မပေါ့ဆသင့်သော သွားဖုံးသွေးယိုခြင်းပြဿနာ
ကျွန်ုပ်တို့အနေနှင့် သွားဖုံးသွေးယိုခြင်းကို တစ်ချိန်ချိန်မှာတော့ တွေ့ကြုံဖူးကြပါတယ်။ သွားဖုံးသွေးယိုခြင်းဟာ သွားနှင့်သွားဖုံးရောဂါများနှင့် ဆက်စပ်နေသလို အခြားသော စိုးရိမ်ဖွယ်ရောဂါများရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်တတ်ပါတယ်။
ကြမ်းတမ်းစွာ သွားတိုက်ခြင်း၊ သွားဖုံးတွင်ဒဏ်ရာရခြင်း၊ သွားဖုံးရောင်ခြင်းနှင့် သွားဖုံးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်ပါက သွားဖုံးသွေးယိုခြင်းအပြင် ခံတွင်းနံ့ဆိုးခြင်း၊ သွားဖုံးနာကျင်ခြင်း၊ သွားဖုံးအနာများဖြစ်ခြင်း၊ သွားဖုံးများ နီရဲရောင်ကိုင်းနေခြင်းနှင့် သွားကျဉ်ခြင်းတို့ကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
>> ရောဂါတစ်ခုခုကြောင့် သွားဖုံးသွေးယိုခြင်းအနေနှင့် -
(၁) HIV ပိုးဝင်ခြင်းကြောင့် သွားဖုံးသွေးယိုခြင်း
HIV ပိုး ရှိသူများအနေနှင့် သွားဖုံးသွေးယိုခြင်း၊ လျှာ၊ ပါးစပ်နှင့် နှုတ်ခမ်းအပါအဝင် ခံတွင်းတစ်ခုလုံး နာကျင်ခြင်း စတဲ့ သွားနှင့်သွားဖုံးပြဿနာတွေကို တွေ့ကြုံရတတ်ပါတယ်။
(၂) သွေးအားနည်းခြင်းကြောင့် သွားဖုံးသွေးယိုခြင်း
သွေးအားနည်းခြင်းကြောင့် ဗီတာမင်ဘီတွဲ စုပ်ယူမှုကို ပျက်ပြားစေရာကနေ သွားဖုံးသွေးယိုခြင်း ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
(၃) ရေယုန်ပိုးဝင်ခြင်း
ရေယုန်ပိုးကြောင့် နှုတ်ခမ်းရှိအရေပြားနှင့် ခံတွင်းရှိ အချွဲမျက်နှာပြင်များ ပြင်းထန်စွာ နာကျင်ခြင်းနှင့် သွားဖုံးသွေးယိုခြင်းတို့ကို ခံစားရပါတယ်။
(၄) စိတ်ဖိစီးမှုကြောင့် သွားဖုံးသွေးယိုခြင်း
စိတ်ဖိစီးခြင်းကြောင့် သွားဖုံးများကို ရောင်ရမ်းစေပြီး အလွယ်တကူ ထိခိုက်ဒဏ်ရာ ရစေတတ်ပါတယ်။ ထို့ပြင် ကိုယ်ခံအားကျစေတဲ့အတွက် ဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်စေပြီး သွေးခဲခြင်းဖြစ်စဉ်ကိုပါ တားမြစ်တဲ့အတွက် သွေးယိုခြင်းကို ပိုဆိုးစေပါတယ်။
(၅) လူကီးမီးယား နှင့်သွားဖုံးကင်ဆာ
လူကီးမီးယားကြောင့် သွားဖုံးသွေးယိုခြင်းနှင့်အတူ ကိုယ်တွင်းအစိတ်အပိုင်းများ ကြီးလာခြင်းတို့ကို ဖြစ်စေပါတယ်။ ခံတွင်းကင်ဆာကြောင့်လည်း သွားဖုံးသွေးယိုခြင်းနှင့်အတူ သွားဖုံးအပေါ်ယံမျက်နှာပြင် ကွာကျခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
(၆) ကိုယ်ဝန်ဆောင်ချိန် သွားဖုံးသွေးယိုခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ ဟိုမုန်းအပြောင်းအလဲများ ဖြစ်ပေါ်ခြင်းကြောင့် သွားဖုံးများ နာကျင်ခြင်းနှင့်အတူ သွေးယိုစီးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးအလေးထားသင့်ပါတယ်။
(၇) သွားဖုံးရောင်ခြင်း
ဆေးလိပ်အသောက်များခြင်း၊ ဆီးချိုရောဂါ၊ ဟိုမုန်းပြောင်းလဲမှုများ၊ ပါးစပ်ခြောက်ခြင်း စတဲ့ အချက်တွေကြောင့် သွားဖုံးများ ရောင်ရမ်းရာကနေ သွေးယိုစီးမှု ဖြစ်ပေါ်နိုင်ပါတယ်။
(၈) ရေစီးကမ်းပြိုလိုက်ခြင်းး
သွားဖုံးရောင်ခြင်းကို အချိန်မီ မကုသခြင်းကြောင့် ရေစီးကမ်းပြိုခြင်းလို့ခေါ်တဲ့ သွားဖုံးသားများ နိမ့်ဆင်းလာပြီး သွားဖုံးသွေးယိုခြင်းနှင့် သွားများယိုင်နဲ့ခြင်းကို ဖြစ်စေတတ်ပါတယ်။
သွားဖုံးရောင်ခြင်းကို စောစီးစွာ သိရှိမယ်ဆိုပါက အချိန်မီကုသနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ခြင်းဖြင့် သွားဖုံးရောင်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ သွားဖုံးသွေးယိုခြင်းကို ခံစားနေရသူများအနေနှင့် ဖြစ်စေသောအကြောင်းရင်းကို သိရှိပြီး လိုအပ်သလို ကုသမှုခံယူသင့်ပါတယ်။
ယေဘုယျအားဖြင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် သွားဖုံးသွေးယိုခြင်းကို ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























