ရာသီမလာခင် လူသတ်ချင် - Premenstrual Syndrome (PMS)
လစဉ်လတိုင်း ရာသီမလာခင်မှာ အမျိုးသမီးတွေဟာ စိတ်ရောကိုယ်ရော ပြောင်းလဲမှုတွေကို ခံစားရပါတယ်။
● ဝက်ခြံပေါက်ခြင်း
● ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
● အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
● ခါးကိုက်ခြင်း
● ရင်သားတွေ နာကျင်ခြင်း
● ခေါင်းကိုက်ခြင်း
● ဝမ်းချုပ်ခြင်း
● ဝမ်းလျှောခြင်း
● အစားအစာတွေကို စားချင်တပ်မက်ခြင်း
● စိတ်ဓာတ်ကျခြင်း
● စိတ်ပူပန်လှုပ်ရှားခြင်း
● စိတ်အတက်အကျဖြစ်ခြင်း
● အာရုံစူးစိုက်လို့မရခြင်း
● စိတ်ဖိစီးမှုဓာတ်ကို မခံစားနိုင်ခြင်း
● စိတ်တင်းကြပ်နေခြင်း
● အိပ်ရ ခက်ခဲခြင်း
စတာတွေကို တွေ့ကြုံခံစားရတတ်ပါတယ်။
ဒီလိုပြောင်းလဲမှုတွေဟာ ရာသီမလာခင် 1 ပတ်၊ 2 ပတ်လောက်မှာ ဖြစ်တတ်ပြီး ရာသီလာတာနဲ့ ပျောက်သွားတတ်ပါတယ်။
>> ဘာလို့ ဒီလို PMS ဖြစ်ရတာလဲ?
ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမသိရပေမယ့် ဆရာဝန်များကတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရာသီလာပြီးချိန်မှာ Estrogen နဲ့ progesterone ဟော်မုန်းတွေ မြင့်တက်လာပါတယ်။ နောက်တစ်ကြိမ် ရာသီပြန်မလာခင် 1 ပတ်ခန့်မှာ ဒီဟော်မုန်းဓာတ်တွေ ပြန်လျော့ကျသွားပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။
တချို့မိန်းကလေးတွေမှာ PMS ဖြစ်တတ်ပေမယ့် တချို့မှာ မဖြစ်ရတာဟာလည်း ထူးဆန်းနေပါတယ်။ PMS ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲကို ပိုပြီးခံစားရလို့ ဖြစ်နိုင်ပါတယ်။ တချို့ကလည်း ရာသီမလာခင်ရက်တွေမှာ စားတဲ့ အစားအစာတွေပေါ်မှာလည်း မူတည်သေးတယ်လို့ ဆိုပါတယ်။
ကံကောင်းတာကတော့ ဒီလို PMS ဝေဒနာ မခံစားရလေအောင် ကြိုတင်ကာကွယ်လို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ အသီးအရွက်တွေ စားပေးတာ၊ အသင့်စား အစားအသောက်တွေ အကြော်တွေကို ရှောင်တာ၊ ဆားလျှော့စားတာနဲ့ ရေများများ သောက်တာတွေက PMS မဖြစ်ရလေအောင် ဟန့်တားပေးနိုင်မှာပါ။
ကဖိန်းဓာတ်က ရင်တုန်ပြီး စိတ်ပူပန်စေနိုင်တာကြောင့် မသောက်သင့်ပါဘူး။ အိပ်ရေးဝဝအိပ်ပါ။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်အားဆေးတွေ သောက်ပေးပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းနဲ့ စိတ်ငြိမ်စေတ့ဲ တရားထိုင်ခြင်းလိုမျိုးတွေကို လုပ်သင့်ပါတယ်။
ခေါင်းကိုက်၊ ခါးကိုက်အတွက်တော့ ဆေးဆိုင်တွေမှာ အကိုက်အခဲပျောက်ဆေး အလွယ်တကူ ဝယ်သောက်နိုင်ပေမယ့် အရမ်းဆိုးတဲ့ PMS အတွက်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က ဆေးတစ်မျိုးမျိုးဖြစ်စေ၊ တားဆေးဖြစ်စေ သောက်စေပါလိမ့်မယ်။
စိတ်ဓာတ်ကျနေတာ၊ ကိုယ့်ကိုယ်ကို ထိခိုက်စေလိုတာမျိုး ရှိရင်လည်း ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။
Dr. Emerlad (www.drmyanmar.com)






























