/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာ-ကျန်းမာပျော်ရွှင်စေဖို့

သွေးဆုံးချိန်မှာ ကျန်းမာပျော်ရွှင်စေဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

      အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတယောက် မကြာခဏ ခေါင်းမူးတယ် ကိုက်ခဲတယ် ညောင်းတယ် သွေးကလည်း နှစ်ပတ်တခါလောက် ဆင်းနေလို့ ဆရာ၀န်လာပြပါတယ်။ မေးကြည့်လိုက်တော့သူမရဲ့ မိခင်ရော အမရောက ၄၃ နှစ်နဲ့၄၅ ကြားသွေးဆုံးသွားပြီး သူမမှာလည်း အလားတူ လက္ခဏာတွေ ပေါ်လာနေတာဖြစ်ပါတယ်။ ခေါင်းမူးတာ ခေါင်းကိုက်တာ အကြောတက်တာ နှစ်ပတ်တခါ သွေးတစက်စက်ဆင်းနေတတ်တာတွေက သွေးဆုံးတာရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နေပါတယ်။ သူမဟာ စိတ်ဓာတ်ကျနေပုံရပြီး မတည်မငြိမ်ဖြစ်နေရှာပါတယ်။ သူမခံစားနေရတဲ့လက္ခဏာတွေ စိတ်မပျော်တာတွေက သွေးဆုံးလာချင်တဲ့လက္ခဏာတွေဖြစ်ကြောင်း ရှင်းပြရပါတယ်။ သွေးမဆုံးခင် ခြောက်လအတွင်းမှာ အမျိုးသမီးတယောက်ရဲ့ဟော်မုန်းတွေ စတင်ကစားနေတဲ့ အပြောင်းအလဲကာလကိုဖြတ်သန်းနေပြီး အလွန်စိတ်အတက်အကျများတဲ့ ကာလလို့ဆိုရမှာပါ။ 

       အသက် ၆၀ အရွယ် တီနာတာနာ ဟာ ဟောလိဝုဒ်မှာ ဆွဲဆောင်မှုအရှိဆုံး အမျိူးသမီးဖြစ်ခဲ့ပါတယ်။ ကမ်ဘာကျော်မင်းသမီးကြီး ဆိုဖီရာလောရင့်ဟာလည်း သူမထက် အသက်ထက်ဝက်မကငယ်တဲ့ မိန်းမငယ်လေးတွေ မင်းသမီးပေါက်စလေးတွေကို ဖြတ်ကျော်ပြီး ကမ်ဘာ့အလှဆုံး အမျိုးသမီးဖြစ်ခဲ့တယ်လေ။ ဒါကိုကြည့်ခြင်းအားဖြင့် သွေးဆုံးတာ အသက်ရလာတာဟာ အမျိုးသမီးတွေရဲ့ အလှအပနဲ့တက်ကြွမှုကို ထင်သလောက်ထိခိုက်နိုင်ခြင်းမရှိဘဲ မိမိကိုယ်မိမိဂရုတစိုက်ပြုစုထိန်းသိမ်းနိုင်လေ အလှတရားတွေ ပိုမိုလာလေသာဖြစ်ပါတယ်။ မြန်မာပြည်က မင်းသမီးကြီး ခင်သန်းနုကိုကြည့်ပါ။ ပွဲတိုင်းမှာ ကျက်သရေရှိရှိ အလှတရားအပြည့်အဝနဲ့ လင်းလက်တောက်ပနေတုန်းပါပဲနော်။ 

      သွေးဆုံးကာလဆိုတာ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ  စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများတဲ့ ကာလပါပဲ။ ခန္ဓာကိုယ်အနေနဲ့ နောက်ထပ်အခြေအနေတခုကို ကူးပြောင်းလာပြီမို့ လူရောစိတ်ရော မသက်မသာလေးတွေကတော့ရှိမှာပါပဲ။ သွေးဆုံးခါနီးတဲ့့အခါ ဒီလိုလက္ခဏာလေးတွေစပြပါတယ်။

♦ ကြက်သီးထခြင်း

♦ ဇောချွေးပြန်ခြင်း

♦ မကြာခဏလစ်ဟာသွားသလိုခံစားရခြင်း

♦ တရိပ်ရိပ်မူးခြင်း

♦ နေရထိုင်ရတာ မပြည့်စုံသလိုခံစားရခြင်း

♦ အလိုလိုနေရင်းစိတ်ဓာတ်ကျနေခြင်း

♦ အမျိုးသားနှင့်အတူနေရန်စိတ်မပါခြင်း

       တဖက်ကကြည့်ပြန်ရင်လည်း တချို့အမျိုးသမီးတွေဟာ ကံကောင်းစွာနဲ့ပဲ သွေးဆုံးချိန်ကို သာသာယာယာကျော်ဖြတ်သွားနိုင်ပေမယ့် တချို့အမျိုးသမီးကျပြန်တော့ အလွန်အမင်းစိတ်ဓာတ်ကျတာ မကြာခဏနေမကောင်းတာတွေနဲ့ပဲ အဲဒီခြောက်လကို ဖြတ်သန်းရပါတယ်။

