သားအိမ်ကင်ဆာ
အဖြစ်အများဆုံး လက္ခဏာကတော့ ပုံမမှန်သွေးဆင်း၊ အဖြူဆင်းတာပါပဲ။ တစ်ခါတလေ နံတောင် နံတတ်သေးတယ်။
နောက်ပြီးတော့ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ ဆီးသွားရင် ခက်တာ၊ နာတာ၊ အတူနေချိန် နာကျင်တာတွေလည်း ဖြစ်တတ်တယ်။
သွေးမဆုံးခင်နဲ့ ဆုံးအပြီးမှာ ပုံမမှန်သွေးဆင်း၊ အဖြူဆင်းတတ်တယ်။ ဒါဟာ ကင်ဆာကြောင့်တော့ မဟုတ်ပါဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာအောင်တော့ ဆရာဝန်နဲ့ ပြကြည့်စစ်ဆေးကြည့်တာ အကောင်းဆုံးပဲနော်။
ဆရာဝန်နဲ့ သွားပြတဲ့အခါ ဆရာဝန်က ကင်ဆာဟုတ်မဟုတ်ကို စစ်ဆေးမှုတွေ အများကြီး လုပ်ပါလိမ့်မယ်။
တကယ်လို့ ကင်ဆာ ဟုတ်သည်၊ မဟုတ်သည် အဖြေထွက်လာတဲ့အခါ အထူးကုဆရာဝန်နဲ့လွှဲပြီး ကုသမှုခံယူရမယ်။
>> ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ?
♦ ကိုယ်ခန္ဓာစမ်းသပ်မှု
ဝမ်းဗိုက်ကို အလုံးအကျိတ်တွေ ရှိ/မရှိ စမ်းသပ်ကြည့်လိမ့်မယ်။
နောက် ဘဲနှုတ်သီးလို အတွင်းကြည့်ကိရိယာလေးနဲ့ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းထဲကိုလည်း ကြည့်လိမ့်မယ်။
♦ မိန်းမကိုယ်အတွင်းထည့် အာထရာစောင်း
အသံလှိုင်းကိုသုံးပြီး အတွင်းအင်္ဂါတွေကို ကြည့်တာပါ။
မိန်းမကိုယ်ထဲကို ထရန်ဂျူဆာလို့ခေါ်တဲ့ ပစ္စည်းလေးထည့်ပြီး အသံလှိုင်းလွှင့်၊ တန်ပြန်လှိုင်းကို လက်ခံပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ၊ အလုံးအကျိတ်တွေလိုမျိုး ခပ်မာမာတစ်ခုကို တွေ့တဲ့အခါ ကွန်ပျူတာမှာ တန်ပြန်လှိုင်းကို ပုံဖော်တဲ့ စမ်းသပ်ကိရိယာတစ်ခုပေါ့။
အာထရာစောင်းကိုသုံးပြီးတော့ သားဥအိမ်၊ သားအိမ်တို့ရဲ့ အရွယ်အစားနဲ့ သားအိမ် အတွင်းသားလွှာအထူကို တိုင်းတာလို့ရတယ်။ ပုံမမှန်တာ တစ်ခုခုရှိနေရင် အသားစယူဖို့ တိုက်တွန်းပါလိမ့်မယ်။
♦ အသားစယူတယ်ဆိုတာ
ကင်ဆာ ရှိနိုင်တယ်လို့ ထင်တဲ့အခါ အသားစ ယူကြည့်ရတယ်။ တစ်သျှူးအပိုင်းအစလေးကို ဖဲ့ယူပြီး အဏုမြူမှန်ပြောင်းအောက်မှာ ကြည့်ရတာပေါ့။
သားအိမ်တွင်းကြည့်မှန်ပြောင်းလေးနဲ့ သားအိမ်ခေါင်းကိုချဲ့ပြီး သားအိမ်အတွင်းကို ကြည့်ရပါတယ်။
>> အသားစယူလု့ိရမယ့်နည်းလမ်း (၃) လမ်း ရှိပါတယ်။
● တစ်သျှူးကို ဖဲ့ယူတာ၊ အရည်တစ်မျိုးဖြန်းပြီး ဖဲ့ယူတာ
● စုပ်ခွက်လိုမိျုးပစ္စည်းနဲ့ ယူတာ
● သားအိမ်အတွင်းလွှာကို ခြစ်ယူတာပါ။
လုပ်ရတာ သိပ်မကြာပါဘူး။ ဆေးရုံမှ နာရီပိုင်း ဒါမှမဟုတ် တစ်ရက်လောက် နေရုံပဲ။ တစ်ခါတလေ မေ့ဆေးအပျော့စားလေး ပေးတတ်ကြတယ်။ မေ့ဆေးပေးတာက ဆိုးကျိုးလေးနည်းနည်း ရှိနိုင်တယ်။ သေချာအသေးစိတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ရက်ပိုင်းလောက် သွေးလေးဆင်း၊ ဗိုက်အောင့်ရုံလောက်တော့ ရှိနိုင်တယ်။ အဖြေသိရဖို့ ရက်နည်းနည်းတော့ ကြာပါလိမ့်မယ်။
