအနေတွေကြောင့်လို့ဆိုပါတယ်။

နောက်တစ်ချက်အနေနဲ့ Statin သောက်သုံးသူ 10,000 မှာ တစ်နှစ်ကို နှလုံးသွေးကြောကျဉ်းရောဂါကြောင့် လေဖြတ်ခြင်းဖြစ်ပွားမှု 10-20 လောက်ရှိပေမယ့် statin ကြောင့် ကာကွယ်နိုင်မှုက ပိုများပါတယ်။ ဒါကြောင့် statin သောက်သုံးခြင်းက လေဖြတ်ခြင်းကို လျော့ကျစေပါတယ်။

လေ့လာမှုအရ Statin သောက်သုံးသူ 10,000 မှာ တစ်နှစ်ကို 10-20 ယောက်လောက် ဆိုးကျိုးတွေဖြစ်တဲ့ ကြွက်သားများနာကျင်ခြင်းနှင့် အားနည်းခြင်းများကြုံတွေ့ရတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ သုတေသီတွေက statin က အခြားဆိုးကျိုးများဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှှုံးခြင်း၊ မျက်စိတွယ်စွဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါ၊ အိပ်မပျော်ခြင်းနှင့် စိတ်တိုခြင်းများကိုဖြစ်စေတယ်ဆိုတဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အထောက်အထားတွေကိုမတွေ့ရပါဘူးလို့ဆိုပါတယ်။

Statin ကြောင့် ကောင်းကျိုးနှင့် ဆိုးကျိုး ဘယ်ဟာပိုများပါသလဲ?

ကောင်းကျိုးများ - Statin 5 နှစ်ကုထုံးအတွင်းမှာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများတဲ့သူ 500 ယောက်နှင့် အရင်က နှလုံးသွေးကြောရောဂါရှိသူ 1,000 ယောက်မှာ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း( နှလုံးသို့သွေးမရောက်ခြင်း) နှင့် အခြားနှလုံးသွေးကြောရောဂါတွေဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဆိုးကျိုးများ - နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Statin 5 နှစ်ကုထုံးအတွင်းမှာ ကြွက်သားရောဂါဖြစ်ပွားမှု - 5 ယောက် (အဲဒီထဲက တစ်ယောက်ကတော့ ဆေးမရပ်ရင် ဆိုးရွားတဲ့ဆိုးကျိုးကြုံရနိုင်ပါတယ်)၊ ဆီးချိုရောဂါ - 50 – 100 ယောက်၊ လေဖြတ်သူ - 5 – 10 ယောက်၊ ကြွက်သားနာခြင်းနှင့် အားနည်းခြင်း - 50-100 ယောက် ဖြစ်ပွားတာကို တွေ့ရပါတယ်။

ဒါတွေအားလုံးကိုခြုံကြည့်ခြင်းအားဖြင့် statin ဆေးနဲ့ပတ်သက်ပြီး ကောင်းကျိုးက ဆိုးကျိုးထက် အများကြီးပိုများတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com