/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေက-အမျိုးသားတွေထက်စာရင်-ဝိတ်လျှော့ရတာ-ပိုခက်ခဲပါတယ်

အမျိုးသမီးတွေက အမျိုးသားတွေထက်စာရင် ဝိတ်လျှော့ရတာ ပိုခက်ခဲပါတယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဒီတစ်ခါတော့ အမျိုးသမီးတွေ အများစု စိတ်ဝင်စားတတ်ကြတဲ့ အကြောင်းအရာတစ်ခုကို ပြောပြသွားပါ့မယ်နော်။

          အမျိုးသမီးတစ်ယောက် သူ့အမျိုးသားနဲ့အတူ ဝိတ်ချကြတယ်ဆိုပါစို့။ သူတို့နှစ်ယောက်လုံး စိတ်တူကိုယ်တူ အားကစားလုပ်၊ အစားလျော့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားက အမျိုးသမီးထက်စာရင် ပိုပြီးစောစော ဝိတ်ကျသတဲ့။

          ဘာကြောင့်လဲ သိချင်နေကြမှာပေါ့။ အပြစ်တင်ချင်ရင်တော့ ကိုယ့်မျိုးရိုးဗီဇ သဘောတရားကိုသာ ကိုယ်တင်ကြတော့ အမျိုးသမီးတို့ရေ။

          အမျိုးသမီးတွေအဖို့ တကယ်ကို စိတ်ညစ်ဖို့ကောင်းပါတယ်။

          ဘယ်လိုအကြောင်းရင်းတွေက ပါဝင်ပတ်သက်နေသလဲ ကြည့်ကြရအောင်။

၁။     ဇီဝကမ္မဖြစ်စဉ်

          အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဆီပိုများပြီး ကြွက်သား ပိုနည်းတယ်။ ဒါဟာ အခြေခံဇီဝကမ္မ ဖြစ်ပျက်နှုန်း တစ်နည်း ပုံမှန်နားနေချိန် ခန္ဓာကိုယ်က ကယ်လိုရီ လောင်ကျွမ်းနှုန်းကို သွားပြီးသက်ရောက်မှု ရှိနေပါတယ်။

          အစားအသောက်ပညာရှင်နဲ့ ဆီးချိုအကြံပေး ဒေါန့်နိုးအဆိုအရ ဒီလိုအခြေခံဇီဝကမ္မ ဖြစ်ပျက်နှုန်းဟာ ကြွက်သားပမာဏပေါ် မူတည်နေတယ်လို့ သိရပါတယ်။

 

၂။     ကိုယ်ဝန်ဆောင်ခြင်း

          ကိုယ်ဝန်ဆောင်တော့လည်း ဝိတ်တွေ တက်လာပြီး အဆီတွေကို စုလာမိတယ်။ ဒါ့အပြင် အမေတစ်ယောက် ဖြစ်လာတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့၊ အိပ်ချိန်မှန်မှန်အိပ်ဖို့ကို အချိန်မပေးနိုင်တော့ပါဘူး။ ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အပိုတက်လာတဲ့အဆီတွေကိုလည်း လျှော့ချရဦးမယ်။

          ဒါပေမဲ့ တစ်ခုကောင်းတာက ဒီအဆင့်မှာတော့ ကလေးကို နို့တိုက်ရင် တက်လာတဲ့ဝိတ်တွေကို လျှော့ချနိုင်ပါသတဲ့။

 

၃။     သွေးဆုံးချိန်

          သွေးဆုံးချိန်မှာ ဟော်မုန်းတွေ လျော့နည်းသွားတဲ့အပြင် ဇီဝကမ္မဖြစ်နှုနး်တွေ နှေးကွေးသွားတာကြောင့် ဗိုက်မှာ အဆီစုလာတတ်ကြတယ်။ ဒါကြောင့် တချို့ဆိုရင် သူတို့ရဲ့ စူထွက်လာတဲ့ ဗိုက်ကလေးတွေကို သွေးဆုံးဗိုက်လို့တောင် ချစ်စနိုး နာမည်ပေးထားတတ်ကြသတဲ့။

 

၄။     သားဥအိမ် အရည်အိတ်စုရောဂါစု

          အမျိုးသမီးတွေရဲ့ ၅-၁၀% လောက်မှာ သားဥအိမ် အရည်အိတ်စု ရောဂါစု ရှိတတ်ကြတယ်။ ဒီရောဂါသမားတွေမှာ ဟော်မုန်းတွေ မညီမမျှဖြစ်ပြီး ဝိတ်ကျဖို့ ပိုခက်ခဲတဲ့အပြင် ရာသီလည်း မမှန် ဖြစ်စေတတ်ပါတယ်။

 

>>    ဒီလိုဝိတ်တက်စေတတ်တဲ့ အခြေအနေတွေကို ချေမှုန်းဖို့ ...

