/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မေမေတစ်ယောက်ရဲ့-အတွေ့အကြုံ-ကလေးလေးကို-ပြုစုစောင့်ရှောက်ရတာ

မေမေတစ်ယောက်ရဲ့ အတွေ့အကြုံ (** ကလေးလေးကို ပြုစုစောင့်ရှောက်ရတာ ပင်ပန်းလိုက်တာ ... ဒါဟာ ပုံမှန်မှ ဟုတ်ရဲ့လား **)

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကျွန်မရဲ့ ပထမကလေးကို 2013 မှာ မွေးခဲ့ပါတယ်။ ကလေးက ပေါင်မပြည့်တာကလွဲပြီးတော့ တခြားဟာတွေ ပုံမှန်ပါပဲ။ ကလေးမွေးပြီး ၃ လအကြာမှာ ကျွန်မမှာ ထူးခြားတဲ့လက္ခဏာတွေ ခံစားလာရတယ်။ ညဘက်ဆိုရင် နှလုံးခုန်ရပ်သွားသလို ဖြစ်ပြီးတော့ လန့်နိုးလာတယ်၊ အသက်ရှူ ရပ်မတတ် ခံစားရလို့ အမျိုးသားကို ရှာဖို့ရာမှာလည်း ခြေထောက်နောက်က ကြွက်သားတွေက အရမ်းတုန်နေတော့ လှုပ်ရှားလို့မရ ဖြစ်နေတတ်ပါတယ်။ နေမကောင်းသလို၊ ပင်ပန်းနွမ်းနယ်သလို ခံစားလာရတယ်။ ကျွန်မ အမျိုးသားကတော့ ကလေးနို့တိုက်နေရတော့ အစာစားတာနည်းလု့ိ၊ သကြားဓာတ်နည်းလို့လို့ ထင်ပြီးတော့ ငှက်ပျောသီးတွေ ကျွေးပါတယ်။ ဆရာဝန် သွားပြတော့လည်း သကြားဓာတ်နည်းတာလို့ ယူဆကြပါတယ်။

          နောက်ထပ် ၁ လလောက်ကြာတော့ ပိုပိုပြီးတော့ ပင်ပန်းနွမ်းနယ်လာပြီးတော့ လူကလည်း နှေးကွေးလေးလံလာတယ်။ ကလေးကို ညဘက်ထပြီး နို့တိုက်ရတာ၊ နေ့လယ်ဘက်တွေမှာ အလုပ်တွေလုပ်ရတာနဲ့ တဖြည်းဖြည်းနဲ့ ကလေးတာဝန်ယူရတာတွေကလည်း အတော်ခက်ခဲလာတယ်။ အမျိုးသားကလည်း ကျွန်မကို ဘာတွေဖြစ်နေတာလဲ ဒါလေးကိုတောင်မှ ခံနိုင်ရည်မရှိဘူးလားဆိုပြီး မေးလာတယ်။ ကျွန်မကိုယ်တိုင် အပါအဝင် ဘယ်သူကမှ ဒါကို ကျန်းမာရေးပြဿနာလို့ မထင်ခဲ့ကြဘူး။ ကလေးကို ပြုစုစောင့်ရှောက်လို့ ဖြစ်နေတယ်ပဲ ထင်ကြတယ်။ နောက်ပိုင်းမှာလည်း အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီးတော့ ည ၇ နာရီမှာအိပ်ပြီး မနက် ၇ နာရီမှထတာတောင်မှ အိပ်ရေးမဝဘဲနဲ့ ဖြစ်နေတယ်။ အိပ်ပဲအိပ်ချင်နေတယ်။ ဒါပေမဲ့ ကလေးကလည်း ညဘက်တွေမှာ ငိုတော့ လေး၊ ငါးကြိမ်လောက် ထရတော့ တစ်ညကို ၄-၅ နာရီထက် ပိုမအိပ်ရပါဘူး။ ဒီတော့ နေ့လယ်ဘက် ကလေးအိပ်တဲ့အချိန်တွေမှာ ကိုယ်လည်း ငိုက်လာတယ်။ ခေါင်းထဲမှာလည်း ထိုင်းမှိုင်းနေတာပဲ။ စကားလုံးတွေတောင်မှ စဉ်းစားမရဘဲ မေ့လာတယ်။

          ကလေး အသက် ၁၀ လမှာ အမျိုးသားက အလုပ်နဲ့ခရီးသွားရလို့ ကျွန်မအမေက လာနေပြီးတော့ ကူပေးတယ်။ ဒီအချိန်မှာ ကျွန်မကလည်း အရမး်ကို ထိုင်းမှိုင်းလေးလံနေတော့ အမေက ဆရာဝန်ပြဖို့ ခေါ်သွားတယ်။ ဆရာဝန်က သွေးအားနည်းနေတယ်လု့ိထင်လို့ အဲ့ဒီအတွက်ဆေးတွေ ပေးလိုက်ပါတယ်။ သိုင်းရွိုက်ပြဿနာလို့ သိပ်မထင်ပေမယ့်လည်း သွေးစစ်ဖို့တော့ သဘောတူခဲ့တယ်။

