/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ကျွံတယ်ဆိုတာ

သားအိမ်ကျွံတယ်ဆိုတာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       တင်ပါးဆုံအောက်ပိုင်းမှာရှိတဲ့ မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူနဲ့ ဝမ်းစုအိမ်တွေကို ကြွက်သားတွေ၊ တစ်သျှူးတွေကနေ ထောက်ပံ့ပေးထားပါတယ်။ ဒီလိုထောက်ပံ့ပေးထားတဲ့ စနစ်ကြီး လျော့ရဲ၊ ပျက်စီးသွားခဲ့ရင် ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ အောက်ကိုတွဲပြီး ကျွံကျလာတတ်တယ်။

          ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ -

♦        ကလေးမွေးခြင်း : ကလေးရိုးရိုးမွေးတာဟာ ခွဲမွေးတာထက်စာရင် သားအိမ်ကျွံနိုင်ခြေ ပိုများတယ်။ အထူးသဖြင့် ကလေး များများမွေးလေလေ၊ ကလေးပေါင်ချိန် ကြီးလေလေ ပိုဆိုးလေလေပါပဲ။

♦        ခွဲစိတ်ခြင်း : သားအိမ်ဖြတ်တောက်တာ၊ ဓာတ်ရောင်ခြည် ကုသတာမျိုးတွေကြောင့်လည်း ဖြစ်တတ်တယ်နော်။

♦        သွေးဆုံးခြင်း : သွေးဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်မှာ ပုံမှန် လစဉ်ထွက်နေကျဟော်မုန်းတွေ မထွက်တော့ဘူး။ အထူးသဖြင့် သားအိမ်ကြွက်သားတွေကို သန်မာအောင် ထိန်းမတ်ပေးထားတဲ့ အီစထရိုဂျင်ဟော်မုန်းတွေ နည်းလာတာကြောင့် သားအိမ်ကျွံတတ်ပါတယ်။

♦        အသက်ကြီးလာခြင်း

♦        အလေးအပင် မခြင်း

♦        ဝမ်းခေါင်းတွင်း ဖိအားများခြင်း : အဝလွန်တာ၊ ဝမ်းသွားတိုင်း ညှစ်သွားရတာ၊ ဆေးလိပ်သမား၊ ပန်းနာရင်ကြပ်သမားတွေမှာ နာတာရှည်ချောင်းဆိုးတာ စသဖြင့် အကြောင်းရင်းတွေကြောင့် ဖြစ်တတ်တယ်။

♦        မျိုးရိုးဗီဇ : လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ တင်ပါးဆုံပိုင်း ထိန်းအားကလည်း မတူတတ်ပါဘူး။

 

          သားအိမ်ကျွံတဲ့လူတွေမှာ ဘာလက္ခဏာမှမပြဘဲ စမ်းသပ်ကြည့်မှ ကျွံမှန်း သိတာမျုးိလည်း ရှိတတ်တယ်။

          ရောဂါလက္ခဏာတွေအနေနဲ့ဆိုရင် -

●        တင်ပါးဆုံနားတစ်ဝိုက်မှာ လေးလေးပင်ပင်ကြီး ဖြစ်နေတာ၊ နာနေတာ (အထူးသဖြင့် တစ်နေကုန် လှုပ်ရှားပြီးချိန်တွေ၊ အကြာကြီး မတ်တပ်ရပ်၊ အလေးအပင်မ၊ ချောင်းဆိုးပြီးချိန်တွေမှာ)

●        ခါးနာတာ

●        မိန်းမကိုယ်ကနေ ထွက်ကျလာတာ

●        ဆီး ထွက်ကျတာ

●        ဆီးအိမ် ပိုးဝင်တာ

●        ဝမ်းသွားရ ခက်တာ၊ ဝမ်းသွားပြီးချိန် ထွက်ကျနေတဲ့အင်္ဂါကို အထဲကို ပြန်တွန်းထည့်ရတာ

●        အမျိုးသားနဲ့ အတူနေရတာ အဆင်မပြေတာ

          ဒီလိုလက္ခဏာတွေ ရှိတတ်ပါတယ်။

          ရောဂါဖြစ်လာရင် ကုသနည်းလည်း ရှိရမှာပေါ့။

♦        သားအိမ်ဖြတ်တောက်ပြီး ကုလို့ရပါတယ်။ အရမ်းဆိုးတဲ့လူတွေမှာတော့ ဒီနည်းကို သုံးကြတယ်။

♦        သားအိမ်တွယ်ကြိုးသုံး ကုတာလည်း ရှိတယ်။ သားအိမ်ကို ပုံမှန်နေရာရောက်အောင် ပြန်ထည့်ပြီး နေရာတကျနေအောင် တွယ်ကြိုးလေးနဲ့ ချိတ်ထားတဲ့ ပုံစံမျိုးပေါ့။

♦        တင်ပါးဆုံလေ့ကျင့်ခန်းတွေ လုပ်ပေးလိုရသေးတယ်နော်။ အထဲက အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းကောင်းထိန်းမတ်ထားတဲ့ ကြွက်သားတွေကို သန်မာစေဖို့ လုပ်ပေးတဲ့လေ့ကျင့်ခန်းမျိုးပေါ့။

♦        အီစထရိုဂျင်ဟော်မုန်း သောက်ပေးပါ။ နောက်ထပ် ထပ်ပြီးကျွံမကျအောင် ကာကွယ်ပေးတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ ရှိတယ်နော်။

♦        သားအိမ်ကွင်း ထည့်တယ်ဆိုတာ ကြားဖူးကြမှာပေါ့။ ကျွံကျနေတဲ့ အစိတ်အပိုင်းတွေကို ထိန်းမတ်ပေးဖို့ မိန်းမကိုယ်ထဲ ထုတ်လို့၊ ထည့်လို့ရတဲ့ ရာဘာ ဒါမှမဟုတ် ပလတ်စတစ်ကွင်းလိုလေးကို ထည့်ထားရတာပါ။ အထူးသဖြင့်တော့ မခွဲချင် မစိတ်ချင်သူတွေ၊ ခွဲစိတ်ဖို့ မသင့်တော်သူတွေမှာ အသုံးများပါတယ်။

Dr. Emerald (www.drmyanmar.com)