ရင်သား နာကျင်ခြင်း
အမျိုးသမီးတွေမှာ ရင်သားနှင့် နို့သီးခေါင်းလေးတွေ နာကျင်နေရခြင်းဟာ အဝတ်လျှော်ဆပ်ပြာနဲ့ ဓာတ်မတည့်လို့ ဒါမှမဟုတ် အတွင်းခံ ကြပ်နေ၊ ချောင်နေလို့စတဲ့ သာမန်အကြောင်းတွေကြောင့် ဖြစ်နိုင်သလို ပုံမှန်လူတွေမှာလည်း ဓမ္မတာလာနေစဉ်၊ ကိုယ်ဝန်ဆောင်နေစဉ်၊ နို့တိုက်နေစဉ်တွေမှာ နာတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ပိုးဝင်ခြင်းနဲ့ ကင်ဆာရောဂါတွေမှာလညး် နာတတ်သေးတာမို့ အကြာင်းအရင်းကို သေချာသိလေအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
>> ကုသနည်း
ပွတ်တိုက်မှုများလို့ နို့သီးခေါင်း ရောင်တဲ့အခါ ကိုယ်နဲ့ ကွက်တိကျမယ့် အတွင်းခံများကို ဝတ်ဆင်ပါ။ ပေါ့ပါးပျော့ပျောင်းတဲ့ အဝတ်အစားများကို ဝတ်ပါ။ နို့သီးခေါင်းအကာများ လိုအပ်ရင် သုံးပါ။ တစ်ခါတလေ အဆီတွေ၊ ခရင်မ်တွေ လိမ်းပေးခြင်းကလည်း သက်သာစေနိုင်ပါတယ်။
ကလေး နို့တိုက်တဲ့အခါမှာလည်း နို့တိုက်ပုံတိုက်နည်း မှန်ကန်ဖို့ အရေးကြီးပါတယ်။
ရာသီစက်ဝန်းကြောင့် ဟော်မုန်းပြောင်းလဲပြီး နာကျင်တဲ့အခါမျိုးမှာ ရေနွေးအိတ် ကပ်တာ၊ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ သောက်တာက သက်သာပျောက်ကင်းစေနိုင်မှာပါ။
ရင်သားကင်ဆာကို ခွဲစိတ်နည်း၊ ဓာတ်ရောင်ခြည် ပြသနည်းနဲ့ ကင်ဆာဆေးသွင်းနည်းတွေနဲ့ ကုသနိုင်ပါတယ်။ Paget's disease ကို ကုသဖို့အတွက် နို့သီးခေါင်းကို လှီးထုတ်ပြီး ကျန်ခဲ့တဲ့ရင်သားကို ဓာတ်ရောင်ခြည်ပြဖို့ လိုပါတယ်။ တချို့လူတွေမှာတော့ ရင်သားတစ်ခုလုံးကို ထုတ်ပစ်လိုက်ရတတ်တာမျိုးလည်း ရှိပါတယ်။
Dr. Emerald (www.drmyanmar.com)






























