ပူရှိန်းရှိန်းဖြစ်ဖြစ်နေတာ စိုးရိမ်စရာ လိုသလား
ပူရှိန်းပူရှိန်း ခံစားနေရတာဟာ စိတ်ရှုပ်စရာတင်မကပါဘူးနော်။ နှလုံးရောဂါလက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
● လေ့လာသူတွေက တောက်လျှောက်ကြီးကို ပူရှိန်းရှိန်းဖြစ်နေတာဟာ နှလုံးနဲ့သွေးကြောပြဿနာ တစ်စုံတစ်ရာ ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
● ဒီလေ့လာမှုဟာ အသက် ၄၀ တွင်းနဲ့ ၅၀ တွင်း အမျိုးသမီးတွေကို နှစ်ပေါင်း ၂၀ လောက်လိုက်ပြီး လေ့လာထားတာ ဖြစ်ပါတယ်။
● ဒီလေ့လာမှုကြီးက နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
နှစ်ပေါင်းများစွာ လက်ခံထားတာက ပူရှိန်းရှိန်းဖြစ်တာဟာ အမျိုးသမီးတွေ သက်လတ်ပိုင်းရောက်လာတဲ့အခါ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုလို့ပဲ ယူဆထားကြပါတယ်။
အခုတော့ ပစ်စ်ဘာဂ်တက္ကသိုလ်က လေ့လာချက်အရ ပေါ့ဆမနေသင့်တော့ပါဘူး။
ပူရှိန်းရှိန်း မကြာမကြာဖြစ်တယ်၊ တောက်လျှောက်ဖြစ်နေတယ် ဆိုတာဟာ နှလုံးရောဂါ ပိုဖြစ်နိုင်ခြေရှိတာကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
မြောက်အမေရိကန် သွေးဆုံးဝေဒနာအဖွဲ့အစည်း နှစ်စဉ်အစည်းအဝေးမှာ ဒီပူရှိန်းရှိန်းဝေဒနာ၊ တစ်နည်း သွေးကြောကျဉ်းကျယ်လက္ခဏာဟာ နှလုံးသွေးကြောရောဂါတွေနဲ့ ဆက်စပ်နေကြောင်းကို တင်ပြသွားပါတယ်။
ဒီလေ့လာမှုကြီးရဲ့ ဦးဆောင်သူ ပရော်ဖက်ဆာ ရေဘက္ကာ သာ့စတန်က သွေးဆုံးချိန်ဝန်းကျင် အကူးအပြောင်းကာလတစ်ဝိုက်မှာ ဒီလိုလက္ခဏာတွေကြုံတွေ့ရခဲ့ရင် နောင်နှစ်ပေါင်းနှစ်ဆယ်အတွင်း နှလုံးနဲ့သွေးကြောရောဂါတွေ ပိုဖြစ်နိုင်ကြောင်း ပြောပြသွားပါတယ်။ ဒီလိုတာရှည်ပူရှိန်းပူရှိန်းလက္ခဏာတွေနဲ့ နှလုံးရောဂါ၊ လေဖြတ်လေဖြန်းရောဂါတွေ ဆက်စပ်မှုရှိကြောင်းကိုတော့ လေ့လာမှုတွေ ဆက်လုပ်ဖို့ လိုပါသေးတယ်။
အဓိက မှတ်သားရမှာက -
ဆရာဝန်တွေရော၊ အမျိုးသမီးတွေရော သတိထားဖို့က မဖြစ်ခင် ကာကွယ်ဖို့ပါ။
နှလုံးအတွက် ကောင်းတဲ့ အစားအသောက်တွေ စားမယ်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်မယ်၊ ကိုယ်အလေးချိန်ကို မှန်မှန်ထိန်းသိမ်းမယ်၊ နှလုံးနဲ့သွေးကြောရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှောင်ရှားမယ်ဆိုရင် ကာကွယ်နိုင်မှာပါ။ ကိုလက်စထရောပမာဏ၊ သွေးပေါင်၊ သွေးတွင်းအချိုဓာတ်တွေကို ဘယ်လောက်ပဲနေကောင်းနေနေ မှန်မှန်စစ်ဆေးနေဖို့ လိုပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ရမှာပါ။ နှလုံးရောဂါနဲ့ လေဖြတ်လေဖြန်းတာတွေကို ကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်ရမှာပေါ့။ ဒါကြောင့် ပူရှိန်းရှိန်းလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























