/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/တစ်ခါလေးပဲ-မှားမိလို့

တစ်ခါလေးပဲ မှားမိလို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       " အန်တီမာရေ ... သမီးတို့ ဒီလပြည့်ကို မမီးငယ်တို့နဲ့ ဟော့ပေါ့ လုပ်စားရအောင် ... "

          တစ်ဦးတည်းသော တူမလေးက ပူဆာတာကြောင့် အန်တီမာတစ်ယောက်  ဝယ်စရာတွေအပြည့် ဟိုပြေးဒီပြေးနဲ့ မောရပြန်ပါပေါ့။ ဘယ်လောက်ပဲမောမော ချစ်တူမလေးက ပူဆာထားတာတော့ ရအောင်ဖြည့်ဆည်းပေးရမယ် မဟုတ်ပါလား။

          အမေနဲ့အဖေနဲ့က သဘောထားချင်း မတိုက်ဆိုင်လို့ကွဲကြချိန်မှာ တစ်ဦးတည်းသော တူမလေးခမျာ မိဘနှစ်ပါးကြားဗျာများ စိတ်ထွေပြားမှာစိုးလွန်းလို့ မိမိအိမ်ပေါ် ဇွတ်တရွတ်ခေါ်တင် သူ့မိဘတွေနဲ့ရန်ဖြစ်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ရတာလေ။

          အခုတော့အပျိုဖားဖားဖြစ်လို့ ... အလှကြီးလှလာတဲ့ တူမလေးနား ပျားပိတုန်းတွေကတွေလည်း တဝဲလည်လည်။

          တူမလေးယဉ်မင်းကတော့ မျက်နှာလေးက မှုန်နေအောင်လှ ကိုယ်လုံးလေးကလည်း နွဲ့ပေမယ့် စကားပြောပုံရော မျက်နှာလေးပါ ဘယ်သူနဲ့စကားပြောပြော တည်တည်ကြည်ကြည် ရှိနေတာကြောင့် စိတ်ထဲမှာတော့ အမြဲစိတ်ချခဲ့ရတယ်လေ။

          " အန်တီမာရေ ...  သမီး အပြင်သွားဦးမယ် "

          သမီးငယ်ရဲ့ နောက်ပိုင်းကိုကြည့်ရင်း စိတ်အေးလက်အေးပဲ ကြက်သွန် ဆက်ခွာနေမိတယ်။ အခုတလော ယဉ်မင်းကိုကြည့်ရတာ ဖျော့တော့တော့၊ ဒီကလေး နေများမကောင်းဘူးလား။ အိမ်ရောက်တာနဲ့ အဒေါ်ကို စကားမပြော။ အိမ်ပေါ် တန်းတက်တက်သွားတာ လေး၊ ငါးရက်။

          ဘာများ စိတ်ဆိုးစရာရှိလဲလို့ စိတ်ခုနေရပေမယ့် အခုတော့ လပြည့်ညမှာ လိုလိုချင်ချင်ပဲ ဟော့ပေါ့နဲ့ အကင်စားကြမယ့် အကြောင်းပြောလာတော့ စိတ်ထဲက သံသယတွေ အကုန်ပျောက်၊ တူမလေး လိုသမျှ ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲလေ။

          ထိုနေ့က သူမကို အကုန်လုပ်ကိုင်ပေးရင်း ပြေးရင်းလွှားရင်း တူမလေးမှာ မမောနိုင်။

          " အန်တီ ... သမီး ဗိုက်အောင့်တယ် " တဲ့။

          လှမ်းကြည့်လိုက်တော့ ဗိုက်လေးကို ဖိကာ တုန်တုန်ရင်ရင်။ တစ်ကိုယ်လုံး ခေါင်းဖျားကနေ ခြေအထိ တုန်ယင်နေပြီး မျက်နှာတွေလည်း ဖွေးဖတ်နေတဲ့ တူမချော။ ခြေတွေ၊ လက်တွေလည်း အေးစက်လို့။

