/
node/10408

၃ လမြောက် နို့တိုက်ပြဿနာဆိုတာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

မိခင်နဲ့ကလေး ကျန်းမာရေးဆောင်းပါး အတော်များများမှာ ဆွေးနွေးဖို့ မေ့လျော့နေတတ်တဲ့ အကြောင်းအရာ တစ်ချက်ကိုပြောပါဆိုရင် ၃ လမြောက် နို့တိုက်ပြဿနာပါပဲ။ ဒီအချိန်ဟာ ကလေးတွေ နို့စို့ချိန်မှာ ဂဂျီဂဂျောင်ကျလာသလို မေမေတို့လည်း နို့ထွက်တာ ပြောင်းလဲလာပါတယ်။ မွေးကင်းစ အစောပိုင်းကာလကလည်း မိခင်နို့ချိုတိုက်ကျွေးဖို့ အင်မတန် အရေးကြီးတာမို့ မေမေတို့တတွေ အခက်တွေ့ကြပြီပေါ့။ ဘာတွေဖြစ်တတ်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘာတွေလုပ်ပေးနိုင်တယ် ဆိုတာတွေကို လေ့လာကြည့်ကြရအောင်။

>>  လက္ခဏာတချို့ကတော့ -
၃ လမြောက်ဟာ မိခင်တစ်ယောက်အတွက် အခက်ခဲဆုံးအချိန်ပါပဲ။ ဒီလိုခက်ခဲလာတဲ့အချိန်မှာ မေမေတို့ဟာ နို့ဖြတ်ပြီး ဖော်မြူလာ ပြောင်းတိုက်တတ်ကြပါတယ်။ ဒီအချိန်မှာ -
●  ကလေးတွေဟာ နို့ကို ကြာကြာမစို့တတ်ကြတော့ပါဘူး။
●  မေမေတို့ရဲ့ရင်သားဟာ ပျော့သွားပြီး ပြည့်တယ်လို့ မခံစားရတော့ပါဘူး။
●  ဘေးပတ်ဝန်းကျင်က အရာရာတိုင်းကို ကလေး စိတ်ဝင်စားလာပါတော့တယ်။
●  ကလေးဟာ အိပ်ငိုက်နေချိန်၊ အိပ်ပျော်နေချိန်မှသာ နို့ကောင်းကောင်းစို့ပါတော့တယ်။
●  ကိုယ်အလေးချိန်လည်း သိပ်မတက်တော့ပါဘူး။
●  ဝမ်းသွားတာလည်း နည်းလာပါတယ်။

Obimin 1

>>  ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?
ဘာလို့နို့တိုက်ချိန်တွေ ခက်ခဲလာရသလဲဆိုရင် အကြောင်းရင်းကတော့ စိတ်ဝင်စားစရာပါ။ တချို့မွေးကင်းစစိတ်ပညာရှင်တွေကတော့ ကလေးက မိခင်ဆီက ခွဲထွက်တာဟာ အသက် ၄ လဝန်းကျင်မှာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ကလေး အသက် ၂ လဝန်းကျင် ရောက်လာတဲ့အခါ အခန်းတစ်ဝိုက်ကို သေသေချာချာ မြင်လာပါပြီ။ ၃ လလောက် ရောက်တဲ့အခါ အချိန်အတော်များများမှာ နိုးကြားနေပြီး ဘေးပတ်ဝန်းကျင်ကို တအားစိတ်ဝင်စားလာပါတော့တယ်။ သူ့အဖို့တော့ အရာရာတိုင်းက အသစ်အဆန်းတွေဖြစ်ပြီး စိတ်ဝင်စားစရာတွေပါ။ ဒါကြောင့် နို့စို့ဖို့ကို အာရုံမဝင်စားနိုင်တော့ဘူးပေါ့။
ဒီအချိန်မှာ ကလေးရဲ့ဦးနှောက်ကလေးက အာရုံကြောဆက်နွယ်မှုအသစ်တွေ ဖြစ်ပေါ်လာပါတယ်။ မေမေ့နို့ကို လွှတ်လွှတ်ပြီး စိတ်အာရုံတွေ ထွေပြားလာတတ်ပါတယ်။
အသက် ၃ လမှာ နောက်ထပ်ကျွမ်းကျင်လာတဲ့အရာတစ်ခုကတော့ နို့စို့တာပါပဲ။ နို့စို့တဲ့နေရာမှာ ဆရာကျလာတဲ့ ဘေဘီလေးတွေဟာ မိနစ် ၂ဝ လောက် စို့နေစရာမလိုတော့ဘဲနဲ့ ၃၊ ၄၊ ၅ မိနစ်လောက်နဲ့တင် စို့ပြီး ပြီးသွားတတ်ပါတယ်။ နောက် မေမေတို့နို့ကလည်း နို့တွေကို မသိမ်းထားတော့ဘဲနဲ့ ကလေးစို့တော့မှသာ နို့ထွက်ပါတော့တယ်။ ဒါကြောင့် ကလေးဟာ နို့အလွယ်တကူ မရတော့တဲ့အခါ စိတ်မရှည်တော့ဘူးပေါ့။

