Vitamin B1(Thiamine) အကြောင်း သိကောင်းစရာ
Vitamin B1 ဟာရေမှာပျော်၀င်တဲ့ Vitamin B အုပ်စု၀င်ဖြစ်ပြီး မိမိစားလိုက်တဲ့အစားအစာတွေထဲက ကစီဓာတ်နဲ့သကြားဓာတ်တွေကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ နှလုံးဆိုင်ရာလုပ်ငန်းဆောင်တာများအတွက် အရေးပါတဲ့အပြင် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ အစားစာလိုစိတ်မရှိခြင်း၊ သွေး၀မ်းသွားခြင်းနဲ့ ၀မ်းလျှောခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုကုသရာမှာ အလွန်အသုံး၀င်တဲ့ ဗီတာမင်ဖြစ်ပါတယ်။
Vitamin B1 ၏ ကောင်းကျိုး
Vitamin B1 ပါသောအစားအစာများကိုစားသုံးခြင်း၊ Vitamin B1 ပါသောဆေးများကိုသောက်သုံးခြင်းဖြင့်
1. မျိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်သော ဇီ၀ကမ္မဖြစ်စဉ်ပျက်ယွင်းခြင်းဆိုင်ရာရောဂါများ (ဥပမာ- Leigh's disease၊ maple syrup urine disease) ကိုသက်သာစေခြင်း
2. Vitamin B1 ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်နိုင်ခြင်းနှင့် ကုသနိုင်ခြင်း
3. နာတာရှည် အရက်စွဲေ၀ဒနာရှင်များတွင် တွေ့ရသော Vitamin B1 ချို့တဲ့ခြင်းကြောင့် ဦးနှောက်မူမမှန်ခြင်း(Wernicke-Korsakoff syndrome)ကိုကုသနိုင်ခြင်း
4. အတွင်းတိမ်ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ခြင်း
5. အမျိုးအစား 2 ဆီးချိုးေ၀ဒနာရှင်များတွင် ကျောက်ကပ်ပျက်စီးနိုင်ခြေကိုလျှော့ချပေးနိုင်ခြင်း
(လေ့လာမှုများအရအမျိုးအစား 2 ဆီးချိုးေ၀ဒနာရှင်များအား Vitamin B1ဆေးပြား 100 mg ကိုတစ်နေ့ 3 ကြိမ်နှင့် 3 လဆက်တိုက် သောက်စေပြီးဆီးအတွင်း Albumin ပါ၀င်မှုပမာဏကို စစ်ဆေးခဲ့ရာ Albumin ပါ၀င်မှု လျော့နည်းသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။ Albumin များ ဆီးအတွင်းပါ၀င်မှု ပမာဏမြင့်မားခြင်းဟာ ကျောက်ကပ်ထိခိုက်နေခြင်းကို ပြသခြင်းဖြစ်ပါတယ်။)
6. ရာသီလာစဉ်ကိုက်ခဲခြင်းများကို သက်သာစေခြင်းစသည့် ကောင်းကျိုးများစွာရရှိနိုင်ပါတယ်။
Vitamin B1 ဆေးပြားကိုသောက်သုံးရသောရောဂါများ
- အရက်စွဲရောဂါ
- အယ်ဇိုင်းမားစ်ရောဂါ
- စိုးရိမ်ကြောင့်ကြလွန်ရောဂါ
- သွေးကြောကျဉ်းရောဂါ
- စိတ်ကျရောဂါ
- ဆီးချိုရောဂါ (diabetes mellitus)
- အသည်းရောင်ရောဂါ
- HIV/AIDS
- အိပ်မပျော်နိုင်ခြင်း
- Chron's Disease (နာတာရှည်အူများရောင်ရမ်းခြင်း)
- Multiple sclerosis (ကိုယ်ခံစွမ်းအားစနစ်ချို့ယွင်းပြီး မိမိခန္ဓာကိုယ်တွင်းရှိ တစ်သျှူးအကောင်းများကို မိမိဘာသာပြန်လည်တိုက်ခိုက်နေသော နာတာရှည်ရောဂါတခု)