          အစာအိမ် သွေးယိုတာလား။ အူအတက်လား။ သူမ ခေါင်းတွေထူ၊ ရင်တွေပူလို့ စိတ်ရှုပ်ထွေးရင်း သမီးငယ်ကို ဆေးရုံလိုက်ပို့ရပါတယ်။ ဗိုက်ကလေးကိုဖိရင်း မျက်နှာလေး ဖြူဖတ်ဖြုရော်နဲ့ သမီး။ သူမရှေ့မှာပဲ တွန်းဝင်သွားသော ခွဲခန်းခုတင်က အသံတွေ တဂျောင်းဂျောင်း မြည်နေတာက ခြောက်ခြားစရာ။

          သမီးငယ်ရဲ့ သားဥပြွန်ထဲမှာ သနေ္ဓတည်နေပါသတဲ့။ သွေးနည်းနည်းချင်း ဆင်းနေခဲ့ပေမယ့် လူကြီးတွေ မသိခဲ့ရ။ တစ်ခါတည်း မှားမိတာပါ အန်တီမာရယ်တဲ့။ နှုတ်ခမ်းလေးတွေက တဆတ်ဆတ်တုန်။ မျက်ရည်တွေ ၀ိုင်းလို့။

          ခွဲခန်းဝင်ကာ သူမရဲ့သားဥပြွန်ကို ဖြတ်ထုတ်ပြီး သွေးတွေယိုစိမ့် ပေါက်ထွက်လုမတတ် ဖြစ်နေသော သနေ္ဓအိတ်လေးကို ခွဲထုတ်လိုက်ရပါတယ်။

          အန်တီမာတစ်ယောက် ဘာလုပ်ရမှန်းမသိတော့။ ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြမယ်မသိ။ သူမ အလိုလိုက်၊ နုနုထွတ်ထွတ် အထင်ကြီးထားခဲ့သောသမီးမှာ ကိုယ်ဝန်ရှိနေခဲ့တယ်။ ဒီကိုယ်ဝန်ကလည်း သူလိုကိုယ်လို သားအိမ်ထဲ မတည်ဘဲ သားဥပြွန်ထဲ ကြံကြံဖန်ဖန် သွားတည်ပါသတဲ့။

          အရေးပေါ် ပေါက်ထွက်ပြီး ဆေးရုံတင်လိုက်ရသော နေ့ကလည်း အိမ်မှာ လူတွေစုံနေသော လပြည့်ည ဟော့ပေါ့ပါတီ။

          သမီးကို စိတ်ပူတာတစ်မျိုး။ ရှက်တာတစ်မျိုးနဲ့ အန်တီမာတစ်ယောက် ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်ကာ ခေါင်းကိုသာ တွင်တွင်ယမ်းနေမိပါတော့တယ်။

 

==========================================================

 

>>     သားဥပြွန်ထဲ သနေ္ဓ တည်တဲ့အခါ -

•        ဘယ်ဘက် သို့မဟုတ် ညာဘက်ဝမ်းဗိုက် မကြာခဏ နာမယ်အောင့်မယ်။

•        သွေးဆင်းမယ်။

•        ဆီးစစ်ကြည့်ရင် နှစ်ကြောင်း ပေါ်မယ်။

•        ရုတ်တရက် သွေးအကြီးအကျယ် ဆင်းမယ်။

•        မူးဝေ လဲပြိုမယ်။

•        ဗိုက် အထိမခံနိုင်အောင် နာမယ်။

          အပျိုနေနေ၊ အအိုဖြစ်ဖြစ် ပထမဆုံးညမှာပဲ အတူနေနေ တစ်ခါတည်းပါဆိုဆို အဲဒီအန္တရာယ် ရှိနေတတ်ပါတယ်။ ရှားပါးပေမယ့် သားဥပြွန်ထဲ သနေ္ဓတည်တာက အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အပြင်းအထန် ရောဂါဆန်းတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် အကာအကွယ်သုံးကြဖို့၊ ဆေးသောက်ကြဖို့၊ ဒီလိုလက္ခဏာလေးတွေ ခံစားလာရရရင် သားဥပြွန်တွင်း သနေ္ဓတည်တာကို သတိပြုမိကြဖို့ အသိပေး ရေးသားလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)