/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွားကိုက်တာကို-သက်သာစေတဲ့-အိမ်တွင်းကုထုံးများ

သွားကိုက်တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံးများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သွားကိုက်ရင် သွားဆရာဝန်နဲ့ပြဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါပေမဲ့ သွားကိုက်တာနဲ့ ချက်ချင်း သွားဆေးခန်းပြဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ လူအများစုဟာ သွားကိုက်ရင် ခဏနေ သက်သာသွားမှာပါဆိုပြီး နေနေကြတာနဲ့ ဆေးခန်းမပြဖြစ်လိုက်ကြတာ များပါတယ်။

ဒါပေမဲ့ သွားကိုက်တာဟာ မထင်မှတ်ထားလောက်အောင် (၂၄) နာရီအတွင်းမှာ ပိုဆိုးလာတတ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်လောက်အောင် အနှောင့်အယှက်ပေးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိုဆိုးလာပေမယ့် ဆေးခန်းပြဖို့ အချိန်မပေးနိုင်သေးတဲ့အခါ အိမ်တွင်းကုထုံးနည်းလမ်းတွေသုံးပြီး သွားကိုက်တာကို ခဏသက်သာအောင် လုပ်ပေးလို့ ရပါတယ်။

Dolfenal 1

●  အကိုက်အခဲပျောက်ဆေး သောက်ပါ။
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရေတိုအနေနဲ့ သောက်သုံးပေးနိုင်ပါတယ်။

●  ပူလွန်း၊ အေးလွန်းသော အစားအသောက်များ မစားပါနဲ့။
သွားကိုက်နေချိန်မှာ အရမ်းပူလွန်း၊ အရမ်းအေးလွန်းတဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ အချိန်တိုအတွင်းမှာ သွားကိုက်တာကို ပိုဆိုးစေပါတယ်။

●  ရေခဲကပ်ပေးပါ။
သွားကိုက်တဲ့ဘက်အခြမ်း မျက်နှာပေါ်မှာ ရေခဲကို အဝတ်သန့်သန့်ထဲထည့်ပြီး အရေပြားနဲ့ တိုက်ရိုက်မထိတွေ့စေဘဲ ကပ်ပေးပါ။ မိနစ်အနည်းငယ်လောက် ကပ်ထားလိုက်၊ ပြန်ခွာလိုက်လုပ်ပေးပါ။ ဆက်တိုက်မကပ်ထားပါနဲ့။ ရေခဲကပ်ခြင်းဟာ သွေးကြောတွေကိုကျဉ်းစေလို့ နာနေတဲ့နေရာဆီ သွေးရောက်တာနည်းပြီး သွားကိုက်တာကိုသက်သာစေတဲ့အပြင် ရောင်ရမ်းတာကိုပါ လျော့ကျစေပါတယ်။

Dolfenal 2

●  ဦးခေါင်းကို မြှင့်ထားပါ။
ဦးခေါင်းကို ခန္ဓာကိုယ်ထက်မြင့်အောင် ထားပေးပါ။ မတ်တပ်ရပ်နေချိန် ဒါမှမဟုတ် ထိုင်နေချိန်မှာ သွားကိုက်တာ သက်သာပါလိမ့်မယ်။ လှဲအိပ်ရင်လည်း ခေါင်းအုံးမြင့်မြင့် အုံးပေးပါ။ ဦးခေါင်းဟာ ခန္ဓာကိုယ်ထက် မြင့်နေတဲ့အချိန်မှာဆိုရင် ဦးခေါင်းထဲကို သွေးတွေ တစ်ရှိန်ထိုးစီးဝင်တာကို တားပေးနိုင်ပါတယ်။ ဦးခေါင်းထဲကို သွေးစီးဝင်တာများရင် ဖိအားများပြီး သွားကိုက်တာ ပိုဆိုးပါလိမ့်မယ်။

●  သွားတိုက်ပါ။ ခံတွင်းသန့်စင်ဆေးရည်သုံးပြီး ပလုတ်ကျင်းပါ။
သွားကိုက်တဲ့အချိန်မှာ ခံတွင်းသန့်ရှင်းရေးလုပ်ဖို့က အရေးကြီးဆုံးပါ။ သွားကိုက်နေတဲ့အချိန်မှာ သွားတိုက်ရတာဟာ နည်းနည်းတော့ အဆင်မပြေဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးမှာသာ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ နည်းသွားပြီး သွားကိုက်တာ သက်သာမှာပါ။

ဒီလို အိမ်တွင်းကုထုံးတွေ လုပ်ပြီးတာတောင်မှ သွားကိုက်တာဟာ မသက်သာဘဲ ပိုဆိုးလာခဲ့ရင်၊ အချိန်တိုအတွင်းမှာ တစ်ကြိမ်ထက်ပိုပြီး သွားကိုက်ခဲ့ရင်၊ သွားကိုက်တာဟာ (၄၈) နာရီထက် ပိုကြာခဲ့ရင်၊ သွားကိုက်တာအပြင် ဖျားပြီး ခေါင်းကိုက်တာပါ ရှိလာခဲ့ရင်၊ အစာမစားနိုင်လောက်အောင် နာကျင်နေရင် သွားဆရာဝန်နဲ့ ချက်ချင်းပြပြီး ကုသမှုခံယူပါ။

Dr. Aye Hsu Mon (www.drmyanmar.com)