/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားဓာတ်မှန်

ရင်သားဓာတ်မှန်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရင်သားဓာတ်မှန်ဟာ ဓာတ်ရောင်ခြည် အနုစားကို အသုံးပြုပြီး ဘာမှမစမ်းသပ်မိခင်၊ မတွေ့ရခင်မှာကတည်းက ရင်သားတစ်သျှူးအပြောင်းအလဲတွေကို တွေ့ရှိနိုင်ပါတယ်။

 

>>    ဘာကြောင့် လုပ်ရတာလဲ?

          ရင်သားဓာတ်မှန်ဟာ ကုသပျောက်ကင်းနိုင်တဲ့ ရင်သားကင်ဆာ အစောဆုံးအဆင့်တွေကိုတောင် တွေ့ရှိနိုင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားမှုကို မကာကွယ်နိုင်ပေမယ့် ရင်သားကင်ဆာကြောင့် သေဆုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အသက် 50 ကျော် အမျိုးသမီးတွေမှာ 2 နှစ်တစ်ခါလောက် စမ်းသပ်ကြည့်ပေးသင့်ပါတယ်။ ရင်သားဓာတ်မှန်ရိုက်ခြင်းဖြင့် အသက် 50 အောက် အမျိုးသမီးတွေမှာ 75% သော မထင်မှတ်ထားတဲ့ ရင်သားကင်ဆာကို တွေ့ရှိနိုင်ပြီး အသက် 50 အထက်မှာ 85% တွေ့ရပါတယ်။ 2 နှစ်တစ်ခါ လုပ်ရမယ်ဆိုပေမယ့် ဓာတ်ရောင်ခြည်ပမာဏ နည်းပါးတာကြောင့် ဓာတ်ရောင်ခြည်သင့် အန္တရာယ်ကို စိုးရိမ်စရာ မလိုအပ်ပါဘူး။

 

>>    ဘယ်သူတွေမှာ လုပ်သင့်သလဲ?

          အသက် 45 နှစ်အထက် အမျိုးသမီးတွေမှာ 2 နှစ်တစ်ခါ စစ်ဆေးသင့်သလို ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုငး် စစ်ဆေးနိုင်ပါတယ်။

 

>>    ဘယ်လောက်ထိ တိကျသလဲ?

          အခြားကျန်းမာရေး စစ်ဆေးမှုတွေလိုပဲ ရင်သားဓာတ်မှန်ဟာလညး် ပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ တစ်ခါတစ်ရံ ဘာရောဂါမှမရှိပါဘဲ တစ်ခုခု မှားယွင်းပြသနိုင်သလို 2 နှစ်တစ်ကြိမ် စစ်ဆေးနေတဲ့ အတောအတွင်း ရင်သားကင်ဆာလက္ခဏာတွေကို တွေ့တာမျိုးလည်း ရှိနိုင်ပါတယ်။ တချို့ရင်သားကင်ဆာတွေကို ဓာတ်မှန်မှာ မတွေ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ ရင်သားဟာ အသက်ကြီးလာပြီး သွေးဆုံးချိန်မှာ တဖြည်းဖြည်း ပျော့တွဲလာတာကြောင့် ကင်ဆာအကျိတ်ကို အလွယ်တကူ တွေ့နိုင်ပေမယ့် သွေးမဆုံးသေးသူ အမျိုးသမီးတွေမှာ ရင်သားကျစ်လျစ်မှုကြောင့် မှားယွင်းတတ်ပါတယ်။

          ဒါ့အပြင် ဓာတ်မှန်ဆရာဝန်က ဘယ်လောက်ပဲတော်တော် ဓာတ်မှန်ကြည့်ရာမှာ မှားယွင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံ ကြီးထွားမှု မြန်ဆန်လွန်းတဲ့ ကင်ဆာမျိုးဖြစ်တာလည်း ရှိတတ်ပါတယ်။ ဒီအချက်တွေကလွဲရင် ရင်သားဓာတ်မှန်ဟာ ရင်သားကင်ဆာကို စောစောသိပြီး အသက်မဆုံးရှုံးရစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

 

