/
node/10060

နို့သီးခေါင်း အရည်စိမ့်ထွက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နို့သီးခေါင်း အရည်စိမ့်ထွက်တာဟာ များသောအားဖြင့် အရေးမကြီးပေမယ့် တစ်ခါတစ်ရံမှာတော့ ဂရုတစိုက် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
နို့သီးခေါင်း အရည်စိမ့်ထွက်ခြင်းက များသောအားဖြင့် ပုံမှန်ဖြစ်ပါတယ်။  
မိန်းမသားအများစုမှာတော့ သူ့အချိန်နဲ့သူ နို့သီးခေါင်းမှ အရည်စိမ့်ထွက်တတ်တာ ပုံမှန်ဖြစ်ပါတယ်။
မွေးကင်းစကလေးတွေမှာလဲ မွေးဖွားပြီးခါစမှာ နို့ရည်လေးတွေ စိမ့်ထွက်တတ်တာကို တွေ့ရတတ်တာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်ပတ်နှစ်ပတ်ကြာရင်တော့ ပျောက်သွားတတ်ပါတယ်။
အမျိုးသားတွေမှာ နို့သီးခေါင်း အရည်စိမ့်ထွက်နေရင်တော့ ပုံမှန်မဟုတ်တာ သေချာပါတယ်။
စိမ့်ထွက်တဲ့အရည်ရဲ့အရောင်ကိုကြည့်ရုံနဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ပါဘူး။  ပုံမှန်စိမ့်ထွက်တဲ့အရည်မှာလည်း အရောင်မျိုးစုံ ရှိတတ်ကြတာမို့ပါ။ နို့သီးခေါင်း အရည်စိမ့်ထွက်တာဟာ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
●  အရည်က ပုံမှန်တောက်လျှောက် စိမ့်ထွက်နေတာ
●  ရင်သားတစ်ဖက်ထဲကနေပဲ ထွက်နေတာ
●  အရည်မှာသွေးပါနေတာ ဒါမှမဟုတ် အနံ့နံနေတာ
●  နို့တိုက်မိခင်မဟုတ်ဘဲ အရည်က ဖိစရာမလိုဘဲ အလိုလို စိမ့်ထွက်နေတာ
●  အသက် ၅၀ ကျော်မှ စိမ့်ထွက်လာတာ
●  ရင်သားမှာ အလုံးထွက်လာတာ၊ နာကျင်လာတာ၊ နီရဲနေတာ၊ ရောင်ရမ်းနေတာ
●  အမျိုးသားတစ်ယောက်မှာ နို့သီးခေါင်း အရည်စိမ့်ထွက်နေတာ စသည်ဖြင့် လက္ခဏာတွေ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဒီလို အရည်စိမ့်ထွက်နေတာက ကြောက်စရာကောင်းတဲ့ အကြောင်းအရင်းတစ်ခုခုကြောင့် ဟုတ်ချင်မှ ဟုတ်မှာပေမယ့်လည်း ကင်ဆာဖြစ်နိုင်ခြေလည်းရှိတာမို့ စစ်ဆေးကုသကြည့်တာကတော့ အကောင်းဆုံးပါပဲ။

>>  ဆေးခန်းသွားပြရင် ဘာတွေဖြစ်မလဲ?
အထွေထွေရောဂါကုဆရာဝန်က ရင်သားကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ လိုအပ်ရင် ဆေးရုံကြီး သို့မဟုတ် ရင်သားကုဆေးခန်းတွေဆီကို လွှဲပါလိမ့်မယ်။

>>  ဆေးရုံကြီး သို့မဟုတ် ရင်သားကုဆေးခန်းတွေမှာ ဘာတွေလုပ်မလဲ?
ဆေးရုံမှာတော့ ရင်သားကို စမ်းသပ်တာ၊ ရင်သားကို ဓာတ်မှန် သို့မဟုတ် အာထရာဆောင်းရိုက်တာ၊ ပြီးတော့ အပ်လေးတစ်ချောင်းနဲ့ ရင်သားထဲကို ထိုးသွင်းပြီး အချို့သောဆဲလ်တွေကို စစ်ဖို့ အသားစယူတာတွေ လုပ်နိုင်ပါတယ်။
စစ်ဆေးမှုအများစုက တစ်ရက်တည်းမှာပဲ ပြီးစီးနိုင်ပါတယ်။ ရလဒ်တွေကို တစ်ရက်တည်းမှာပဲ သိရှိနိုင်ပြီး အသားစအဖြေကတော့ တစ်ပတ်နှစ်ပတ် စောင့်ရနိုင်ပါတယ်။

>>  နို့သီးခေါင်းမှာ အရည်စိမ့်ထွက်ရခြင်းအကြောင်းများ
အတွေ့အမြင်များတဲ့ အချက်တွေကတော့ -
●  နို့တိုက်မိခင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတာ
●  နို့ရည်ထုတ်ပြွန်က လိုအပ်တာထက် ကြီးမားနေတာ၊ ပိတ်ဆို့နေတာ
●  ရင်သားမှာ ကင်ဆာမဟုတ်တဲ့အလုံး ရှိနေတာ
●  ရင်သားမှာ ပိုးဝင်ပြီး ရောင်ရမ်းနေတာ
●  အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာ (ဥပမာ - ကိုယ်ဝန်တားဆေးတွေ)
နောက်ဆုံးနေနဲ့ ပြောချင်တာကတော့ နို့သီးခေါင်း အရည်စိမ့်ထွက်တာက ကင်ဆာရောဂါ တစ်ခုတည်းကြောင့် မဟုတ်ပေမယ့်  သတိရှိရှိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)