/
node/10172

ကြို့ထိုးခြင်းကို ပျောက်ကင်းစေမယ့် အလွယ်ကူဆုံးနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကြို့ထိုးခြင်းဟာ ပြင်းထန်သောရောဂါလက္ခဏာတစ်ခု မဟုတ်သော်လည်း ကသိကအောက်ဖြစ်ရသော ပြဿနာတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ကျွန်မတို့ကိုယ်ထဲတွင်ရှိသော အဆုတ်နှင့်ဝမ်းဗိုက်အကြား ခြားနားပေးထားတဲ့ ရင်ဝမ်းခြားကြွက်သား (diaphragm) မှာ ရုတ်တရက် ကျူံ့ခြင်များ ဖြစ်ပေါ်ခြင်းကြောင့် ကြို့ထိုးရခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ရင်ဝမ်းခြားကြွက်သား တင်းတဲ့အခါမှာ ကျွန်မတို့ရဲ့အသံအိုးဟာ ရုတ်တရက် ပိတ်သွားတတ်ပြီး အသံပြွန်အဝတွင် ကြို့ထိုးသံ ဖြစ်ပေါ်ပါတယ်။
ကြို့ထိုးခြင်းကို တစ်ချိန်မဟုတ်တစ်ချိန်တော့ လူတိုင်းနီးပါး ကြုံတွေ့ဖူးကြပါလိမ့်မယ်။
အစာများ တဝတပြဲစားခြင်း၊ အစပ်များစားခြင်း၊ စိတ်ဖိစီးခြင်း၊ အရက်သောက်ခြင်း၊ အစာကိုမြန်မြန်စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အပူများသောက်ခြင်းကြောင့် ကြို့ထိုးတတ်ပြီး များသောအားဖြင့် သူ့အလိုလို ပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အချို့လူတွေမှာတော့ ရက်ရှည်လများ ခံစားရတတ်ပါတယ်။
(၂) ရက်ထက်ပိုပြီး ကြို့ထိုးနေခြင်းကို ကြာမြင့်စွာ ကြို့ထိုးခြင်းလို့ သတ်မှတ်ပြီး လနှင့်ချီ ကြို့ထိုးနေခြင်းကိုတော့ ပြင်းထန်သောကြို့ထိုးခြင်းလို့ သတ်မှတ်ပါတယ်။ အချိန်ကြာမြင့်စွာ ကြို့ထိုးခြင်းဟာ နောက်ခံရောဂါတစ်ခုခု ရှိခြင်းကြောင့် ဖြစ်နိုင်တာမို့ စမ်းသပ်အဖြေရှာပြီး ကုသမှုခံယူဖို့ လိုပါတယ်။
မည်သည့်အကြောင်းကြောင့် ကြို့ထိုးသည်ဖြစ်စေ ကြို့ထိုးခြင်းကို ရပ်တန့်စေသောနည်းလမ်း မရှိပေမယ့် နေထိုင်ရ  ကောင်းမွန်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
●  စက္ကူအိတ်ထဲသို့ အသက်ရှူသွင်းခြင်း
●  ရေခဲရည်ဖြင့် ပလုတ်ကျင်းခြင်း သို့မဟုတ် စုပ်သောက်ခြင်း
●  အသက်အောင့်ခြင်း
●  ဒူးနှစ်ဖက်ကို ရင်ဘတ်တွင်ကပ်ခြင်း
●  သံပရာသီးစားခြင်း
●  ရှာလကာရည်သောက်ခြင်း
●  သကြား လက်ဖက်စားဇွန်း ၁ ဇွန်းစားခြင်း
●  လျှာကို အရှေ့သို့ထုတ်ခြင်း
●  နှာချေခြင်း
●  နှာခေါင်းနှင့်နားများပိတ်ပြီး ရေများများသောက်ခြင်း
●  နှာခေါင်းနှင့်နားများပိတ်ပြီး အသက်ပြင်းပြင်း ရှူထုတ်ခြင်း
အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြို့ထိုးခြင်းကို အတန်သင့်သက်သာအောင် ပြုလုပ်နိုင်သော်လည်း အောက်ခံရောဂါတစ်ခုခုရှိနေသော အခြေအနေများအတွက်ကိုမူ ဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူကြဖို့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)