၁။     လေ့ကျင့်ခန်းလုပ်ပါ။

          ကြွက်သားထု တည်ဆောက်ခြင်းက အမျိုးသားတွေမှာရော၊ အမျိုးသမီးတွေမှာပါ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတယ်။ ကြွက်သားထု ပိုများတဲ့အခါ ထိုင်နေ၊ နားနေချိန်မှာတောင် ကယ်လိုရီတွေ ပိုလောင်ကျွမ်းနိုင်တယ်။

          တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်၊ တစ်ကြိမ်ကို မိနစ် ၂၀ ကနေ ၃၀ လောက် ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ အထူးသဖြင့် အသက်ကြီးလာချိန်မှာ ပိုလိုအပ်တယ်နော်။ (အသက်ကြီးလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာပြီး ကြွက်သားတွေ ဆုံးရှုံးမှုများလာတာကြောင့်ပါ။)

 

>>    ဒီလိုကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ...

●        Gym မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် စက်တွေနဲ့ လုပ်ခြင်း

●        အလေးတုံးတွေ၊ ရာဘာကွင်းတွေ သုံးခြင်း

●        လေ့ကျင့်ခန်းအဖွဲ့တွေမှာ ပါဝင်ခြင်း

●        ဒိုက်ထိုး၊ အိပ်ထမတင်၊ ထိုင်ထတွေလုပ်ခြင်း စတဲ့နည်းတွေကို သုံးနိုင်ပါတယ်။

          အမျိုးသမီးတွေဟာ ဒီလိုလေ့ကျင့်ခန်းတွေလုပ်ရင် ယောကျ်ားကြီးတွေလို ဖြစ်လာမှာ ကြောက်တတ်ကြပါတယ်။ တကယ်တော့ အမျိုးသမီးတွေမှာ တက်စတိုစတီရုံး မရှိတာကြောင့် ဒီလိုဖြစ်လာစရာ မရှိဘူးနော်။

          ဒီလိုလေ့ကျင့်ခန်းမျိုးတွေဟာ ကြွက်သားတည်ဆောက်ရုံတင်မက ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး အင်ဆူလင် ဆန့်ကျင်မှုကိုလည်း လျှော့ချပေးတဲ့အတွက် ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၂။     ကိုယ့်အတွက် အဆင်ပြေမယ့် စားနည်းကို ရွေးချယ်စားသောက်ပေးပါ။

          သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဝိတ်လျှော့တော့မယ်ဆိုရင် တစ်နေ့တာအတွက် ကယ်လိုရီ လိုအပ်မှုက အမျိုးသားတစ်ယောက်အတွက် ၁၅၀၀ ဖြစ်ပြီးတော့ အမျိုးသမီးတစ်ယောက်အတွက်ကတော့ ၁၂၀၀ သာ ရှိပါတယ် (အရပ်၊ ကိုယ်အလေးချိန်၊ လှုပ်ရှားမှုတွေပေါ်မှာလည်း မူတည်ပါသေးတယ်)။

          လေ့ကျင့်ခန်းပါ တွဲလုပ်ရင်တော့ ကယ်လိုရီ ဒီ့ထက်များများ စားလို့ရပါတယ်။ ဆိုလိုချင်တာက ဝိတ်တူတူ လျှော့တာချင်းတူတူ အမျိုးသမီးတွေက ကယ်လိုရီ ပိုလျှော့စားဖို့ လိုတယ်ဆိုတာပါပဲ။

          Mediterranean diet ဆိုတဲ့ စားသောက်ပုံလေးကတော့ ဝိတ်လျှော့သူတွေအတွက် အကောင်းဆုံးပါပဲ။ ကာဗိိုဟိုက်ဒရိတ်ကစီဓာတ်နဲ့ ကီတုန်းဓာတ်နည်းတဲ့ အစားအသောက်တွေစားဖို့လည်း တိုက်တွန်းပါသေးတယ်။ ပြီးတော့ ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်စားသောက်နေထိုင်ပုံနဲ့ လိုက်ပြီး ပြောင်းလဲဖို့ကိုလည်း ဒေါ့န်နိုးက အကြံပေးပါတယ်။

 

၃။     ရေရှည်စွဲလုပ်ဖို့ အရေးကြီးပါတယ်။

          စိတ်ရှည်သည်းခံမှ လမ်းကြောင်းမှန်မယ်နော်။ လေ့လာမှုတွေအရ မှန်မှန်စွဲလုပ်မယ်ဆိုရင် တစ်နှ်စ်အတွင်းမှာ ၅-၁၀% လောက် ဝိတ်ကျတယ်လို့ သိရပါတယ်။ တကယ်လို့ မကျရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုလာပြီနော်။

          အဆီနည်း၊ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအသောက်တွေ စားရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားပေးဖို့ လိုပါတယ်။ အဆီမပါတဲ့ အသား၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေဖြစ်တဲ့ အစေ့အဆံတွေ၊ သံလွင်ဆီတွေနဲ့ ထောပတ်သီးတွေ စားဖို့ လိုပါတယ်။ သကြားတွေ၊ ဆန်လုံးဖြူ ပေါင်မုန့်ဖြူ၊ အချိုရည်တွေကို လျှော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးဖို့ လိုပါတယ်။

          ဒါ့အပြင် အသက် ၅၀ ကျော်သူ အမျိုးသမီးတွေမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီတွေ စားပေးဖို့ လိုတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)