      သွေးဆုံးချိန်ဟာ တစုံတခုရဲ့အဆုံးသတ်ပါတဲ့။ မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတာကိုပြသပြီး ကြေကွဲစရာ အခြေအနေလို့လည်း ယူဆကြပြန်ပါတယ်။ ဒါပေမယ့် တခြားတဖက်ကကြည့်ပြန်ရင်လည်း သွေးဆုံးတယ်ဆိုတာ လစဉ်မဖြစ်မနေသွေးဆင်းရတဲ့ဒုက္ခ၊ ကလေးမွေးရကိုယ်ဝန်ဆောင်ရတဲ့ အဖြစ်တွေအဆုံးသတ်သွားတဲ့ခန္ဓာကိုယ်နဲ့သားအိမ်ကို အနားပေးလိုက်တဲ့ဖြစ်စဉ်ပါ။ အရွယ်ရောက်လို့သွေးစဆင်းချိန်ကစလို့ သားအိမ်နဲ့သားဥအိမ်လေးဟာ ဟော်မုန်းတွေနဲ့ မရပ်မနား အလုပ်လုပ်လာခဲ့ရတယ်လေ။ 

      သွေးဆုံးပြီဆိုပေမယ့် အရင်ခေတ်လိုတော့မထင်လိုက်ပါနဲ့၊ အသက်၅၀ အရွယ် အမျိုးသမီးတွေဟာ လူငယ်တွေထက်တောင် ဖျတ်လတ်ကျန်းမာနေပြီး အားကစားဝတ်စုံတွေ ကိုယ်စီဝတ်လို့ လမ်းလျှောက်ကြ ကိုယ်လုံးအလှလေ့ကျင့်ကြ အေရိုးဗစ်ကကြနဲ့ သွေးဆုံးကာလကိုမေ့ထားပြီး ထာ၀ရပျော်ရွှင်ကျန်းမာနေနိုင်ပါသေးတယ်နော်။

      နောက်ပြီး သွေးဆုံးလို့ စိတ်အတက်အကျများတယ်ဆိုတာထက် သွေးဆုံးကာလမှာ သားသမီးတွေလည်း အိမ်ထောင်ကျ အိမ်မှာလူနည်းသွားပြီး တကိုယ်တည်းဖြစ်တဲ့ အထိီးကျန်အခြေအနေတွေက သွေးဆုံးလက္ခဏာတွေကို ပိုဆိုးစေတာပါ။

      အသက် ၃၀ လိုပဲ အသက်၅၀ ဟာ အမျိုးသမီးတွေရဲ့ ဘဝတချိုးတကွေ့ပါပဲ။ ဒါပေမယ့် အသက်သုံးဆယ်မှာ အမျိုးသမီးတွေကရုန်းကန်နေကြရ ကလေးမွေးကြ ကိုယ်ဝန်ဆောင်ကြ ကလေးပြုစုကြနဲ့ အင်မတန်အလုပ်များတဲ့တချိန်ကို ဖြတ်သန်းကြရပါတယ်။ 

      ဒါပေမယ့် အသက်ငါးဆယ်ကျပြန်တော့ ဘဝဟာအထိုက်အလျောက်တည်ငြိမ်လာပြီး အလှုပ်အရှား အကွေ့အဝိုက်တွေကို ခံနိုင်ရည်ရှိလာပြီး အသက်၃၀ အရွယ်ကထက် ခိုင်ခိုင်မာမာစိတ်ဓာတ်နဲ့ ဖြတ်သန်းသွားနိုင်တဲ့ အမျိူသမီးတွေလည်း ဒုနဲ့ဒေး လို့ဆိုရမှာပါ။အသက် ၃၀ နဲ့ယှဉ်လိုက်ရင် အသက်၅၀ အရွယ်သွေးဆုံးချိန်မှာ အမျိုးသမီး တွေဟာပိုမိုတည်ငြိမ်ပြီး ရင့်ကျက်လှပနေတတ်ပါရဲ့။

