ပျိုမေတို့ကို အထိတ်တလန့်ဖြစ်စေတဲ့ ရာသီထိန်ခြင်း
ပုံမှန်ရာသီလာနေကျအချိန်တွင် မလာသေးပါက ကျွန်မတို့ မိန်းကလေးတိုင်းလိုလို ထိတ်လန့်တတ်ကြပါတယ်။
ရာသီထိန်ခြင်းဆိုတာ ပျိုမေတို့ ပုံမှန်လာနေကျ ရာသီပန်းမပွင့်ခြင်းကို ဆိုလိုတာဖြစ်ပြီး ရာသီ လုံးဝမပေါ်ခြင်း နဲ့ ရာသီထိန်ခြင်း ဆိုပြီး နှစ်မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
ရာသီလုံးဝမပေါ်ခြင်းကတော့ မိန်းကလေးများ အသက် ၁၄-၁၆ နှစ်အရွယ်ဝန်းကျင်သို့ ရောက်တဲ့တိုင်အောင် ရာသီမလာသေးတဲ့အခါမျိုး လို့ အကြမ်းဖျင်းသတ်မှတ်ပြီး ရာသီထိန်ခြင်းကတော့ ပုံမှန်ရာသီလာနေရင်း သုံးလ/သုံးလအထက် ရာသီလာဖို့ ပျက်ကွက်တဲ့အခါကို ခေါ်ဆိုပါတယ်။
>> ရာသီထိန်ရတဲ့ အကြောင်းရင်းတွေကတော့ -
● ကိုယ်ဝန်ရှိခြင်း
● အလွန်အမင်း ဝိတ်တက်လာခြင်း/ကျခြင်း
● လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း
● ဟော်မုန်း အပြောင်းအလဲများဖြစ်ခြင်း
● စိတ်ဖိစီးခြင်း
● ကလေးနို့တိုက်နေခြင်း
● နာမကျန်းဖြစ်ခြင်း
● ရောဂါပိုးဝင်ခြင်း
● လိင်ကတဆင့် ကူးစက်သောရောဂါများ
● အစားရှောင်ခြင်းနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
● သန္ဓေတားဆေး သောက်နေရင်းကနေ ဆေးရပ်လိုက်ခြင်း စတဲ့အချက်တွေကြောင့် ဖြစ်စေပါတယ်။
>> ကာကွယ်လို့ရမလား
ရာသီထိန်ခြင်းကို တားဆီးဖို့ ခဲယဉ်းပါတယ်။ သို့သော် အောက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် အထိုက်အလျောက် ကာကွယ်နိုင်ပါလိမ့်မယ်။
● ကျန်းမာကြံ့ခိုင်အောင်နေပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချခြင်း၊ အာဟာရပြည့်ဝအောင် စားသုံးခြင်း၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိအောင် နေထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
● ရာသီလာချိန်တိုင်းကို ရေးမှတ်ထားပါ
ပုံမှန်ရာသီလာတိုင်း နေ့ကိုမှတ်ထားပြီး ကြာချိန်ကိုပါ မှတ်သားထားပါ။
● စိတ်ဖိစီးမှု နည်းပါးပါစေ
စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး ထိခိုက်စေတဲ့အပြင် ရာသီစက်ဝန်းကိုပါ ထိခိုက်စေပါတယ်။
ပျိုမေတို့အနေနဲ့ သန္ဓေတားဆေး သောက်နေခြင်းမရှိဘဲ ရာသီထိန်ခြင်း ဖြစ်ပေါ်ပါက ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးခြင်း ပြုလုပ်သင့်ပြီး မရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရာသီမလာတဲ့ အကြောင်းရင်းကို စိစစ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























