သွေးပေါင်ကျခြင်း
သွေးပေါင်ကျခြင်းဆိုတာကတော့ သင့်ရဲ့သွေးပေါင်ကို တိုင်းတာလိုက်တဲ့အခါမှာ သွေးပေါင်ချိန်က ၉၀/၆၀ mmHg အောက် ကျနေခြင်းကို သွေးပေါင်ကျခြင်းလို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျခြင်းဟာ အများအားဖြင့် ရောဂါလက္ခဏာတစ်ခုသာ ဖြစ်တတ်ပေမယ့် တစ်ခါတလေမှာတော့ ဆေးကုသမှုခံယူဖို့ လိုနိုင်တဲ့အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သွေးပေါင်ကျနေကြောင်း စောစောသိဖို့ လိုပါတယ်။ သွေးပေါင်ကျနေတာကိုသိနိုင်ဖို့ သွေးပေါင်ချိန်ကြည့်ဖို့ လိုပါတယ်။
ဒါဆိုရင် ဘယ်လိုအခြေအနေမှာ သွေးပေါင်ချိန်ကြည့်သင့်လဲ။ အောက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သွေးပေါင်ကျနေတာ ဖြစ်နိုင်တဲ့အတွက် သွေးပေါင်ချိန်ကြည့်ဖို့ လိုပါတယ်။
● ရိပ်ခနဲ မူးဝေခြင်း
● မအီမသာဖြစ်ခြင်း
● အမြင်ဝေဝါးခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း
● မူးလဲမလိုဖြစ်ခြင်း
စတဲ့ လက္ခဏာတွေရှိနေရင်တော့ သွေးပေါင်ကျနေတာဖြစ်နိုင်တဲ့အတွက် သွေးပေါင်ချိန်ကြည့်ဖို့ လိုသလို ထိုင်ရာကနေ ရုတ်တရက် ထလိုက်တာမျိုး၊ လှဲနေရာကနေ ရုတ်တရက်ထလိုက်တာမျိုး လုပ်လိုက်ရင် မူးလဲပြီး သတိလစ်တာမျိုး ဖြစ်နိုင်တဲ့အတွက် ငြိမ်ငြိမ်လေးနေဖို့လည်း အရေးကြီးပါတယ်။
>> သွေးပေါင်ကိုဘယ်လိုချိန်ကြမလဲ?
မိမိနဲ့နီးစပ်ရာမှာရှိတဲ့ -
● ဆေးဝါးကျွမ်းကျင်သူ
● မိသားစုဆရာဝန်
● သူနာပြု စတဲ့ကျွမ်းကျင်သူတွေဆီမှာ သွေးပေါင်ချိန်နိုင်သလို
● မိမိအိမ်မှာပဲ ဒီဂျစ်တယ်သွေးပေါင်ချိန်စက်နဲ့လည်း ကိုယ်တိုင်ချိန်ကြည့်နိုင်ပါတယ်။
>> ကုသခြင်း
သွေးပေါင်ကျခြင်းကို ကုသရာမှာတော့ ဖြစ်စေတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ကုသနည်းတွေက ပြောင်းလဲနိုင်ပါတယ်။ သွေးပေါင်ကျစေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။
● မျိုးရိုးလိုက်ခြင်းကြောင့်
● အသက်အရွယ်ကြောင့်
● ကိုယ်ဝန်ကြောင့်
● တချို့သောရောဂါများ (ဥပမာ - ဆီးချိုရောဂါ)
● တချို့သောဆေးများ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သွေးပေါင်ကျတယ်လို့ သံသယရှိရင်တော့ နီးစပ်ရာ ဆေးခန်းကို သွားရောက်ပြသဖို့ လိုအပ်ပါတယ်။
>> ဆေးရုံဆေးခန်းသွားမပြခင် မိမိအိမ်မှာပဲ သက်သက်သာသာဖြစ်အောင် လုပ်သင့်တဲ့နည်းလမ်းတွေလည်း ရှိပါသေးတယ်။
● ထိုင်ရာမှ မတ်တပ်ထလျှင် ဖြည်းဖြည်းချင်း ထပါ။
● အိပ်ရာမှ ထလျှင်လည်း သတိထားပြီး ဖြည်းဖြည်းချင်း ထပါ။
● လှဲအိပ်နေစဉ် ခေါင်းဘက်ကို ၆ လက်မခန့် မြှင့်ထားပါ။
● ရေများများသောက်ပါ။
● အစားအသောက်ကို နည်းနည်းနဲ့ ခဏခဏစားပါ။
>> သွေးပေါင်ကျနေတဲ့အချိန် မလုပ်သင့်တာတွေလည်း ရှိပါသေးတယ်။
● အချိန်အကြာကြီးထိုင်တာ၊ မတ်တပ်ရပ်တာမျိုး မလုပ်ရပါ။
● ခန္ဓာကိုယ်အနေအထားကို ရုတ်တရက် ပြောင်းလိုက်တာမျိုး မလုပ်သင့်ပါ။
● ညဘက်မှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက်များ မစားသင့်ပါ။
● အရက် အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသေးတယ်။
ဒေါက်တာအောင် (www.drmyanmar.com)




