♦ စကင်ရိုက်ခြင်း
ဒီစကင်တွေဟာ ကိုယ်တွင်းအင်္ဂါတွေနဲ့ အကျိတ်လိုမျိုးတွေကို မြင်ရစေတယ်။
● ကွန်ပျူတာဓာတ်မှန် : စကင်မရိုက်ခင် ရောင်ခြယ်ဆေးကလွဲရင် ဘာမှမစားမသောက်ရဘူး။ ဒီရောင်ခြယ်ဆေးက အလုံးအကျိတ်တွေကို စကင်ပေါ်မှာ ဖြူဖြူကြီးပေါ်စေလို့ ပိုထင်ထင်ရှားရှား တွေ့ရစေတယ်။ စားပွဲကြီးပေါ် လှဲအိပ်ပြီး ဒိုးနပ်လို စက်ဝိုင်းဝိုင်းကြီးက အပေါ်အောက် တက်ဆင်း ရိုက်ပါလိမ့်မယ်။
● သံလိုက်ဓာတ်မှန် : အပေါ်ပွင့်၊ အောက်ပွင့် စက်ကြီးထဲဝင်ပြီး ရိုက်ရမှာပါ။ တချို့တွေကို မွန်းကြပ်ကြပ်ကြီး ခံစားစေရတတ်တယ်။ တကယ်လို့ ဒီလိုမွန်းကြပ်တတ်တယ်ဆိုရင် တစ်ယောက်ယောက်ကို အထဲခေါ်ထားလို့ ရ၊ မရ ဆရာဝန်နဲ သေချာတိုင်ပင်ပါ။ ပြီးတော့ စက်က အသံအတော်ကျယ်ပါတယ်။ သတ္တုရတနာပစ္စည်းတွေ အကုန်ချွတ်ဖို့လိုပြီး နှလုံးစက်ထည့်ထားသူတွေ၊ ဦးနှောက်သွေးကြော ညှပ်ထည့်ထားသူတွေ၊ နားတွင်း သတ္တုအစားထိုးထားသူတွေနဲ့ မျက်လုံး သတ္တုအစားထိုးထားသူတွေမှာတော့ မသင့်တော်ပါဘူး။
Positron emission tomography : ဒီစကင် မရိုက်ခင်မှာလည်း ဘာမှမစားမသောက်ရပါဘူး။ မရိုက်ခင် ၁ နာရီလောက်အလိုမှာ သတ္တိကြွပစ္စည်းကို သွေးကြောထဲ ထိုးသွင်းပြီး အခန်းမှောင်မှောင်ထဲ နားနေရမယ်။ ရိုက်တော့မယ်ဆိုရင် စားပွဲကြီးပေါ်လှဲပြီး စက်ဝိုင်းဝိုင်းကြီးထဲ ဝင်သွားရမယ်။
ရိုက်တာက ၁ နာရီလောက်တောင် မကြာပါဘူး။ ရိုက်ပြီးတာနဲ့ အိမ်ပြန်လို့ရတယ်။
♦ သွေးစစ်ဆေးခြင်း
ယေဘုယျကျန်းမာရေးနဲ့ ကုသမှုကို ရွေးချယ်နိုင်ဖို့ စစ်ဆေးရပါတယ်။
>> ရောဂါအဆင့် သတ်မှတ်ခြင်း
အပေါ်မှာပြောခဲ့တဲ့ စမ်းသပ်မှုတွေအရ ကင်ဆာ ရှိ/မရှိ၊ ကင်ဆာ တခြားနေရာတွေပါ ပြန့်/မပြန် သိနိုင်တယ်။ ကင်ဆာကို အဆင့်သတ်မှတ်ပြီး အကောင်းဆုံး ကုသမှုကို ရွေးချယ်နိုင်ပါလိမ့်မယ်။
သားအိမ်ကင်ဆာအတွက် အဆင့်သတ်မှတ်ချက်ကို FIGO စနစ်လို့ ခေါ်တယ်။
♦ အဆင့် ၁ : ကင်ဆာဟာ သားအိမ်မှာပဲ ရှိသေးတယ်။
♦ အဆင် ၂ : ကင်ဆာက သားအိမ်ခေါင်းထိ ရောက်နေပြီ။
♦ အဆင့် ၃ : ကင်ဆာဟာ သားအိမ်နဲ့ သားအိမ်ခေါင်းကို ကျော်လွန်ပြီး သားဥအိမ်၊ သားဥပြွန်၊ မိန်းမကိုယ်နဲ့ အနီးအနားက လင့်ကျိတ်တွေကိုပါ ပြန့်လာပြီ။
♦ အဆင့် ၄ : ကင်ဆာပြန့်တာ များလာပြီး ဆီးအိမ်၊ ဝမ်းဟောင်းအိမ်၊ ဗိုက်ခေါင်းတစ်ခုလုံးနဲ့ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပါ ပြန့်သွားပါပြီ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























