/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အတူနေစဉ်-နာကျင်လျှင်

အတူနေစဉ် နာကျင်လျှင် ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

>>    အတူနေစဉ် ဘာကြောင့်နာတာလဲ?

          အမျိုးသမီး ၇၅%လောက်ဟာ အတူနေစဉ် နာကျင်မှု ခံစားရတတ်ပါတယ်။ နာကျင်ခြင်းဟာ ယာယီမျှသာဖြစ်ပြီး ကုသနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ ရောဂါတချို့၊ ဆေးဝါးတွေနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

1.      မိန်းမကိုယ်အပြင်ဘက် အထိမခံ ရောင်ရမ်းနာကျင်နေခြင်း

          ဒါဟာ အသုံးပြုတဲ့ မိန်းမအသုံးအဆောင် တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆပ်ပြာ၊ နှိပ်နယ်ဆီနဲ့ တစ်ရှူး စတာတွေမှာ ပါတဲ့ ဆိုးဆေး၊ အမွေးနံ့တွေနဲ့ အခြားပါဝင်ပစ္စည်းတွေက ဓာတ်မတည့် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

          ရောင်ရမ်းနေတာ သက်သာအောင် တစ်ရက်၊ နှစ်ရက်ခန့် ဘာမှမလုပ်၊ ဘာမှမလိမ်းပါနဲ့။ ဓာတုဗေဒဆေးဝါး မပါဝင်တဲ့ သဘာဝပစ္စည်းများကို ပြောင်းလဲသုံးစွဲပါ။

 

2.      နာကျင်ပြီး အဖြူဆင်းခြင်း

          အဖြူပျစ်ပျစ်ဆင်းပြီး ယားယံနေတယ်ဆိုရင် မှိုပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အဖြူရောင်နောက်နောက် ကျဲကျဲဆင်းပြီး ငါးညှီနံ့လိုမျိုး ရှိနေတယ်ဆိုရင်တော့ ဘတ်တီးရီးယားပိုး ဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးစပ်ကိုက်ပြီး စိမး်ဝါဝါ အဖြူဆင်းရင်တော့ ဆီးပူညောင်းကျရောဂါ၊ ကလိုင်မိုင်းဒီးယား ကူးစက်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

          ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။

 

3.      မိန်းမကိုယ်အဝ တင်းကြပ်နေခြင်း

          မိန်းမကိုယ်ဝကြွက်သားတွေ နာကျင်ပြီး အလိုလို ကျုံ့သွားတတ်တဲ့ အကြောင်းအရင်းကို သေချာမသိသေးပေမယ့် လိင်အကြမ်းဖက်မှုလိုမျိုး ခံစားခဲ့ဖူးသူတွေမှာ ဖြစ်လေ့ရှိပါတယ်။

          ဆရာဝန်နဲ့ အေးအေးဆေးဆေး သေချာဆွေးနွေးသင့်ပါတယ်။ အောက်ပိုင်းကြွက်သားတွေကို ပြေလျော့စေတဲ့ လေ့ကျင့်ခန်းများဖြင့် သက်သာစေနိုင်ပါတယ်။

 

4.      မိန်းမကိုယ် ခြောက်သွေ့ခြင်း

          စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု များတဲ့အချိန်တွေ၊ ဆေးဝါးတွေ၊ မီးတွင်းကာလနဲ့ နို့တိုက်ကာလတွေ၊ သွေးဆုံးချိန်တစ်ဝိုက်တွေမှာ ခံစားရတတ်ပါတယ်။

          အတူနေစဉ်မှာ ဆီလီကွန်ပါ ချောဆီမျိုးကို အသုံးပြု ဆက်ဆံနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျသွားတဲ့အခါ၊ အီစထရိုဂျင်ဟော်မုန်းတွေ ပြန်များလာတဲ့အခါ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

 

5.      အတူနေစဉ် အတွင်းဘေးဘက်က နာကျင်ခြင်း

          သားဥအိမ်အရည်အိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ အတူနေစဉ် မတော်တဆ ထိခိုက်မိတာကြောင့် နာကျင်တတ်ပါတယ်။

          ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေမှာ မစိုးရိမ်ရပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ စိုးရိမ်စရာကောင်းတဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

6.      အတူနေစဉ် အထဲမှာ တစ်စုံတစ်ရာကို တိုက်မိသလို ခံစားရခြင်း

          ဒါဟာ သားအိမ်အသားလုံးကြောင့် ဖြစ်နိုင်ပါတယ်။ အတူနေစဉ် နာကျင်တာအပြင် ပုံမမှန် သွေးဆင်းခြင်း၊ သွေးဆင်းများခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း လေးလံနေခြင်း၊ ဖောင်းနေခြင်းတို့ပါ ခံစားရတတ်ပါတယ်။

          တချို့ အသားလုံးတွေဟာ သူ့အလိုလို သေးသွား၊ ပျောက်သွားတတ်ပေမယ့် တစ်စုံတစ်ရာ ပုံမမှန် ဖြစ်လာပါက ဆရာဝန်နဲ့ ဆွေးနွေးကုသသင့်ပါတယ်။

 

7.      အတူနေတိုင်း နာကျင်နေခြင်း

          အတူနေစဉ် မိန်းမကိုယ်မှာ ကိုက်ခဲရာကစလို့ ဆိုးဆိုးရွားရွား နာကျင်နေတာဟာ သားအိမ်အတွင်းလွှာ နေရာလွဲမှား ရောက်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

          ဆရာဝန်နဲ့ ပြသပြီး ဆေးဝါးတွေ၊ ခွဲစိတ်ကုသမှုတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

 

8.      အတူနေစဉ် အတွင်းကို နက်နက်ဝင်သွားတိုင်း မခံမရပ် နာကျင်ခြင်း

          ဒီလို အတွင်းနက်နက်ဝင်သွားမှသာ နာကျင်ခြင်းဟာ သားအိမ်အတွင်း လန်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အများစုမှာ သားအိမ်ဟာ ကိုယ်ခန္ဓာနဲ့ အတည့်အတိုင်းရှိပေမယ့် တချို့မှာ နောက်ပြန်လန်နေတတ်ပါတယ်။ ပုံမှန်သာဖြစ်ပြီး ကျန်းမာရေးကို မထိခိုက်စေနိုင်တဲ့အတွက် စိုးရိမ်စရာ မလိုပါဘူး။

          အတူနေစဉ် အမျိုးသားကို အတွင်းကို နက်နက်မဝင်ပါစေနဲ့။

 

9.      မိန်းမကိုယ်အပေါက်ဝ နာကျင်ခြင်း

          ကလေးမွေးပြီးသူတွေမှာ မွေးလမ်းကြောင်းချဲ့ချုပ်ရိုးဟာ အချိန်အတန်ကြာတဲ့အခါ အနာကျက်သွားတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ချို့မှာတော့ အတူနေတိုင်း နာကျင်မှုကို ခံစားရတတ်ပါတယ်။

          ဆရာဝန်နဲ့ ပြသပြီး လိုအပ်ရင် မွေးလမ်းကြောင်း ပြန်လည်ပြင်ဆင်ချုပ်ရပါမယ်။

 

10.    မိန်းမကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲနေခြင်း

          မကြာခဏ အတူနေဆက်ဆံခြင်းက ဒီလို နာကျင် ကိုက်ခဲစေတတ်ပါတယ်။ တစ်ရက်၊ နှစ်ရက်ခန့် အဝတ်ပွပွဝတ်ပြီး အတူနေတာကို ရှောင်ကြဉ်လိုက်ပါ။

Dr. Emerald (www.drmyanmar.com)