ပျိုပျိုမေတို့ ဓမ္မတာဆိုင်ရာ အတွေးအခေါ်အမှားများ
အတွေးအခေါ်အမှား : ရာသီသွေးဆိုတာ ပုပ်ပုပ်နံနံကြီးပဲ။
ရာသီသွေးတွေဟာ ကိုယ်ခန္ဓာကသွေးတွေလိုပဲ သန့်သန့်လေးပါ။ သူ့ဟာသူဆိုရင် မနံတတ်ဘူး။ ဒါပေမဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းပေါ်မှာ သွေးတွေစုပုံလာတော့ ဘက်တီးရီးယားတွေ ပွားလာပြီး ငါးညှီနံ့လိုလို အနံ့ဆိုးတွေ ထွက်လာတတ်တယ်။ ဒီလိုအနံ့ဆိုးတွေ မဖြစ်လာအောင် လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးသင့်တယ်။
အတွေးအခေါ်အမှား : အပျိုဖော်ဝင်တာနဲ့ လတိုင်းလတိုင်း၂၈ ရက်တစ်ခါ ရာသီသွေးဆင်းရမယ်။
တစ်လနဲ့တစ်လ ရာသီလာတာ မတူနိုင်ဘူး။ အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ပြောင်းလဲလာတတ်တယ်။ အများစုကတော့ ၂၈ ရက် စက်ဝန်းရှိပေမယ့် တချို့မှာ ပိုတိုတာ၊ ပိုရှည်တာတွေ ရှိနိုင်တယ်။
အတွေးအခေါ်အမှား : ရာသီလာတဲ့ရက် ၃ ရက်ထက် ပိုတိုရင် ဒါမှမဟုတ် မမှန်ရင် မျိုးမပွားနိုင်တာ၊ ပုံမမှန်တာမျိုး ဖြစ်တတ်တယ်။
ရာသီစက်ဝန်းရက် ကြာချိန်တွေ၊ မှန်/မမှန်တွေဟာ မျိုးပွားနိုင်စွမ်းနဲ့ ဘာမှမဆိုင်ဘူး။ ရာသီလာတဲ့ရက် ၂ ရက်ကနေ ၇ ရက်၊ ရာသီစက်ဝန်းအပိုင်းအခြား ၂၁ ရက်ကနေ ၄၅ ရက်တွေဟာ ပုံမှန်ပါပဲနော်။ ရာသီကြာချိန်၊ စက်ဝန်း မှန်/မမှန်တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
အတွေးအခေါ်အမှား : အမျိုးသမီးတိုင်းဟာ ရာသီလာချိန် စိတ်တို၊ စိတ်ဆတ်၊ စိတ်အပြောင်းအလဲ များတတ်တယ်။
ဒီလိုရာသီမလာခင် စိတ်အခြေအနေ အပြောင်းအလဲတွေ ဖြစ်တာဟာ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ဒါပေမဲ့ အမျိုးသမီးတိုင်းတော့ ဒီလိုဖြစ်တာ မဟုတ်ပါဘူး။ ဒီလိုအပြောင်းအလဲ ဖြစ်တာတွေဟာလည်း ရာသီ စလာတာနဲ့ ပျောက်သွားမှာပါပဲ။
အတွေးအခေါ်အမှား : ဓမ္မတာလာချိန်မှာ လေ့ကျင့်ခန်း မလုပ်သင့်ဘူး။
တကယ်တော့ နာတာ၊ ကျင်တာဟာ နည်းနည်းပါးပါးပဲ။ ပုံမှန်လုပ်နေကျ လုပ်စရာ ကိုင်စရာတွေကိုတော့ မရပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ခံစားရတာတွေကို ပိုတောင် သက်သာစေနိုင်ပါသေးတယ်။
အတွေးအခေါ်အမှား : ရာသီလာချိန် တချို့အစားအစာတွေကို စားလို့မရဘူး။
ပုံမှန်လောက်စားတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ တချို့အစားအစာတွေက ရာသီလာချိန်မှာ နည်းနည်း ကသိကအောက် ဖြစ်စေတတ်လု့ိ ရာသီလာချိန်လေးမှာ ခဏတော့ ရှောင်ပါ။
