/
node/10122

ကလေးငယ်များတွင် ဝမ်းချုပ်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

>>  ဘယ်လိုကလေးငယ်များက ဝမ်းချုပ်လေ့ရှိသလဲ?
မိခင်နို့ရည်သောက်သုံးရသော ကလေးငယ်များထက် နို့ဘူးတိုက်သောကလေးများက ဝမ်းပိုချုပ်လေ့ ရှိပါတယ်။ နို့မှုန့်တွင်ပါဝင်သော အာဟာရများသည် အလွယ်တကူ အစာမကြေတတ်သောကြောင့် နို့ဘူးသောက်သော ကလေးများသည် ဝမ်းချုပ်ခြင်းကို ပိုမိုခံစားရလေ့ရှိပါတယ်။

>>  ဝမ်းချုပ်နေကြောင်း ဘယ်လိုသိနိုင်သလဲ?
ကလေးငယ် ဝမ်းချုပ်နေတယ်လို့ထင်ပါက အောက်ပါလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးကြည့်ပါ။
●  ဝမ်းမသွားမီကလေးငယ်သည် ဂဏှာမငြိမ်ဖြစ်ခြင်း
●  ငိုခြင်း၊ မအီမသာဖြစ်ခြင်း
●  ဝမ်းခြောက်သွေ့မာကြောနေခြင်း
●  တစ်ပတ်လျှင် နှစ်ကြိမ်လောက်သာ ဝမ်းသွားခြင်း
●  ဝမ်းအနံ့ဆိုးဝါးခြင်း
●  ပါးစပ်ပျက်ခြင်း
●  ဝမ်းဗိုက်တောင့်တင်းခြင်း
သို့သော် တစ်ခါတရံ ဝမ်းအရည်ကျဲကျဲသွားခြင်းသည် ဝမ်းချုပ်ခြင်း၏လက္ခဏာ ဖြစ်နေတတ်ပါတယ်။ ဝမ်းချုပ်နေသော်လည်း ဝမ်းအရည်ကျဲသွားရခြင်းဆိုသည်မှာ    အူမကြီးအောက်ပိုင်းအတွင်း ဝမ်းများမာနေ၍ ထိုဝမ်းအမာများကို ဖြတ်ကျော်ပြီး ဝမ်းအရည်ကျဲကျဲသွားရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ဝမ်းအရည်ကျဲကျဲသွားတိုင်း ဝမ်းလျှောသည်ဟု မမှတ်ယူသင့်ပေ။

>>  ဘယ်အရာတွေက ဝမ်းချုပ်စေသလဲ?
1.   အထက်မှာပြောခဲ့သလို နို့မှုန့်တိုက်တဲ့ကလေးများ (နှို့မှုန့်များဟာ အစာခြေဖျက်ဖို့ ခဲယဉ်းတာကြောင့် ကလေးငယ်ကို ဝမ်းချုပ်စေပါတယ်။)
2.   အစာမာများ စားခြင်း၊ အမျှင်ဓါတ်နည်းပါးသော အစာများစားခြင်း
3.   ရေဓာတ်ခန်းခြောက်ခြင်း
4.   စားမိသောအစာနှင့် ဓါတ်မတည့်ခြင်း
5.   မွေးရာပါရောဂါများ - အူမကြီး ကောင်းစွာအလုပ်မလုပ်နိုင်သော (Hirschsprung’s disease)၊ စအိုဝနှင့် အစာအိမ်ဟောင်းတို့ ကောင်းစွာ အလုပ်မလုပ်နိုင်သော အခြေအနေ(Anorectal malformation)၊ မွေးရာပါကျောရိုးကွဲရောဂါ (Spina bifida)၊ မျိုးရိုးဗီဇကြောင့် အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနှင့် ပန်ကရိယ ထိခိုက်သောရောဂါ (Cystic Fibrosis)

>>  ကလေးငယ်များ ဝမ်းမချုပ်အောင် ဘယ်လိုလုပ်မလဲ?
1.  ကလေးကို ပက်လက်အနေအထားထားပြီး ခြေထောက်နှစ်ဖက်ကို စက်ဘီးစီးသကဲ့သို့ ငြင်ငြင်သာသာ လှုပ်ရှားပေးပါ။
2.  နို့ဘူးတိုက်ပါက နို့မှုန့်အားညွှန်းဆိုထားသည့်အတိုင်းသာ ဖျော်စပ်ပါ။ ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားသော နို့ရည်များသည် ကလေးငယ်အား ဝမ်းပိုချုပ်စေပါတယ်။
3.  အမျှင်ဓါတ်များသော အစားအစာများ၊ အရည်ရွှမ်းသော သစ်သီးများကို ကျွေးပေးပါ။
4.  လိုအပ်ပါက ဆရာဝန်နှင့် သေချာစွာတိုင်ပင်ပါ။

Dr. Htet Htet Aung (www.drmyanmar.com)