ဓာတ်လိုက်ခြင်းအတွက် အရေးပေါ်ပြုစုနည်း
ဓာတ်လိုက်ခြင်းဟာ သေစေတတ်တဲ့ ထိခိုက်မှုတစ်ခုဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။
စီးဆင်းနေသော လျှပ်စီးကြောင်းတစ်ခုနှင့် ထိတွေ့မိပါက ဓာတ်လိုက်ခြင်း ဖြစ်ပေါ်စေပါတယ်။ ကိုယ်ခန္ဓာတွင်းသို့ လျှပ်စီးကြောင်းစီးဝင်သွားသော ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို ဓာတ်လိုက်ခြင်းလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
>> လက္ခဏာများ
လျှပ်စစ်စီးအားရဲ့ လူ့ကိုယ်ခန္ဓာပေါ် သက်ရောက်မှုဟာ အောက်ပါအချက် (၄) ချက်အပေါ် အဓိက မူတည်ပါတယ်။
● ကိုယ်ထဲသို့ စီးဝင်သော လျှပ်စစ်ပမာဏ
● ကိုယ်ထဲသို့ လျှပ်စစ်စီးဝင်သော လမ်းကြောင်း
● ကိုယ်ထဲသို့ လျှပ်စစ် စီးဝင်သောကြာချိန်
● လျှပ်စီးရဲ့ Frequency
>> လက္ခဏာတွေကတော့ -
● သတိလစ်ခြင်း
● အသက်ရှူကြပ်ခြင်း/ရပ်ခြင်း
● လျှပ်စစ်စီးကြောင့် ဝင်သောနေရာနှင့် ထွက်သောနေရာတွင် မီးလောင်ကွက်များ ဖြစ်ပေါ်ခြင်း
● နှလုံးခုန်ရပ်ခြင်း
● သွေးခုန်နှုန်း မျှင်မျှင်သာရှိခြင်း (သို့) လုံးဝတိုင်းမရခြင်း စသည်တို့ ဖြစ်ပါတယ်။
ဓာတ်လိုက်နေသောသူကို တွေ့ရှိပါက သင် ဘာလုပ်သင့်လဲ?
● ပထမဦးစွာ ပါဝါခလုတ်ကို ပိတ်ပါ။ ထို့နောက် မီးခလုတ်ပိတ်ခြင်း၊ မီးကြိုးကို ပလက်မှဖြုတ်ခြင်း၊ ဖြူးစ်ပိတ်ခြင်းတို့ကို ပြုလုပ်ပါ။
ပါဝါခလုတ်ကို မပိတ်ရသေးမချင်း ဓာတ်လိုက်နေသူကို လုံးဝမထိပါနှင့်။
● ရေချိုးခန်း၊ ရေကူးကန်နှင့် စိုစွတ်နေသောမြေကြီးကဲ့သို့ စိုနေသောနေရာများကို အထူးသတိထားပါ။
● ပါဝါခလုတ်ကိုပိတ်ဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးမှာ လျှပ်စီးမကူးနိုင်သော အရာဝတ္ထုတစ်ခုရဲ့ အကူအညီဖြင့် ဓာတ်လိုက်နေသူကို ဆွဲထုတ်ပါ။ ဥပမာ - သစ်သားတံမြက်စည်း လက်ကိုင်ဖြစ်စေ ခြောက်သွေ့သော သိုးမွေးအစဖြစ်စေ အသုံးပြုနိုင်ပါတယ်။
● ဓာတ်လိုက်နေသူကို လျှပ်စစ်စီးကြောင်း ထွက်ပေါ်နေသောနေရာက ဖယ်ထုတ်ပြီးတာနှင့် တစ်ပြိုင်နက် လူနာတင်ကားကို ခေါ်ဆောင်ပါ။
● လူနာတင်ကားမရောက်ခင်တွင် လူနာ သတိ ရှိ၊ မရှိနှင့် အသက် ရှူ၊ မရှူ စစ်ဆေးပါ။ လူနာဟာ သတိလစ်ပြီး အသက်ရှူရပ်နေပါက အရေးပေါ်အသက်ကယ်နည်း ဆောင်ရွက်ပါ။ သင့်လက်ဖဝါးနှစ်ကို ထပ်လျက်အနေအထားဖြင့် သူ့ရင်ဘတ်အလယ်တည့်တည့်ရှိ ရင်ညွန့်ရိုးအထက် လက်မအနည်းငယ်အကွာတွင် ထားပေးပါ။
ရင်ဘတ်ရဲ့ သုံးပုံတစ်ပုံလောက်ထိ ခပ်မြန်မြန်ဖိချပါ။ အကြိမ်၂၀ ခန့် ပြုလုပ်ပေးပါ။
● တစ်ကြိမ်စာဖိပြီးတိုင်း ၂ ကြိမ်ခန့် အသက်ရှူသွင်းပေးပါ။ လူနာရဲ့ခေါင်းကို အပေါ်သို့မော့ထားပြီး မေးစေ့ကိုမြှင့်ပါ။ နှာခေါင်းကို လက်ဖြင့် လုံအောင်ပိတ်ပေးပြီး ပါးစပ်ထဲသို့ သင့်ပါးစပ်ဖြင့် လေမှုတ်သွင်းပေးပါ။
အထက်ပါနည်းစဉ်များကို လူနာတင်ကားမလာမချင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
● ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်ဖို့ လူနာကို မြေကြီးပေါ်တွင် လဲလျောင်းစေပြီး ခေါင်းကို ကိုယ်ခန္ဓာထက် အနည်းငယ်နှိမ့်ပေးပါ။
● လူနာတွင် မီးလောင်ကွက်များ ဖြစ်ပေါ်ပါက ကပ်ငြိနိုင်သော ပိတ်စများဖြင့်အုပ်ခြင်း၊ အဆီ/ဆေးများလိမ်းခြင်းကို ရှောင်ပါ။ သွေးထွက်နေပါက သွေးတိတ်စေရန် ဖိပေးပါ။
● ဓာတ်လိုက်ခြင်းဟာ သေစေတတ်တဲ့ အန္တရာယ်ဖြစ်တာမို့ ချက်ချင်းဆိုသလို ဆေးရုံပို့ရန် လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























