/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီပန်းပွင့်တဲ့-အချိန်အခါအလိုက်-စွမ်းအင်ပြည့်ဝ-လှပစေဖို့

ရာသီပန်းပွင့်တဲ့ အချိန်အခါအလိုက် စွမ်းအင်ပြည့်ဝ လှပစေဖို့ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတွေအတွက်ကတော့ ရာသီပန်းပွင့်တာ တစ်လတစ်ခါဖြစ်ပြီး ရာသီမလာခင်၊ လာအပြီးနဲ့ သားဥကြွေတဲ့အခါ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေ အများကြီး ရှိပါတယ်နော်။ ဒီတော့ ပျိုပျိုမေတို့အနေနဲ့ အချိန်အခါအလိုက် မိမိကိုယ်ကို စွမ်းအင်ပြည့်ဝ လှပစေဖို့ ကြိုးစားကြည့်ရအောင် ...

          ရာသီလာနေစဉ် တစ်ပတ်အတွင်းကတော့ မိန်းမဆန်ဆန်လေး တောက်ပလှပနေတဲ့အချိန်ပါတဲ့။ နူးညံ့သိမ်မွေ့မှုတွေ ညင်သာမှုတွေ ခညောင်းနေတဲ့အချိန်ပါတဲ့။

 

>>    အစားတစ်လိုင်း ပျိုမေတို့ ဘာတွေစားရင်ကောင်းမလဲ?

          အစာအုပ်စုထဲမှာ -

●        ဒိန်ချဉ်

●        ပင်လယ်ငါး

●        ပဲအမျိုးမျိုး

●        ခရမ်းချဉ်သီး

●        ဖရဲသီး

●        အမဲသား

●        အသည်းအမြစ်

●        ဟင်းနုနွယ်ရွက်

          ပါဝင်အောင် စားပါတဲ့။

          ဒါ့အပြင် လုပ်နေကျ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ရှောင်ကြဉ်ပြီး ယောဂအပျော့စား လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။

 

          ရာသီလာပြီး တစ်ပတ်ကနေ ဆယ်ရက်အတွင်းမှာတော့ အားအင် ပြန်လည်ပြည့်ဝလာပြီး စိတ်တည်ငြိမ်လာစပြုပါပြီ။

          ဘာစားရမလဲဆိုတော့ -

●        ထောပတ်သီး

●        ပန်းသီး

●        စပျစ်သီး

●        မှိုအမျိုးမျိုး

●        ဘရိုကိုလီ

●        မုန်လာဥနီ

●        ဂေါ်ဖီထုပ်

●        ကြက်ဥတွေ

          စားပေးပါတဲ့။ 

          အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ တွေ့ဆုံမှုတွေ မစပါနဲ့ဦး။ ခါကျက်ဥ ဖျော်ရည်လေးသောက်ပြီး အားမွေးလိုက်ပါဦး။ အတွေးအခေါ်နဲ့ တီထွင်နိုင်စွမ်း မြင့်နေတတ်တာမို့ အကြံဉာဏ်ကောင်းလေးတွေ ထွက်တဲ့အချိန်ပါပဲ။

 

          သားဥစကြွေတဲ့ ငါးရက်အတွင်း ရောက်လာရင်ဖြင့် မိန်းမသားဆန်ဆန် စူပါပါဝါအမြင့်ဆုံးလို့ ဆိုနိုင်ပါပြီ။ အင်တီအောက်ဆီးဒင့်တွေ စားပြီး အသားအရေ လှပအောင် ကိုယ်ရည်ကိုယ်သွေး တောက်ပအောင် ကြိုးစားကြရမယ့်အချိန်ပါ။

          အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအစာတွေကတော့ -

●        လိမေ္မာ်သီး

●        သစ်တော်သီး

●        ရွှေဖရုံသီး

●        မာလကာသီး

●        စတော်ဘယ်ရီ တွေပါ။

          အစိမ်းရင့်ရင့်နဲ့ ရွှေဝါရောင် သစ်သီးသစ်နှံတွေဟာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်အေ အပြည့်ပါလို့ ဒီအချိန်မှာ အစားသင့်ဆုံး အချိန်ပါတဲ့။

          အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ တွေ့ဆုံမှုတွေ၊ ဒိတ်လုပ်တာတွေကို လုပ်သင့်တဲ့ စွမ်းအင်ပြည့်ဝ အလှပဆုံးအချိန်ပေါ့။

 

          သားဥကြွေတဲ့ သုံးလေးရက်အပြီး ၁၀ ရက်ကနေ နှစ်ပတ်အတွင်းကတော့ သားအိမ်မှာ လူတီရယ် Luteal Phase ဖြစ်စဉ် စတင်လာပါတယ်။ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲ အများဆုံးအချိန်မို့ စိတ်မတည်ငြိမ်မှုတွေ အများဆုံးလာတဲ့ကာလပေါ့။ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ သည်းမခံနိုင်ဘူး၊ အပြောင်းအလဲ မြန်မယ်။ အသီးဖျော်ရည်တွေ၊ လက်ဖက်စိမ်းရည်တွေ သောက်ပြီး ခန္ဓာကိုယ်ကို detox လုပ်ပါနော်။

          နောက်ပြီး အစေ့အဆံ့တွေ စားရမယ့်အချိန်ပေါ့။

●        ဖရုံစေ့လှော်

●        နေကြာစေ့လှော်

●        သီဟိုဠ်စေ့

●        အယ်လမွန်စေ့  တွေဟာ စိတ်တည်ငြိမ်စေပါသတဲ့။

 

          ဒီလိုအခါဆိုရင် တတ်နိုင်သလောက် ကာဗွန်ဟိုက်ဒရိတ် များများစားရမယ်။ ဥပမာ -

●        ထမင်း

●        ဆန်လုံးညို

●        ခေါက်ဆွဲ

●        ကြာဇံ

●        ဂျုံနဲ့လုပ်တဲ့မုန့်တွေ စားလို့ရပါတယ်။

          ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ Gym သွားတာတွေ၊ နည်းနည်းလျှော့ပြီး ခန္ဓာကိုယ်ကို အနားပေးစေလိုပါတယ်။ ဆုံးဖြတ်ချက်ချတာတွေ၊ အလုပ်ရေးရာ ဆွေးနွေးတာတွေ၊ ဘဝအတွက် စဉ်းစားတွေးခေါ်တာတွေကို မဖြစ်မနေမှသာ လုပ်သင့်ပါတယ်။ စိတ်မတည်ငြိမ်ဆုံးအချိန် အပြောင်းအလဲ အမြန်တတ်ဆုံးကာလမို့လို့ အမှား များနိုင်လို့ပါ။

          ဒါလေးကို ဖတ်ပြီး ရာသီလာတတ်တဲ့ ရက်ကလေးတွေကို ခန့်မှန်းမှတ်သားရင်း ကိုယ့်ရဲ့ ရက်ကလေးတွေကို အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး အကျိုးအကြောင်းကျကျ စီစဉ်ထားနိုင်တာပေါ့။

          ဒီလောက်ဆို ပျိုမေတို့ လတစ်လရဲ့ ဘယ်ရက်လေးတွေမှာ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာလေးတွေ ဖြည့်တင်းရမယ့်ဓာတ်တွေ၊ ဂရုတစိုက်နဲ့ ရှိရမှာလေးတွေကို ရက်ကလေးအလိုက် ခန့်မှန်းလို့ သိတန်သလောက် သိကြပြီမို့ မိန်းမပီပီသသ လှပကျန်းမာနိုင်ပြီပေါ့နော်။

ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)