>>    အသက် 45 နှစ်မှ 69 နှစ်အတွင်း အမျိုးသမီးများ သိသင့်တဲ့ အကြောင်းအရာများ

          ပုံမှန်ရင်သားစစ်ဆေးမှုဟာ အသက် 45 နှစ်မှ 69 နှစ်အတွင်း အမျိုးသမီးတိုင်း လုပ်သင့်ပေမယ့် အကျိုးအများဆုံး ရသူတွေကတော့ အသက် 50 မှ 69 အတွင်း အမျိုးသမးီတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် -

1.       အသက် 50 အောက် အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး သိပ်သည်းမှု များတဲ့အတွက် ကင်ဆာကိုတွေ့ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့် ကင်ဆာ လေးပုံတစ်ပုံလောက်ကို မတွေ့ဘဲ ကျော်သွားတတ်ပါတယ်။

2.       ဒါတင်မကဘဲ အသက် 50 အောက် အမျိုးသမီးတွေမှာ တကယ်မရှိဘဲ ကင်ဆာရှိတယ်လို့ ပြတတ်တာကြောင့် မလိုလားအပ်တဲ့ စစ်ဆေးမှုတွေ၊ စိတ်ပူပန်မှုတွေကို ဖြစ်စေတတ်ပါတယ်။

 

>>    ရင်သားဓာတ်မှန်ရိုက်ဖို့ ဘာတွေလိုအပ်သလဲ?

          အပေါ်ပိုင်း အကျႌချွတ်ဖို့ လိုတာကြောင့် ချွတ်ရလွယ်မယ့် ဘလောက်စ်အကျႌမျိုးကို ဝတ်သင့်ပါတယ်။ ရိုက်တဲ့အခါ လဲဝတ်ရမယ့် အပေါ်ရုံအကျႌ ပေးပါလိမ့်မယ်။ ပေါင်ဒါတွေ၊ ခရင်မ်တွေ၊ ချိုင်းတောင့်တွေ သုံးခြင်းက ကင်ဆာအကျိတ်ကို ရှာရခက်စေတတ်ပါတယ်။ အရင်တုန်းက ရိုက်ဖူးတဲ့ ရင်သားဓာတ်မှန်တွေ၊ အမြင်အာရုံ မကောင်းသူတွေမှာ ဖောင်ဖြည့်ဖို့ လိုနိုင်တာကြောင့် မျက်မှန်နဲ့ အဖော်တစ်ယောက်ပဲ လိုပါတယ်။

 

>>    ရင်သားဓာတ်မှန် ရိုက်တဲ့အခါ ...

          ရင်သားတစ်ဖက်စီကို ဓာတ်မှန်ပြားထဲညှပ်ပြီး ရိုက်ရတာ ဖြစ်တဲ့အတွက် အနည်းငယ် ကသိကအောင့် ဖြစ်တတ်ပေမယ့် ဓာတ်မှန်ရိုက်ချိန်ဟာ စက္ကန့်ပိုင်းလောက်ပဲ ကြာမှာပါ။ တစ်စုံတစ်ရာ ခံစားရပါက ဆရာဝန်ကို ပြောပြပါ။ အချိန်အများဆုံး မိနစ် 30 လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။

 

>>    ဆိုးကိျုး

          ဓာတ်ရောင်ခြည် အလွန်နည်းတာကြောင့် ဓာတ်ရောင်ခြည်ရဲ့ ဆိုးကိျုးတွေကို စိတ်ပူစရာ မလိုအပ်ပါဘူး။ အမှားအယွင်း အနည်းငယ် ရှိနိုင်တဲ့အတွက် ရင်သားကင်ဆာရှိလျက်နဲ့ မရှိဘူးဆိုတဲ့အဖြေ ထွက်တာမရှိဘဲနဲ့ ရှိတယ်ဆိုတဲ့ အဖြေထွက်တာမျိုးတွေ ရှိတတ်ပါတယ်။ ရင်သားအပြောင်းအလဲ တစ်ခုခုရှိပါက စိုးရိမ်စရာ လို၊ မလို သိရှိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ရပါမယ်။

Dr. Emerald (www.drmyanmar.com)