/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားသားမီးမီး-ပွားစည်ဖို့ရာ

သားသားမီးမီး ပွားစည်ဖို့ရာ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကလေးယူမယ်လို့ စဉ်းစားထားတဲ့လူတွေမှာ ကလေးရဖို့ ဘယ်လိုတွေ ပြင်ဆင်ရမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သားသားမီးမီး ပွားစည်လိုသူတွေအတွက် ကလေးမြန်မြန်ရစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

 

>>    အဆင့် (1) : သနေ္ဓတားဆေးတွေကို ကြိုကြိုတင်တင် ရပ်ထားသင့်ပါတယ်။

          သနေ္ဓတားဆေးတွေကို သုံးနေတာ အတော်ကြာပြီဆိုတဲ့သူတွေမှာ ကလေးမယူမီ လအနည်းငယ်လောက်ကတည်းက ကြိုပြီး ဖြတ်ထားသင့်ပါတယ်။ 3 လခံ တားဆေးသုံးသူတွေမှာ ဆေးကို 9 လလောက် ကြိုရပ်သင့်တယ်လို့ ဆိုပါတယ်။

          တားဆေးတွေကို အချိန်အတော်ကြာ သုံးနေခဲ့သူတွေမှာ သားဥ ပုံမှန်ပြန်ကြွေဖို့ ရာသီစက်ဝန်း အနည်းငယ်မျှ စောင့်ရတတ်တာကြောင့် ကလေးယူဖို့ မကြိုးစားခင်ကတည်းက ကြိုရပ်ထားမှသာ တော်ကာ ကျတတ်ပါတယ်။ ဒါ့အပြင် သားဥကြွေချိန်ကို ခန့်မှန်းနိုင်ဖို့ ရာသီစက်ဝန်းလည်း မှန်မှဖြစ်မှာပါ။

          ဒါပေမဲ့ သတိထားဖို့တစ်ချက်က တားဆေး ရပ်လိုက်တာနဲ့လည်း ကလေး ရတတ်ပါတယ်။

 

>>    အဆင့် (2) : သားဥကြွေချိန်ကို သိထားရပါမယ်။

          ခင်ပွန်းဖြစ်သူနဲ့ ဘယ်လောက်အတူနေနေ သားဥကြွေတဲ့ရက်ပိုင်းမှာ မနေမိရင် အချည်းနှီးပဲ ဖြစ်မှာပါ။ ကလေးယူဖို့ ကြိုးစားနေသူတွေအတွက် အဖြစ်အများဆုံး အမှားတစ်ခုက သားဥကြွေချိန်ကို မသိတာဘဲ ဖြစ်ပါတယ်။

          ရာသီစက်ဝန်း ကြာချိန်ကနေ 14 ရက် နှုတ်လိုက်ရင် သားဥကြွေချိန်ကို အလွယ်တကူ သိနိုင်မှာပါ။

 

>>    အဆင့် (3) : သားဥ မကြွေခင်ရက်တွေမှာ အတူနေပါ။

          သုတ်ကောင်တွေဟာ သားအိမ်နဲ့ သားဥပြွန်တွေမှာ 2 ရက်၊ 3 ရက်ခန့် တွယ်ကပ်နေနိုင်ပေမယ့် သားဥကတော့ ကြွေကျလာပြီး 12 နာရီမှ 24 နာရီအထိသာ အသက်ရှင်နိုင်တာကြောင့် သားဥကြွေကျချိန်မှာ သုတ်ကောင်တွေ ကြိုရှိနေဖို့ အရေးကြီးပါတယ်။

          ပုံမှန် 28 ရက် ရာသီစက်ဝန်းရှိသူတွေမှာ 14 ရက်ဝန်းကျင်လောက်မှာ သားဥကြွေလေ့ ရှိပါတယ်။ ဒီလိုလူတွေမှာ -

•        ဓမ္မတာပြီးချိန်ကစပြီး တစ်ပတ်ကို အကြိမ်အနည်းငယ်စီခန့် အတူနေပေးပါ။ အထူးသဖြင့် ရာသီစက်ဝန်း မမှန်တဲ့အမျိုးသမီးတွေမှာ သတိမမူမိရင် သားဥကြွေချိန်ကို လွတ်သွားနိုင်ပါတယ်။

