/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားမှာ-အလုံးအကျိတ်တစ်ခု-စမ်းမိတဲ့အခါ

ရင်သားမှာ အလုံးအကျိတ်တစ်ခု စမ်းမိတဲ့အခါ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ပင်ပန်းနေတဲ့ ဆရာ၀န်မလေး မေမိုးသာတစ်ယောက် ... ည၀တ်ဂါ၀န်လေး၀တ်ကာ အိပ်ရာပေါ်မှာ လှဲနေရင်း မိမိရင်သားပေါ်ကို လက်ကလေး တင်လိုက်ပါတယ်။ အသာအယာ ပွတ်သပ်နေရင်း ရင်ဘတ်ပေါ်မှာ အဖုလိုမျိုး အသားတင်းနေတာလေးတစ်ခုကို ရုတ်တရက် စမ်းလိုက်မိပါတယ်။ မေမိုးတစ်ယောက် အလန့်တကြား အိပ်ရာကနေ ထလိုက်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ မှန်ရှေ့မှာ ရပ်နေပေမယ့် မိမိရဲ့ လှပတင်းရင်းနေတဲ့ ရင်သားပေါ်မှာ ဘာမှထူးထူးခြားခြား မမြင်မိ။

          မသိလိုက်တဲ့ အချိန်အတွင်းမှာ သေမင်းတမန်အကျိတ်တစ်ခုက သူမရဲ့ ညာဘက်ရင်သားအောက်မှာ တိတ်တိတ်လေး ကြီးထွားနေခဲ့ပါပြီ။

          ဆရာဝန်မလေး မေမိုးဟာ ရင်သားတွင်းက ဘာမှန်းမသိတဲ့အရာလေးကို တစ်ခုခုတော့ လုပ်ဖို့လိုတယ်ဆိုတဲ့ ဉာဏ်အသိတစ်ချက်ကတော့ လင်းလက်နေလျက်။ စောတွေ့တာက အားသာချက်ဆိုတာ အခိုင်အမာ ယုံကြည်ထားသူပါ။

          သူမ ချက်ချင်း ရင်သားဓာတ်မှန် ရိုက်ပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ ထပ်မံစမ်းသပ် စစ်ဆေးပါတယ်။ ကင်ဆာဆိုရင်တောင် သူမဘက်က လက်ဦးမှုယူရမယ်ဆိုတာ အပီအပြင် စဉ်းစားပြီးသား။

          တကယ်တမ်းအဖြေတွေ တိတိကျကျ ထွက်လာတဲ့အချိန်မှာတော့ သူမ ခံနိုင်ရည်မရှိခဲ့ပါဘူး။ မျှော်လင့်ပြီးသားပေမယ့် ဆိုးဝါးတဲ့ကင်ဆာကျိတ်တစ်ခုဆိုတာကို သိလိုက်ရတဲ့အသိဟာ သူမကို ရက်ပေါင်းများစွာ နလန်မထူနိုင်အောင် ထိုးနှက်ခဲ့ပါတယ်။

          ရပ်နေရင် ဒီဝေဒနာက ငါ့ကိုနိုင်သွားမှာ ... ရှေ့ဆက်စရာရှိတာ ဆက်ရမှာပဲ၊ အရှုံးတော့ မပေးနိုင်ဘူး။ ဒါပေမဲ့ သူမ စိတ်ရောကိုယ်ပါ နွမ်းလျနေခဲ့ပါပြီ။

          ကင်ဆာက သူမကို တစ်စစီမခြွေခင် စိတ်ပိုင်းဆိုင်ရာနဲ့တင် အလူးအလဲပါပဲ။ သိထားတဲ့သူတစ်ယောက်ရဲ့ ရောဂါဗဟုသုတဟာ ဘာမှန်းမသိတဲ့ အခြေအနေထက် အဖျက်စွမ်းအား သိပ်ကြီးလွန်းပါတယ်လေ။

          သူမရဲ့ ရင်သားတွေကို ခွဲစိတ်ဖြတ်ထုတ်ခဲ့ရတဲ့အပြင် ဆေးသွင်း ဓာတ်ကင်တာတွေ အဆင့်ဆင့် ပြုလုပ်ရပါတယ်။

          ခွဲစိတ်မှုက ရှည်လျားပြီး စိတ်ဖိစီးရပါတယ်။ ကင်ဆာကျိတ်ကို ဖြတ်တောက်ထုတ်ပြီးတဲ့အပြင် ကျန်ရစ်နေရာကိုပါ ဓာတ်ကင်ခဲ့ပါတယ်။ ကင်ဆာဆေး ဆက်လက်သွင်း ရပြန်ပါတယ်။ သူမ ရောဂါက ထင်မထားလောက်အောင် မြန်ဆန်စွာ ကြီးထွားနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ဖြစ်ပါတယ်။