      သွေးဆုံးတတ်တဲ့ ယေဘုယျအသက်အရွယ်ကို ၅၀ ကျော်လို့သတ်မှတ်ကြပေမယ့် တချို့တွေကျတော့ ၄၀ ကျော်တင်သွေးဆုံးလာကြပါတယ်။ တချို့ကျ သားဥအိမ်ရောဂါတခုခုကြောင့်စောစီးစွာသွေးဆုံးသွားရသူတွေ လည်းရှိပြန်ပါတယ်။ ဘယ်အချိန်ပဲသွေးဆုံးဆုံး ဘာကြောင့်ပဲသွေးဆုံးဆုံး ဟော်မုန်းအတက်အကျတွေ အပြောင်းအလဲတွေကြောင့် စိတ်အတက်အကျကိုတော့ အမျိူးသမီးတိုင်း ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။

      သွေးဆုံးချိန်ရဲ့နောက်ထပ်ပြသနာတခုကတော့ မိန်းမကိုယ်ခြောက်သွေ့လာတာပါပဲ။ အီစထရိုဂျင်ဟော်မုန်းနည်းလာလေ မိန်းမကိုယ်ခြောက်သွေ့လာလေပါပဲ။ အမျိူးသားနဲ့အတူနေတိုင်းနာကျင်လာတာ ပိုးဝင်လွယ်တာတွေဖြစ်လာကြပါတယ်။ ခန္ဓာကိုယ်ပြင်ပအသားအရေကို အသားလှဆေးတွေအစိုဓာတ်ထိန်းဆေးတွေ သုံးကြပေမယ့်မိန်းမကိုယ်ကိုတော့မေ့လျောနေတတ်ကြပါတယ်။ တကယ်တော့ အမျိူးသမီးအဂါၤစိုစွတ်ချောမွေ့ပြီး နေလို့ကောင်းစေဖို့ ဂျယ်တွေ ပုံမှန်ဝယ်ယူအသုံးပြုသင့်ပါတယ်။ 

      ဒါ့အပြင် မှတ်ဉာဏ်လျော့နည်းလာတတ်ပါတယ်။ စိတ်ဖိအားတွေစိတ်ကျတာတွေကြောင့် အိပ်မပျော်တွေဖြစ်ပြီး မှတ်ဉာဏ်အားပိုမိုကျဆင်းလာပါတယ်။ တရားထိုင်ခြင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့မကြာခဏတွေ့ဆုံစကားပြောခြင်း နေ့စဉ်စာရေးစာဖတ်တာတွေနဲ့ ဦးနှောက်ကိုလတ်ဆတ်နေအောင် ထိန်းသိမ်းထားသင့်ပါတယ်။

      ဒီနေရာမှာ အပေါင်းအသင်းများတာ ဆိုရှယ်ကျကျ နေတတ်တာ ပွဲလမ်းတွေအမြဲတက်တာတွေ့ဆုံပွဲတွေ မပျက်ကွက်တာတွေကအလွန်အကျိုးရှိတဲ့ စိတ်ဖိအားကျဆေးတွေဖြစ်ပါတယ်။ တကိုယ်တည်းနေလေ ဆိုးလေပါ။ 

      သွေးဆုံးအခြေအနေမှာ မိမိရဲ့စိတ်ခံစားမှုတွေ ဝေဒနာတွေကို ပြောပြဆွေးနွေးဖို့ အကောင်းဆုံးလူဟာ ဆရာဝန်မဟုတ်ဘဲ ရွယ်တူတွေပါတဲ့။ သူငယ်ချင်းအပေါင်းအသင်း ဘယ်လောက်အရေးပါလဲသိကြပြီပေါ့နော်။ 

      အချင်းချင်းအမြဲတိုင်ပင်ဆွေးနွေးကြခြင်း အတွေ့အကြုံတွေမျှဝေကြခြင်းတွေက သွေးဆုံးချိန်အတွက် အလွန်ထိရောက်တဲ့ စိတ်ကုထုံးဖြစ်ပါတယ်။ ဒါ့အပြင်

1.အာဟာရပြည့်၀အောင်စားပါ

2.နွားနို့ပုံမှန်သောက်ပါ

3.အသီးအနှံပုံမှန်စားပါ

4.မနက်စာကို မေ့ပြီး မစားဖြစ်တာမျိုးတွေ မလုပ်ပါနဲ့

5.အိပ်ရေးလဲ ၀အောင်အိပ်ပါ

6.လှလှပပနေပါ

7.ခင်ပွန်းသည်နဲ့အတူခရီးထွက်ပါ

8.နေ့စဉ် စာဖတ်ပါ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)






























