/
node/10147

အူအတက်ရောင်ခြင်း/အူအတက်ပေါက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အူအတက်လေးဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်နားမှာရှိပြီး အူမကြီးနဲ့ဆက်ထားတဲ့ သေးသေးရှည်ရှည် ပြွန်လေးပါ။ အူအတက်ရောင်ပြီ ဆိုရင်တော့ အရေးပေါ်ကုသရမှာပါ။

>>  အူအတက်က ဘာလို့ရောင်တာလဲ?
အူအတက်လေးမှာ တစ်ခုခုပိတ်ဆို့သွားရင် ရောင်ရမ်းလာတတ်ပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်၊ ဘက်တီးရီးယားလိုရောဂါပိုးတွေ၊ သံကောင်တွေ အူလမ်းကြောင်းကို ဝင်ရောက်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ မစင်တွေ ပိတ်ဆို့တဲ့အခါမှာလည်း ရောင်ရမ်းတတ်သလို အလုံးအကျိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အူအတက် အရမ်းရောင်ရမ်းလာတဲ့အခါမှာ သူ့ဆီကို သွေးမရောက်တော့ပါဘူး။ ဒီအခါမှာ အူအတက်လေးက ပုပ်ပြီး ပေါက်သွားတတ်ပါတယ်။ ဒီအခါမှာ အူထဲက အညစ်အကြေး၊ အကျိအချွဲနဲ့ တခြားအရာတွေ ဗိုက်ထဲကို ပျံနှံသွားပြီး တခြားအစိတ်အပိုင်းတွေ ရောင်ရမ်းပိုးဝင်သွားတတ်ပါတယ်။

>>  ဘယ်လိုလက္ခဏာတွေ ပြမလဲ?
အဖြစ်အများဆုံးကတော့ ဗိုက်အောင့်တာပါ။
●  ချက်နားက စအောင့်ပြီး ဗိုက်ရဲ့ညာဘက်အောက်ပိုင်းနားကို ရွေ့သွားပါတယ်။ ဒါမှမဟုတ်လည်း အဲ့နားကပဲ စအောင့်ပါတယ်။
●  အချိန်ကြာလာတာနဲ့အမျှ ပိုပိုအောင့်လာပါတယ်။
●  လှုပ်ရှားတာ၊ အသက်ပြင်းပြင်းရှူတာ၊ ထိမိတာ၊ ချောင်းဆိုး နှာချေတာတွေတိုင်း ပိုပြီးအောင့်ပါတယ်။
●  အူအတက်ပေါက်သွားရင်တော့ ဗိုက်တစ်ပြင်လုံး အောင့်ပါတယ်။

>>  တခြားလက္ခဏာတွေက -
●  အန်တာ
●  အစားစားချင်စိတ် မရှိတာ
●  ချမ်းပြီး ဖျားတာ
●  ဝမ်းချုပ်တာ
●  ဝမ်းလျှောတာ
●  လေမလည်တာ
●  ဗိုက်ဖောင်းလာတာတို့ ဖြစ်ပါတယ်။
ဗိုက်အောင့်လို့ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေ မသောက်ရပါဘူး။

>>  ဆရာဝန်က ဘယ်လို စစ်ဆေးမလဲ?
အဓိကကတော့ ရောဂါရာဇဝင်နဲ့ ဗိုက်ကိုစမ်းသပ်ပြီး ရောဂါနာမည်တတ်ရတာပါပဲ။ တခြားရောဂါပိုးတွေ ဝင်နေတာ ရှိ/မရှိ၊ ဆီးလမ်းကြောင်းပိုးဝင်တာ ရှိ/မရှိ သိချင်လို့ သွေးတွေ ဆီးတွေ စစ်ပါလိမ်မယ်။ ဗိုက်ကို အာထရာဆောင်းရိုက်တာမျိုး၊ ပိုပြီးတိတိကျကျ သိချင်ရင် ကွန်ပျူတာဓာတ်မှန် ရိုက်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

>>  ဘယ်လိုကုသမလဲ?
ရောင်ရုံပဲဆို ဆေးပေးမယ်၊ ဆေးရုံတင်ပြီး စောင့်ကြည့်ပါလိမ့်မယ်။ ဒါပေမဲ့ အရမ်းရောင်ရမ်းပြီး ပေါက်ထွက်သွားနိုင်တယ် ဆိုရင်တော့ ခွဲစိတ်ကုသရပါလိမ့်မယ်။ ခွဲစိတ်ကုသတဲ့နေရာမှာ ဗိုက်တစ်ခုလုံးကို ဖွင့်ပြီး အူအတက်ကို ဖြတ်ထုတ်တာ၊ ဒါမှမဟုတ် အပေါက်သေးသေးလေးပဲ ဖွင့်ပြီး ဖြတ်ထုတ်တာ ဆိုပြီး နှစ်မျိုးရှိပါတယ်။
တကယ်လို့ အူအတက်ပေါက်တာ အရမ်းကြာလို့ ကိုယ်တွင်းကလီစာတွေ ရောင်ရမ်းပြီး ရောက်လာရင်တော့ ချက်ချင်း ခွဲစိတ်လို့ မရပါဘူး။ ပိုးသတ်ဆေးတိုက်ပြီး ဗိုက်ထဲက အရည်တွေကို စုပ်ထုတ်ပြီး သက်သာလာတော့မှ အူအတက်ကို ဖြတ်ထုတ်ပါလိမ့်မယ်။
ရောင်ရုံအခြေအနေနဲ့ ခွဲစိတ်ကုသထားတာဆို မြန်မြန်ပြန်ကောင်းနိုင်ပေမဲ့ အူအတက်ပေါက်သွားခဲ့ရင်တော့ ပိုးသတ်ဆေးလည်း အချိန်ကြာကြာသောက်ရပြီး ပြန်ကောင်းဖို့ နည်းနည်းကြာပါလိမ့်မယ်။
အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အရေးပေါ်  ပြသရပါမယ်။

Dr. Htar (www.drmyanmar.com)