          ငွေလည်းကုန်၊ လူလည်း နလန်မထူလောက်အောင် ခံစားခဲ့ရပေမယ့် ထိုက်တန်ပါတယ်။

          ကင်ဆာ လုံးဝကင်းစင်ပြီး ပြန်လည်ကျန်းမာ ထူထောင်လာခဲ့တာ အခုဆို နှစ်ချီတောင်ကြာနေခဲ့ပြီ။ သူမ ပျော်ပျော်ကြီး ဘဝကို ရှေ့ဆက်နေပါတယ်။ သူမမှာ တစ်ချိန်က ကင်ဆာကျိတ်ရှိခဲ့ဖူးတယ်ဆိုတာတောင် မေ့ချင်သလိုလိုပါပဲ။

          ဒါပေမဲ့ သူမ လုံးဝမေ့မရပါဘူး။ ရှည်လျားတဲ့ဆေးသွင်းညတွေ။ ခွဲစိတ်ခန်းရဲ့ အေးစက်တဲ့ အငွေ့အသက်။ မုန်းစရာဆေးရုံအနံ့။ သူငယ်ချင်းတွေရဲ့ ပန်းစည်းတွေ။ ပင်ပန်းနေတဲ့ မိခင်နဲ့ဖခင်။ ဒါတွေက သူမဘဝမှာ တံဆိပ်တစ်ခုအနေနဲ့ မှတ်ဉာဏ်မှာ ထင်းထင်းလင်းလင်း ရိုက်နှိပ်ခဲ့ပြီး ဖြစ်ပါတယ်။

          တကယ်တော့ အဲဒီမှတ်ဉာဏ်ဟာ အောင်မြင်မှုမှတ်ဉာဏ်ပါ။ သူမနဲ့ မိသားစုရဲ့ အရှုံးမပေးမှုရလဒ်လေ။ သူမ အသက်ရှင်လာခဲ့တာ မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ အမြတ်အစွန်းတစ်ခု ဖြစ်ပါတယ်။ ရင်းနှီးရတဲ့အချိန်တွေ၊ ငွေတွေ၊ စိတ်ပူစိတ်ဆင်းရဲရမှုတွေ လွင့်စင်ခဲ့တဲ့တစ်ချိန်ကို သူမ ပိုင်ဆိုင်ခဲ့ပြီလေ။

          ရင်သားကင်ဆာကြောင့် မိသားစုဝင် ဆုံးရှုံးခဲ့ရသူတွေအတွက် အရေးအကြီးဆုံး သတိတရားတစ်ခုကို တပ်ဆင်ပေးပါရစေ။

 

>>    အမျိုးသမီးတို့ရေ ...

●        မိမိကိုယ်သာ အားကိုးရာပါ။ မိမိရင်သားကို နေ့စဉ် စမ်းသပ်စစ်ဆေးပါ။

●        လက်ဖဝါးလေးနဲ့ ရင်သားပေါ်ကို လှိမ့်ပြီး ရေချိုးရင်း လှဲနေရင်း အခါအခွင့်သင့်တိုင်း စမ်းသပ်ကြပါ။

●        အဖုလိုလို မသင်္ကာစရာ တွေ့တဲ့အခါ ချက်ချင်း ထိထိရောက်ရောက် တုံ့ပြန်ကြရအောင်။

●        နေ့စဉ် ရင်သားကို လက်ဝါးလေးနဲ့ နှစ်ဖက်လုံး စမ်းသပ်စစ်ဆေးပါ။ ရင်သားတစ်ပြင်လုံး ပါဝင်ရပါမယ်။

●        အလုံးအကျိတ် ဘုသီးလိုမျိုး၊ အရေပြားမာနေတာလိုမျိုး တစ်ခုခု တွေ့တဲ့အခါ ခံစားရတဲ့အခါ ရင်သားဓာတ်မှန် ရိုက်ပါ။

●        ဆရာဝန်၊ ဆရာမနဲ့ ထပ်မံပြသ စစ်ဆေးပါ။

●        လိုအပ်တဲ့အခါ ရင်သားအကျိတ်ကနေ အပ်နဲ့စုပ်ပြီး ကင်ဆာဆဲလ်ရှာဖွေတဲ့ အသားစစစ်ဆေးခြင်း လုပ်ရပါတယ်။

●        တချို့တွေမှာတော့ အလုံးလိုက် ထုတ်ပစ်ရသလို။ လိုအပ်သလိုရင်သားတွေ ဖြတ်ထုတ်ကုသရလေ့ ရှိပါတယ်။ အကျိတ် ဘယ်လောက်သေးသေး သူ့ရဲ့ပျံနှံနိုင်စွမ်းကို လျှော့တွက်လို့ မရပြန်ပါဘူး။

●        ခွဲပြီးတဲ့နေရာကို ဓာတ်ကင်ရသလို ကင်ဆာဆေးလည်း သွင်းဖို့လိုနိုင်ပါတယ်။

●        မိမိရဲ့ စိတ်အားကိုယ်အား အခြေအနေပေါ် မူတည်ပြီး ကြာရှည်လှတဲ့ ပြန်လည်ထူထောင်ရေး စတင်ရမယ့်အချိန် ရောက်ပါပြီ။

●        သုံးလကနေ ခြောက်လတစ်ခါ ပြန်လည် ဓာတ်မှန်ရိုက်သွေးစစ်ပြီး အလျဉ်းသင့်သလို ပုံမှန်စစ်ဆေးသွားရမှာ ဖြစ်ပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)