          ၂ ရက်ကြာတဲ့အခါမှာ သွေးစစ်ချက်အရ ကလေးမွေးပြီး သိုင်းရွိုက်ရောင်ရမ်းခြင်းကြောင့် သွေးအားနည်းပြီး သိုင်းရွိုက်ဟော်မုန်းလည်း နည်းနေးတယ်ဆိုတာကို သိရပါတယ်။ ဆရာဝန်က ကလေးနို့တိုက်တာကို ရပ်ထားဖို့ ပြောပါတယ်။ ကလေးညဘက်တွေ ငိုတာကို အမေက ကူကြည့်ပေးပါတယ်။  ကျွန်မကတော့ သံဓာတ်အားဆေးတွေနဲ့ ဟော်မုန်းဆေး (Levothyroxine 75 mg) နေ့စဉ်သောက်ရပါတယ်။       စိတ်ရှုပ်ထွေးနေတာတွေ ပြန်ကောင်းလာဖို့ ၃ လလောက် ကြာပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မ ပုံမှန်ပြန်ဖြစ်လာပါတယ်။ တကယ်ကို ပင်ပန်းခဲ့ရတဲ့ အခိုက်အတန့်တွေပါပဲ။

          ၉ လလောက်ကြာတော့ နောက်ထပ်ကလေးယူဖို့ ဆရာဝန်နဲ့ ဆွေးနွေးတဲ့အခါမှာ နောက်ထပ်ကလေးရဖို့ ကြာနိုင်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ ထပ်စိတ်ညစ်ရပြန်တာပေါ့။ ဒါပေမဲ့လည်း ကံကောင်းစွာပဲ လအနည်းငယ်ကြာတော့ ကလေး ထပ်ရပါတယ်။ ဆေးလည်း တိုးပေးပြီးတော့ ၆ ပတ်တစ်ကြိမ် သွေးစစ်ရတယ်။

          ဒုတိယကလေးက ၃ ပတ် စောမွေးပေမယ့် ပေါင်ပြည့်ပါတယ်။ ကလေးကို နို့တိုက်ဖို့ ကြိုးစားပေမယ့်လည်း မစို့လို့ ညှစ်ပြီးတော့ တိုက်ရတယ်။ ၆ ပတ်လောက် ညှစ်တိုက်ပြီးတော့ နို့ခမ်းသွားတဲ့အတွက် သွေးစစ်ကြည့်တဲ့အခါမှာ သိုင်ရွိုက်ဟော်မုန်း thyroxine အရမ်းနည်းနေပြီးတော့ သွေးအားလည်းနည်း၊ ကျောက်ကပ်ကလည်း ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် ကလေးကို  နို့မှုန့်ပဲတိုက်ဖို့ အကြံပေးပါတယ်။

           ၆ ပတ်တစ်ကြိမ် သွေးဆက်စစ်ပြီးတော့ ကိုယ်အလေးချိန်ကျဖို့အတွက် cardio exercise တွေလုပ်၊ အစားအစာလည်း ကန့်သတ်စားရပါတယ်။ အရမ်းခက်ပေမယ့်လည်း ကိုယ်အလေးချိန် ပုံမှန်ကို ပြန်ရောက်တော့ပျော်ပါတယ်။

          ရှားပါးပေမယ့် ကလေးမွေးပြီးနောက် သိုင်းရွိုက်ရောင်ရမ်းတာဟာ ဖြစ်လေ့ရှိတဲ့ရောဂါတစ်မျိုးပါ။ ပုံမှန်အားဖြင့် အမျိုးသမီးအများစုရဲ့ သိုင်းရွိုက်က ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်တတ်ပါတယ်။ ကျွန်မကတော့ နောက်ပိုင်းရေရှည်မှာ ဖြစ်လာမယ့်ဆိုးကျိုးတွေဖြစ်တဲ့ နှလုံးပြဿနာတွေနဲ့ သွေးကြောပြဿနာတွေအတွက် စိတ်ပူပါတယ်။ ဆေးတွေ နေ့တိုင်းသောက် သွေး အမြဲစစ်နေရပေမယ့်လည်း ကင်ဆာ မဟုတ်တာရယ်၊ မသေသေးတာရယ်အတွက် ကျေးဇူးတင်ပါတယ်။ ကံလည်းကောင်းတယ်လို့ ပြောရပါမယ်။

          မေမေတို့လည်း ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု အချက်ပြတဲ့အခါ မပေါ့လျော့ဘဲ ဆရာ၀န်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

Dr. Mya Myo Myo Swe (www.drmyanmar.com)