တင်ပါးဆုံကွင်းအတွင်း ကိုက်ခဲနာကျင်ခြင်း
တင်ပါးဆုံကွင်းအတွင်း နာကျင်ခြင်းဆိုတာ ချက်အောက်ဘက်ရှိ ဗိုက်အရှေ့ပိုင်းနဲ့တကွ မျိုးပွားအင်္ဂါ များပါ နာကျင်ခြင်းကို ဆိုလိုပြီး ဒီလိုနာကျင်ခြင်းဟာ အချို့သောရောဂါတွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် တင်ပါးဆုံကွင်းအတွင်း ကိုက်ခဲနာကျင်ခြင်းဟာ ရာသီလာနေခြင်း၊ အူအတက်ရောင်ခြင်း၊ ဆီးအိမ်ပြဿနာများသာမက အချို့သော အရေးပေါ်အခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုက်ခဲမှုဝေဒနာ ခံစားရတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ ဖြစ်စေသော အကြောင်းရင်းတွေကိုလည်း စုစည်းတင်ပြပေးလိုက်ပါတယ်။
(၁) အူအတက်ရောင်ခြင်း
အူအတက်ရောင်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း ဖြစ်ပေါ်တဲ့အခါ ညာဘက် ဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်းနဲ့ အတူ ပျို့အန်ခြင်း၊ ဖျားခြင်းတို့ပါ တွဲဖက်ခံစားရပါတယ်။ အူအတက်တွင် ပိုးဝင်ခြင်း ဖြစ်ပေါ် ပါက ပေါက်ထွက်ပြီး အသက်ကိုပါ ထိခိုက်စေတဲ့အတွက် ခွဲစိတ်ဆရာဝန်နဲ့ အချိန်မီ ခွဲထုတ်ဖို့လိုပါတယ်။
(၂) အူပိတ်ခြင်း
အူရဲ့အစိတ်အပိုင်းတစ်နေရာ ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပြီး အသက်ထိခိုက်သည်အထိ ဆိုးကျိုးဖြစ်စေ ပါတယ်။ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ဖောင်းလာခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။ အူပိတ်စေသော အကြောင်းရင်းတွေကတော့ ဗိုက်ခွဲစိတ်မှု ပြုလုပ်ရာကနေ အရည်များဖြင့် အူများကပ် နေခြင်း၊ အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ မစင်များပိတ်ခြင်း၊ အူလိမ်နေခြင်း၊ Crohn’s disease စသည်တို့ ဖြစ်ပါတယ်။
(၃) ရာသီမလာမီ နာကျင်ခြင်း
ရာသီမလာခင် ရက်အနည်းငယ်အလိုတွင် ဖြစ်တတ်ပြီး တင်ပါးဆုံကွင်းတစ်ဝိုက် နာကျင်ခြင်းအပြင် ခါးအောက်ဘက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားများ နာကျင်ခြင်းနဲ့ စိတ်တို စိတ်ဆတ်ခြင်းစတဲ့ လက္ခဏာတွေကို ရင်ဆိုင်ရတတ်ပါတယ်။
(၄) ရာသီလာစဉ် ကိုက်ခဲခြင်း
အမျိုးသမီးတွေ ရာသီလာနေတဲ့အချိန်မှာ သားအိမ်ကနေ သွေးခဲတွေကို ညှစ်ထုတ်ရခြင်းကြောင့် တစ်ရက်ကနေ တစ်ပတ်လောက်ထိ နာကျင်မှုကို ခံစားရတတ်ပြီး အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီးတွေ မှာတော့ သားအိမ်တွင်း အသားလုံးတည်ခြင်း၊ မျိုးဥအိမ် ရေအိတ်တည်ခြင်း၊ တင်ပါးဆုံကွင်းအတွင်း ပိုးဝင်ခြင်း စသည်တို့ကြောင့် ရာသီလာစဉ်တွင် အလွန်နာကျင်ကိုက်ခဲတတ်ပါတယ်။
(၅) နေရာမှားပြီး ကိုယ်ဝန်တည်ခြင်း
သန္ဓေသားဟာ သားအိမ်မှာ မတည်ဘဲ အခြားသော ကိုယ်အစိတ်အပိုင်းများတွင် တည်ခြင်းကြောင့် တင်ပါးဆုံကွင်းအတွင်း အလွန်နာကျင်ခြင်းနဲ့အတူ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ မူးဝေခြင်း၊ အော့အန် ခြင်းတို့ပါ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်မီ ဆေးရုံသို့မရောက်ရှိပါက အသက်ကိုပါ ထိခိုက်စေတတ်ပါတယ်။
(၆) PID ခေါ် တင်ပါးဆုံကွင်း အတွင်းပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း
လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ တင်ပါးဆုံကွင်းတွင်း ကိုက်ခဲခြင်းအပြင် ဗိုက်နာခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်များ ဆင်းခြင်း၊ လိင်ဆက်ဆံစဉ်နဲ့ ဆီးသွားစဉ် နာကျင်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်မီ မကုသပါက ကလေးမရနိုင်ခြင်း၊ ကိုယ်ဝန် တည်ခြင်းနဲ့ နာတာရှည် တင်ပါးဆုံကွင်း ကိုက်ခဲခြင်းတို့ ဖြစ်စေပါတယ်။
ဒါကြောင့် တင်ပါးဆုံကွင်းအတွင်း နာကျင် ကိုက်ခဲလာပါက မပေါ့ဆကြဖို့ ဖော်ပြပေးလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)