အတွေးအခေါ်အမှား : ရာသီလာချိန် ရေမချိုး၊ ခေါင်းမလျှော်ရဘူး။
တချို့တွေက ရာသီလာချိန် ရေအေးနဲ့ ရေချိုး၊ ခေါင်းလျှော်တာက နာကျင်မှုတွေကို ပိုဆိုးစေတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ရေနွေးနွေးလေးနဲ့ ချိုးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နာတာ၊ ကျင်တာကို သက်သာစေနိုင်တယ်။
အတွေးအခေါ်အမှား : ရာသီလာချိန် မူးဝေတတ်ရင် သွေးတွေ အများကြီး ဆုံးရှုံးသွားလု့ိ ဖြစ်တာတဲ့။
ပျမ်းမျှအားဖြင့် ရာသီလာချိန်မှာ သွေး ၈၀-၈၅ml လောက် ဆုံးရှုံးတတ်တယ်။ ပုံမှန်ကျန်းမာနေတဲ့ လူတစ်ယောက်မှာရှိတဲ့ သွေးပမာဏ ၂၅၀၀ml နဲ့ ယှဉ်ကြည့်လိုက်ရင် ဆုံးရှုံးတဲ့ပမာဏက သိပ်မဆိုးဘူး။ ဒါပေမဲ့ ဗိုက်အရမ်းအောင့်ရင်၊ နဂိုကတည်းက သွေးအားနည်းရောဂါရှိရင် ရာသီလာချိန်မှာ ပိုဆိုးတတ်တယ်။ အကယ်၍ ရာသီသွေးက ပုံမှန်ထက်ကို များနေရင်၊ ရာသီလာတိုင်း မူးမူးနေတတ်ရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကြည့်ပါ။
အတွေးအခေါ်အမှား : ရာသီသွေးဆိုတာ မကောင်းတဲ့သွေးတွေ ခန္ဓာကိုယ်က ထွက်သွားတာမို့လို့ ရာသီသွေးများလေ ကောင်းလေပဲ။
၈ ရက်ထက် ရာသီလာနေရင်၊ ရာသီသွေး များလွန်းလို့ ပုံမှန်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်ရင်၊ ၄ နာရီခြား တစ်ခါလောက်ကို လစဉ်သုံး လဲနေရရင် ရာသီသွေး များတယ်လု့ိ ယူဆတယ်။ ဒီလို များနေရင်တော့ သားအိမ်အသားလုံးတွေ၊ သားအိမ်အတွင်းသား နေရာမှားနေတာတွေ၊ တင်ပါးဆုံရိုး အတွင်းအင်္ဂါ ရောင်ရမ်းတာတွေ၊ ပုံမမှန်သွေးဆင်းရောဂါတွေ ရှိ၊ မရှိ ရှာဖွေဖို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ရမယ်။
အတွေးအခေါ်အမှား : ဓမ္မတာလာချိန် နာကျင်နေတာ ပုံမမှန်ဘူး။
ရာသီလာချိန်မှာ သားအိမ်က အတွင်းသားတွေကို ညှစ်ထုတ်ပေးတာကြောင့် ရာသီလာချိန် နာတာပါ။ ဒီလိုနာတာကို သက်သာဖို့ ဗိုက်ကလေးကို ပွတ်ပွတ်ပေးတာ၊ အပူအိတ်ကပ်ပေးတာ၊ ရေပူပူလေး ချိုးတာတွေ လုပ်ပေးလို့ရတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်တာကတော့ ရာသီလာချိန် နာကျင်တာတွေကို သက်သာစေတယ်။ ဒါပေမဲ့ အရမ်းနာလာရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။
Dr. Emerald (www.drmyanmar.com)






























