သားဥအိမ်မှာ အရည်အိတ် ရှိနေတယ်တဲ့ ကလေး ရနိုင်ပါ့မလား
တချို့ သားဥအိမ် အရည်အိတ်တွေဟာ မျိုးပွားနိုင်စွမ်းကို ကျစေနိုင်တယ်။ ဒါပေမဲ့ ဖြစ်တဲ့ သားဥအိမ် အရည်အိတ် အမျိုးအစားပေါ်မှာ မူတည်နေပါတယ်။
>> မျိုးပွားနိုင်စွမ်းကို ကျဆင်းစေနိုင်တဲ့ သားဥအိမ် အရည်အိတ်မျိုး ဆိုတာဟာ -
● Endometriosis လို့ခေါ်တဲ့ သားအိမ်အတွင်းသားမှာ ပုံမှန်ရှိနေရမယ့် တစ်သျှူးတွေသည် သားအိမ်ပြင်ပကို ရောက်နေတဲ့ အခြေအနေတစ်ရပ်မှာ မျိုးပွားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနိုင်တယ်။
● Polycystic ovarian syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးဟာ သားဥအိမ်မှာ အရည်အိတ် သေးသေးလေးတွေဖြစ်နေပြီး ရာသီ မမှန်တာ၊ တချို့ဟော်မုန်းတွေ များနေတာတွေ ဖြစ်တတ်တယ်။ PCOS လို့ အတိုကောက်ခေါ်တဲ့ ဒီရောဂါဟာ တချို့အမျိုးသမီးတွေမှာ မျိုးဆက်ပွားပြဿနာတွေ ဖြစ်စေနိုင်တယ်။
>> မျိုးဆက်ပွားကျန်းမာရေးကို မထိခိုက်စေတဲ့ အရည်အိတ်တွေကတော့ -
● သာမန်အရည်အိတ် : Follicular cystတို့ corpus luteum cyst တို့ဟာ အဖြစ်များတဲ့ သာမန်အရည်အိတ် အမျိုးအစားတွေပါ။ ပုံမှန်ဓမ္မတာလာချိန်တွေမှာ ဖြစ်တတ်ပြီး မျိုးပွားမှုကို မထိခိုက်တတ်ဘူး။ တကယ်တမ်းပြောရရင် ဒီအရည်အိတ်တွေဟာ မျိုးပွားနိုင်ဖို့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်နေကြောင်း ဖော်ပြနေတာပါ။
● သားဥအိမ် မျက်နှာပြင် အရည်အိတ် : Cystadenoma လို့ခေါ်တဲ့ သားဥအိမ်မျက်နှာပြင်ကနေ ထွက်လာတဲ့ အရည်အိတ်ဟာ ကုသဖို့တော့ လိုနိုင်ပေမယ့် မျိုးပွားနိုင်စွမ်းကိုတော့ မထိခိုက်နိုင်ဘူး။
● ဆံခြည်အိတ် : Dermoid cystလို့ခေါ်တဲ့ အရည်အိတ်တွေမှာ အရည်တွေအစား အရေပြား၊ ဆံပင်၊ သွားတွေတောင်မှ ရှိနေနိုင်ပါတယ်။ သူတို့တွေကလည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်ပါဘူး။
တကယ်လို့ အရည်အိတ်ရှိတယ်ဆိုရင်၊ နောက် ကိုယ်ဝန် ရနိုင်၊ မနိုင် စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့သာ ပြကြည့်ပါ။ ကိုယ်ဝန်ရနိုင်ခြေ မြင့်တက်စေဖို့ ဆရာဝန်က ကုသနည်းလမ်းလေးတွေ ဆွေးနွေးပေးပါလိမ့်မယ်။
Dr. Emerald (www.drmyanmar.com)






























