ဇီကာရှိတဲ့နေရာကပြန်လာရင် ကိုယ်၀န်ဆောင်ဖို့ 2 လစောင့်ပါ
ဇီကာဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသောနိုင်ငံ(သို့မဟုတ်) ပျံ့နှံ့စပြုနေသောနိုင်ငံများသို့သွားရောက်လည်ပတ်သူ အမျိုးသမီးများအနေနဲ့ ခရီးမှပြန်ရောက်ပြီး နှစ်လအကြာမှသာ ကိုယ်၀န်ဆောင်သင့်ကြောင်း ကနေဒါနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးဌာနမှ အကြံပြုထားပါတယ်။ ဘရာဇီးနိုင်ငံတွင် မွေးကင်းစကလေးငယ်များ ဦးခေါင်းသေးငယ်ပြီးမွေးဖွားလာရခြင်း (Microcephaly) ဟာ မိခင်ကို်ယ်၀န်ဆောင်ချိန်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း နှင့်ဆက်စပ်လျက်ရှိနိုင်တယ်လို့ ယူဆထားခြင်းကြောင့် ၄င်းကဲ့သို့အကြံပြုထားခြင်းဖြစ်တယ်လို့ CBC News က 2.3.2016 တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံတွင် ပြန့်ပွားသည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ပြီး အာဖရိက၊ အမေရိကနှင့် အာရှတိုက်ရှိ အချို့ဒေသတို့တွင် ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ဇီကာပြန့်နေပြီဖြစ်တဲ့နေရာများကို ခရီးသွားခဲ့သူ ကနေဒါလူမျိုး၊အမေရိကန်လူမျိုးတွေအား အမိမြေကိုပြန်ရောက်ချိန်မှာ ရောဂါရှာဖွေ စမ်းသပ်ကြည့်ရာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ကြပြီး ရောဂါပိုးကူးစက်ခံထားရတဲ့ အမျိုးသားနဲ့ အတူနေလိုက်သော အမျိုးသမီးမှာ လိင်မှတဆင့် ၄င်းပိုးကူးစက်သွားတယ်ဆိုတဲ့ကိစ္စရပ် တချို့လည်းရှိနေပါတယ်။
ဒါကြောင့် ကနေဒါနိုင်ငံရှိ မီးယပ်နှင့်သားဖွားဆရာ၀န်များအဖွဲ့က အမျိုးသမီးများအနေနဲ့ ဇီကာဗိုင်းရပ်စ်ပိုးပြန့်နေရာအရပ်သို့ သွားမယ်ဆိုပါက လေးလေးနက်နက်စဉ်းစားပြီးမှ သွားဖို့စီစဉ်သင့်ကြောင်း၊ ခရီးသွားပြီးနောက်တွင်လည်း ချက်ချင်း ကိုယ်၀န်မဆောင်သင့်ဘဲ နှစ်လ ဒါမှမဟုတ် သုံးလကြာမှသာ ကိုယ်၀န်ဆောင်သင့်ကြောင်း အကြံပေးထားပြီး ၄င်းကဲ့သို့ခရီးစဉ်အတွက် သေချာချင့်ချိန်ခိုင်းရခြင်းမှာ လူ့ခန္ဓာကိုယ်၏သွေးထဲတွင် ၄င်းဗိုင်းရပ်စ်ပိုးမှာ ပျမ်းမျှ တစ်ပတ်သာ နေထိုင်သည် ဆိုသော်လည်း အတိ်အကျခန့်မှန်း၍ မရနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အဖွဲ့ရဲ့CEO ဖြစ်သူ Dr.Jennifer Blake က ဆိုပါတယ်။
အမျိုးသားတွေအနေနဲ့လည်း ခရီးသွားပြီးနောက်တွင် အမျိုးသမီးနှင့်အတူနေမည်ဆိုပါက မိမိတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်လျှင် ကူးစက်ခံလာရနိုင်သည့်အတွက် ရောဂါပိုးပျံ့န့ှံခြင်းမရှိအောင် ကွန်ဒုံးအသုံးပြုသင့်ကြောင်းကိုလည်း ပြောကြားထားပါတယ်။
ကိုယ်၀န်လွယ်ထားသူတွေ၊ ကိုယ်ဆောင်ဖို့ရည်ရွယ်ချက်ရှိတဲ့သူတွေအနေနဲ့ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့နေ တဲ့နေရာတွေကို မသွားသင့်ကြောင်း၊ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွင်း နိုင်ငံတွေဆီ ခရီးသွားခြင်းအား ဆင်ခြင်သင့်ကြောင်း နှင် ့တကယ်လို့ခရီးစဉ်ကိုရွှေ့ဆိုင်းဖို့အခက်အခဲရှိတာ ကြောင့် မသွားမဖြစ်သွားရန် လိုအပ်ပါက ခြင်ကိုက်မခံရအောင် အ၀တ်အစားအရောင်ဖျော့ဖျော့ကို လုံလုံခြုံခြုံ၀တ်ဆင်ခြင်း၊ EPA-registered ခြင်မကိုက်လိမ်းဆေးများ လိမ်းခြင်း၊ နေ့အိပ်အိပ် ညအိပ်အိပ် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်း စသည့် ခြင်အန္တရာယ်မှ ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ၎င်းဌာနမှ အထူးသတိပေးပြောကြားထားပါတယ်။
CMS