•        10 ရက်မြောက်လောက်က စပြီး တစ်ရက်ခြားစီလောက် အတူနေပေးပါ။

•        12 ရက်ဝန်းကျင်လောက်မှာ သားဥကြွေ စစ်ဆေးတဲ့ကိရိယာမှာ 2 ကြောင်းပေါ်တာနဲ့ ပေါ်တဲ့ရက်နဲ့ နောက် 2 ရက်မှာ အတူနေဖြစ်အောင် ကြိုးစားပေးပါ။ အဲဒီရက်တွေဟာ 1 လလုံးရဲ့ ကိုယ်ဝန်ရနိုင်ခြေ အရှိဆုံးရက်တွေပဲ ဖြစ်ပါတယ်။

 

>>    အဆင့် (4) : အမျိုးသားနဲ့ အတူနေဖို့ အကောင်းဆုံးအချိန်နဲ့ အကောင်းဆုံး အနေအထားကို သိထားရပါမယ်။

          အတူနေပြီးချိန်မှာ ပက်လက် လှဲနေပေးပါ။ မိန်းမကိုယ်ရဲ့လမ်းကြောင်းဟာ အနောက်ကို စောင်းသွားတဲ့အတွက် အတူနေပြီး ပက်လက်လှဲနေပေးခြင်းဖြင့် သားဥဆီကို သုတ်ကောင်တွေ အလွယ်တကူ လှုပ်ရှားသွားနိုင်စွမ်း ရှိစေပါတယ်။ ခြေထောက်ကိုလည်း အနည်းငယ် မြှောက်ထားပေးနိုင်ပါတယ်။ ဒါပေမဲ့ ပက်လက်လှဲနေပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

          မအိပ်ခင်မှာ အတူနေပေးပါ။ သုတ်ကောင်အရေအတွက်ဟာ မနက်ခင်းမှာ အများဆုံး ဖြစ်တယ်လို့ ဆိုပေမယ့် အမျိုးသားနဲ့ အတူနေသင့်တဲ့ အကောင်းဆုံး အချိန်ရယ်လု့ိတော့ မရှိပါဘူး။ ဒါပေမဲ့ ညမအိပ်ခင် အတူနေပေးခြင်းဖြင့် ပြီးသွားချိန်မှာ လှဲနေပြီး အနားယူ နေနိုင်တာကြောင့် ညဘက်မအိပ်ခင် အတူနေပေးသင့်ပါတယ်။

          အတူနေတဲ့အချိန်မှာ ဘယ်လိုအနေအထားနဲ့ နေရမယ်ဆိုတာမျိုးလည်း မရှိတာကြောင့် အရေးကြီးတာက ပြီးသွားချိန်မှာ ပက်လက်လှဲ အနားယူပေးဖို့ပါပဲ။

 

>>    အဆင့် (5) : အတူနေချိန်မှာ မလုပ်သင့်တဲ့အရာများ

•       သုတ်ကောင်လှုပ်ရှားမှု မြန်စေရန် ချောဆီသုံး ဆက်ဆံခြင်း : တချို့လူတွေဟာ ချောဆီသုံးတဲ့အခါ သုတ်ကောင်လှုပ်ရှားမှု ပိုမိုမြန်ဆန်လိမ့်မယ်လို့ ထင်မှတ်မှားလေ့ ရှိကြပါတယ်။ တကယ်တမ်းတော့ ချောဆီတွေဟာ မိန်းမကိုယ်ထဲက pH ကို အပြောင်းအလဲ ဖြစ်စေနိုင်ပြီး သုတ်ကောင်လှုပ်ရှားမှုကို လျော့နည်းသွားစေပါတယ်။

•        အတူနေပြီး ဆန္ဒပြေပျောက်မှု မရှိခြင်း : အတူနေပြီးနောက် အာသာဆန္ဒပြေပျောက်မှု ရှိ၊ မရှိနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိ၊ မရှိဟာ မဆိုင်တတ်ပါဘူး။ တချို့ကလည်း ဆန္ဒပြေပျောက်တဲ့အခါ သုတ်ကောင်တွေဟာ မိန်းမကိုယ်နဲ့ သားအိမ်ထဲကို ပိုရောက်စေနိုင်တယ်လို့ ဆိုပေမယ့်လည်း သိပ္ပံနည်းကျ စမ်းသပ်ထားတာမျိုးတေ့ာ မရှိပါဘူး။

