/
node/10210

သွားပြည်တည်နာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွားအတွင်း သို့မဟုတ် သွားဖုံး သို့မဟုတ် မေးရိုးတစ်နေရာရာတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ပြည်များ စုဝေးခြင်းကို သွားပြည်တည်နာလို့ သတ်မှတ်ခေါ်ဆိုပါတယ်။

>>  သွားနှင့်သွားဖုံးမှာ ပြည်တည်ခြင်းရဲ့ လက္ခဏာတွေကတော့ -
●  ရုတ်တရက် သွားနှင့်သွားဖုံးတွင်းကနေ စူးရှစွာနာကျင်ခြင်း၊ တဖြည်းဖြည်းပိုဆိုးလာခြင်း
●  နာကျင်မှုဟာ နား၊ မေးစေ့နှင့် လည်ပင်းထိပါ ပျံ့နှံ့ခြင်း
●  လှဲအိပ်ရင် ပိုမိုနာကျင်တတ်လို့ အိပ်ရေးပျက်ခြင်း
●  မျက်နှာရောင်ကိုင်းနေခြင်း
●  သွားအရောင်ပြောင်းခြင်း၊ သွားနဲ့ခြင်း
●  သွားဖုံးရောင်ခြင်း
●  အပူ နှင့် အအေးများ စားသောက်ပါက သွားကျဉ်ခြင်း
●  ခံတွင်းနံ့ဆိုးခြင်းတို့ ဖြစ်ပါတယ်။
ပြည်တည်ခြင်းဟာ အခြားနေရာများထိ ပျံ့နှံ့ပါက ဖျားခြင်းနှင့် နုံးချိခြင်းတို့ကိုပါ ခံစားရစေမှာ ဖြစ်ပါတယ်။

>>  သွားပြည်တည်နာကို စတင်ခံစားရပြီဆိုတာနှင့် သွားဆရာဝန်ထံ အမြန်ဆုံးပြသရမှာဖြစ်ပြီး ကုသနည်းတွေအနေနှင့် -
●  သွားအကြောထုတ်ခြင်း
●  သွားနှုတ်ခြင်း
●  ပြည်ကို စုပ်ထုတ်ခြင်း စသည်ဖြင့် သင့်တော်သော ကုသနည်းအမျိုးမျိုး ရှိပါတယ်။

>>  ဖြစ်စေသော အကြောင်းရင်းများကတော့ -
●  သွားသန့်ရှင်းမှုအားနည်းခြင်း
●  အချိုအစားများခြင်း
●  သွားနှင့်သွားဖုံးကို ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်ဖူးခြင်း
●  ကိုယ်ခံအားနည်းခြင်းတို့ပဲ ဖြစ်ပါတယ်။

>>  သွားပြည်တည်နာကို ကာကွယ်ဖို့အတွက် -
●  သွားကြားထဲရှိ အစာများကို ရှင်းလင်းစေရန် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ခန့် Floss (အပ်ချည်ဖြင့် သွားကြားထိုးခြင်း) ပြုလုပ်ပါ။
●  ဖလူအိုရိုဒ်ပါသော သွားတိုက်ဆေးဖြင့် တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။ တစ်ခါသွားတိုက်ရင် ၂ မိနစ် အချိန်ပေးပါ။
●  အချိုများသော အစာများနှင့် အချိုရည်များ စားသောက်ခြင်းကို လျှော့ချပါ။
●  ညအိပ်ရာဝင်ခါနီး အစာစားခြင်းကို ရှောင်ကြဉ်ပါ။
●  သွားဆရာဝန်နှင့် ပုံမှန်ပြသတိုင်ပင်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)