Vitamin B1 ချို့တဲ့ခြင်း
သွက်ချာပါဒရောဂါဖြစ်ရခြင်းရဲ့ အဓိကအချက်က Vitamin B1 ချို့တဲ့ခြင်းကြောင့် ဖြစ်ပါ တယ်။ နုံးချည့်ခွေနွဲ့ခြင်း၊ နာဗ်ကြောရောင်ရမ်းခြင်းများဖြစ်စေနိုင်တဲ့အပြင် Vitamin B အဆမတန်လျော့နည်းလာပါက စိတ်ရောဂါနဲ့နှလုံးရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်။ အရက်သေစာသောက်စားခြင်း၊ ကော်ဖီလက်ဖက်ရည်များ လွန်ကဲစွာသောက်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများရှိခြင်းကြောင့်လည်းခန္ဓာကိုယ်မှ Vitamin B1 စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။
အချိုစားတာများတဲ့သူတွေမှာVitamin B1 ပိုလိုအပ်တဲ့အတွက် သကြားလုံး၊ အချိုရည် စတဲ့ အချိုကဲအစားအသောက်တွေကိုကြိုက်တဲ့ကလေးငယ်တွေကို Vitamin B1 ပါ၀င်တဲ့ အစားအစာတွေများများကျေွးဖို့ လိုအပ်ပါတယ်။
Vitamin B1 ချို့တဲ့နေပါက သိရှိနိုင်တဲ့ရောဂါလက္ခဏာများ
(1) ခံတွင်းပျက်ခြင်း
(2) စိတ်ညှိုးငယ်ခြင်း
(3) ပင်ပန်းနွမ်းလျခြင်း
(4) နှလုံးခုန်နှုန်းမြန်ခြင်း
(5) အစာမကြေခြင်း
(6) သတိမေ့ခြင်း
(7) အားအင်ချည့်နဲ့ခြင်း
(8) ကိုယ်အလေးချိန်ကျဆင်းခြင်း
Vitamin B1 အဆိပ်သင့်စေမှု
Vitamin B1 ကြောင့် အဆိပ်သင့်စေမှုဆိုတာတော့မရှိပါဘူး။ တကယ်လို့လွန်ကဲသွားမယ် ဆိုလည်းဆီးသွားတဲ့အခါပါသွားတတ်ပါတယ်။ Vitamin B1 အဆမတန်လွန်ကဲခြင်းကြောင့် မူးေ၀တတ်ပေမယ့်လည်း ကြုံရခဲပါတယ်။
Vitamin B1 ကြွယ်၀တဲ့အစားအစာများ
Vitamin B1 ကြွယ်၀တဲ့အစားအစာတွေက လူအများစုနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေပါပဲ။ ဒါပေမယ့် ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ကြိမ်ဖန်များစွာမီးအားပြင်းပြင်းနဲ့ချက်ပြုတ်ခြင်းမှ ရှောင်ကျဉ်မှသာ Vitamin B1 ပြည့်၀တဲ့ အစားအစာကိုစားသုံးနိုင်မှာပါ။
Vitamin B1 မြင့်မားစွာပါ၀င်တဲ့ အစားအစာရင်းမြစ်များ
1. ထမင်းရည်
2. ပဲအမျိုးမျိုး
3. အမဲသား
4. ကြက်သား
5. ငါး
6. ကောက်နှံပါ၀င်တဲ့အစားအစာများ
7. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
8. ပဲနီကလေး
9. အသည်း
10. နို့
11. အခွံမာသီးများ
12. ၀က်သား
13. အာလူး
14. အစေ့အဆန်များ
15. ပဲပုပ်
16. ဂျုံစေ့အဆန်
17. တစေး
တစ်နေ့တာမှီ၀ဲသင့်တဲ့ ပမာဏ
Vitamin B1 ကို တစ်နေ့တာမှီ၀ဲသင့်တဲ့ပမာဏကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေအတွက် 1.2mg နဲ့ အရွယ်ရောက်ပြီးသားအမျိုးသမီးတွေအတွက် 1.1mg ဖြစ်ပါတယ်။
Cho Thet






