•        အမျိုးသားတွေမှာ အတွင်းခံဘောင်းဘီ အတိုနဲ့အရှည် ကွာခြားမှု : အမျိုးသားတွေမှာ ကလေး မရနိုင်တဲ့ အဓိကပြဿနာဟာ ဝှေးစေ့ထဲမှာ အပူချိန်များတဲ့အခါ သုတ်ကောင်ထွက်နှုန်း လျော့နည်းသွားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အပူနည်းအောင် အတွင်းခံဘောင်းဘီ အတိုဝတ်တာကို ပိုပြီးအားသန်ကြပေမယ့် ဒီယူဆချက် မှန်တယ်ဆိုတဲ့ လေ့လာစမ်းသပ်မှုတွေ မရှိတာကြောင့် မှန်၊ မမှန်ကို မှန်းဆလို့ မရနိုင်သေးပါဘူး။

 

>>    အဆင့် (6) : ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးကြည့်နိုင်ပါတယ်။

          ကိုယ်ဝန် ရှိ၊ မရှိကို စောသိနိုင်လေ ကောင်းလေ ဖြစ်ပါတယ်။ ဒါမှသာ အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်ပြီး ဆရာဝန်ဆီမှာ စောစီးစွာ ဗိုက်အပ်ထားနိုင်မှာ ဖြစ်ပါတယ်။ အခုခေတ် ကိုယ်ဝန်စစ်ကိရိယာ အများစုဟာ ကိုယ်ဝန် ရှိ၊ မရှိကို သားဥကြွေပြီး 10 ရက်လောက်ကတည်းက သိနိုင်ပေမယ့် ရာသီသွေးပေါ်ရမယ့် အချိန်အထိ စောင့်ပြီး စစ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

          ကိုယ်ဝန်စစ်ဆေးတဲ့ ကိရိယာတွေဟာ အချင်းကနေ ထွက်လာတဲ့ hCG ဆိုတဲ့ ဓာတ်တစ်မျိုးကို ဆီးထဲမှာ စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီဓာတ်ဟာ ကိုယ်ဝန် အစောပိုင်းကာလမှာကတည်းက ထွက်လာနိုင်တာကြောင့် စောစောစစ်ဆေးပေးနိုင်တဲ့ ကိရိယာတွေနဲ့ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

          ဒါပေမဲ့ အစောကြီး စစ်ဆေးမိရင်တော့ ခန္ဓာကိုယ်က hCG ထွက်တာ နည်းနေသေးတဲ့အခါ စက်က မဖတ်နိုင်ဘဲ တစ်ကြောင်းပဲ ပေါ်တတ်ပါတယ်။ ဒါကြောင့် ရာသီလာသင့်တဲ့ရက်ကို ကျော်လွန်သွားတဲ့အခါမှာ နောက်တစ်ကြိမ် ထပ်စစ်သင့်ပါတယ်။

 

>>    အဆင့် (7) : ကိုယ်ဝန် ရှိ၊ မရှိ စစ်ကြည့်တဲ့အခါ တစ်ကြောင်းပဲ ပေါ်ခဲ့ရင်

          ဒီတစ်လမှာ ကလေး မရခဲ့ရင်လည်း စိတ်ပျက် အားမငယ်သွားပါနဲ့။ အများစုမှာ တစ်ကြိမ်တည်းနဲ့ ကလေး ရသွားတယ်ဆိုတာ ရှားပါတယ်။ တစ်ဝက်လောက်က 6 လလောက် ကြိုးစားပြီးမှ ရတတ်သလို 85% လောက်ဟာလည်း တစ်နှစ်လောက် ကြိုးစားပြီးချိန်မှ ကလေး ရတတ်ပါတယ်။ ကိုယ်ဝန် မရသေးတာဟာ သားဥကြွေမယ့်ရက်ကို တွက်တာ မှားသွားပြီး သနေ္ဓမအောင်နိုင်တာကြောင့် ဖြစ်တတ်တဲ့အတွက် ပြန်လည်လေ့လာ ပြင်ဆင်ပြီး ထပ်ကြိုးစားသင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)