/
news/ကျန်းမာရေး-z/လေဖြန်းခြင်း-transient-ischemic-attack

လေဖြန်းခြင်း (Transient Ischemic Attack)

Category
ကျန်းမာရေး (A-Z)

        လေဖြန်းခြင်းဆိုသည်မှာ ဦးနှောက်တွင်းသို့ ပို့ဆောင်ပေးသော သွေးစီးဆင်းမှုတွင် အမှားအယွင်း တစ်ခုခု ဖြစ်ပေါ်လာသော ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ တခါတရံလေဖြန်းခြင်း သည် လေဖြတ်ခြင်း၏ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်ပြီး လေဖြန်းသူ 3 ယောက်တွင် တယောက်က လေဖြတ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လေဖြန်းဖူးသူတစ်ယောက် အနေဖြင့် လေမဖြတ်အောင် ဂရုစိုက်နေထိုင်သင့်ပါတယ်။

ရောဂါလက္ခဏာများ

        လေဖြန်းခြင်းသည် မိနစ်ပိုင်းမျှသာကြာလေ့ရှိပြီး ရောဂါလက္ခဏာများက နာရီပိုင်းအတွင်းပျောက်ကွယ် သွားတတ်ပါတယ်။ ခံစားရတဲ့ရောဂါလက္ခဏာများကတော့ - မျက်နှာ၊ ခြေလက်၊ ကြွက်သားများ ထုံကျင်/လှုပ်မရဖြစ်ခြင်း၊ စကားပြောရခက်ခဲခြင်း၊ သူများပြောတာနားမလည်ခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း/ပျောက်ကွယ်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်ကိုထိန်းမတ်၍မရခြင်း၊ အပြန်အလှန်ထိန်း ညှိနိုင်စွမ်း လျော့ပါးလာခြင်းတို့ဖြစ်ပါတယ်။ ထိခိုက်ခံရသော ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းရင်း

        ကျဉ်းနေသောသွေးလွှတ်ကြောကြောင့်လည်းကောင်း၊  ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများတွင် ရှိနေသော သွေးခဲကကွဲထွက်ပြီး ဦးနှောက်ဆီသို့ရောက်လာခြင်းကြောင့်သော်လည်းကောင်း၊ ဦးနှောက်သို့ပေးပို့သော သွေးလမ်းကြောင်းပိတ်ဆို့သောအခါ လေဖြန်းခြင်းကိုဖြစ်စေပါတယ်။ သို့သော် ယာယီပိ်တ်ဆို့မှုဖြစ်တာကြောင့် ဦးနှောက်ဆဲလ်များကို ရာသက်ပန်ထိခိုက်စေခြင်းမရှိပါဘူး။

ဖြစ်ပွားနိုင်သူများ

        အောက်ဖော်ပြပါလူများဟာ လေဖြန်းခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။

-  အသက်အရွယ်ကြီးရင့်သူများ
-  မိသားစုမျိုးရိုးရှိသူများ
-  သွေးတွင်းရှိကိုလက်စထရောပမာဏများသူများ
-  သွေးတိုးရောဂါရှိသူများ
-  ဆီးချိုရောဂါရှိသူများ
-  နှလုံးရောဂါရှိသူများ
-  အ၀လွန်သူများ
-  အငန်နှင့်အဆီအဆိမ့်အစားများသူများ
-  မူးယစ်ဆေးသုံးစွဲသူများ
-  အရက်သေစာအလွန်အကျွံသောက်စားသူများ
-  သနေ္ဓတားဆေးသုံးသောအသက် 35 နှစ်ကျော်အမျိုးသမီးများ၊
-  သွေးကြောကျဉ်း၍ခြေထောက်အောက်ပိုင်းသွေးလျှောက်နည်းသောရောဂါရှိသူများ

ရောဂါ ရှာဖွေစစ်ဆေးခြင်း

        ဦးနှောက်တွင်းရှိသွေးကြောပိတ်ခြင်းနှင့် သွေးစီးဆင်းမှုကိုသိရှိနိုင်ရန်

-  ဦးနှောက်သွေးကြောဓာတ်မှန်ရိုက်ခြင်း (angiogram) ရိုက်ခြင်း
-  လည်ပင်းရှိသွေးလွတ်ကြော (Carotid arteries ) ကို အာထရာဆောင်းရိုက်ခြင်း၊
-  CT scan နှင့် MRI Scan ရိုက်ခြင်း
-  ဦးနှောက်တွင်းရှိသွေးလွှတ်ကြော ပုံမှန်ဟုတ်/မဟုတ်သိရှိနိုင်ရန် MRA (Magnetic resonance angiography) နှင့် CT Angiography ပြုလုပ်ခြင်းများ စသည်ဖြင့်လိုအပ်သလို စစ်ဆေးနိုင်ပါတယ်။

ကုသခြင်း

        လေဖြန်းသူသုံးယောက်တွင် တစ်ယောက်သည် လေဖြတ်ခြင်းကို ခံစားရနိုင်တာကြောင့် လေဖြန်းခြင်း ကို ကုသပြီး လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။ လေဖြန်းခြင်းဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပေါ်တွင််မူတည်၍ ကုသမှုကွဲပြားနိုင်ပါတယ်။

          သွေးခဲပိတ်ဆို့ခြင်းကြောင့်ဖြစ်တာဆိုရင် သွေးခဲပျော်ဆေးအသုံးပြုလို့ရပါတယ်။ ရောဂါလက္ခဏာစပြီး 3 နာရီအတွင်း ပေးနိုင်ပါတယ်။ အသုံးများတဲ့ဆေးဝါးတွေကတော့ Heparin, Warfarin, Aspirinနဲ့ Clopidogrel ဆေးဝါးတို့ဖြစ်ပါတယ်။

          လိုအပ်ပါက လည်ပင်းသွေးကြောခွဲစိတ်မှု  (Carotid endarterectomy) ပြုလုပ်နိုင်သလို ပိတ်ဆို့နေသောသွေးကြောအတွင်းသို့ သေးငယ်သောဝါယာအသုံးပြု၍ သွေးကြောချဲ့သောခွဲစိတ်မှု (Angioplasty & Stenting) တို့ကို ပြုလုပ်နိုင်ပါတယ်။

ကာကွယ်ခြင်း

        ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုကောင်းတယ်ဆိုတာလက်ခံရင် လေဖြန်းခြင်းမှကာကွယ်နိုင်အောင် သတိထားသင့်တဲ့ အချက်တွေကတော့

-  ဆေးလိပ်မသောက်ပါနှင့့်။
-  ကျန်းမာသောကိုယ်အလေးချိန်ထိန်းထားပါ။
-  အရက်လျော့သောက်ပါ။
-  မူးယစ်ဆေးဝါးသုံးနေလျှင် ဖြတ်နိုင်အောင် ကြိုးစားပါ။
-  သွေးပေါင်ချိန်မတက်အောင်ဂရုစိုက်ပါ။
-  ဆီးချိုထိန်းပါ။
-  ဆားလျော့စားပါ။
-  သနေ္ဓ္ဓတားဆေးသုံးရင် ဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေးပါ။

 

www.drmyanmar.com