Obimin 2

>>  ဘာတွေလုပ်ပေးနိုင်မလဲ?
အရေးအကြီးဆုံးက ဒါဟာ မေမေတိုင်းကြုံတွေ့ရတဲ့ပြဿနာတစ်ခုဆိုတာ သိထားဖို့ပါ။ မေမေတို့အနေနဲ့ ဒီလိုကာလလေးမှာ အောက်ကအချက်တွေကို လိုက်နာဆောင်ရွက်ပေးနိုင်ပါတယ်။
●  မေမေနဲ့ဘေဘီလေးတို့ရဲ့ နို့တိုက်တဲ့အချိန်လေးဟာ မပြောင်းလဲဘူးဆိုတာကို ဖော်ပြဖို့လိုပါတယ်။ ကလေးကို တခြားအကြောင်းရင်း မယ်မယ်ရရမရှိဘဲ နို့ဘူး ပြောင်းမတိုက်ပါနဲ့။
●  ကလေးနဲ့ ဆော့ကစား၊ ပွေ့ဖက်ပြီး သားပိုက်ကောင်နည်းလို့ခေါ်တဲ့ အသားချင်း ထိတွေ့နည်းကို များများအသုံးပြုကာ ကလေးနဲ့ တတ်နိုင်သလောက် အချိန်အတူတူကုန်ဆုံးပါ။ ဒီလို အသားချင်း ထိတွေ့ပေးခြင်းက ကလေးကို စိတ်ချလုံခြုံတဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
●  မေမေက စိတ်ငြိမ်ငြိမ်ထားပါ။ ဘေဘီလေးတွေဟာ မေမေတို့ရဲ့စိတ်ခံစားချက်ကို လိုက်ပြီး အတုခိုးတတ်ကြပါတယ်။ ဒါကြောင့် မေမေက စိတ်ဖိစီးမှုတွေ များနေပြီး နို့တိုက်နေမယ်ဆိုရင် ကလေးလည်း စိတ်ဖိစီးလာပါလိမ့်မယ်။ အတင်းအဓမ္မ မလုပ်ပါနဲ့။ ကလေးကို စကားပြောပါ။ သီချင်းဆိုပြပါ။
●  ကလေးကို အကောင်းဆုံး နို့တိုက်တဲ့အနေအထားကို သူ့ဟာသူ ရှာပါစေ။ နို့တိုက်တဲ့ပုံစံကို အမျိုးမျိုးပြောင်းလဲပါ။
●  ဒီလိုအချိန်မျိုးမှာ ကလေးတွေဟာ ညဘက်မှာ နို့စို့ကြတာ များပါတယ်။ အိပ်နေရင်းနဲ့ စို့တတ်ကြပါတယ်။
●  ကလေး နို့ကောင်းကောင်းဝရဲ့လားသိဖို့ ကလေးရဲ့ကိုယ်အလေးချိန်ကို မှန်မှန်တိုင်းပေးပါ။ ကလေး ရက်ပေါင်းများစွာ နို့မစို့ဘဲနေမယ်၊ ညဘက်မှသာ နို့စို့မယ်၊ နို့စို့တဲ့အချိန်တွေ တော်တော်နည်းသွားမယ်ဆိုရင် မေမေတို့ရဲ့ နို့ထွက်နှုန်းလည်း ကျသွားမှာပါပဲ။ ဒါကြောင့် မေမေတို့က နို့ကောင်းကောင်းထွက်အောင် နို့ကို ညှစ်ညှစ်ပေးဖို့လည်း လိုပါတယ်။
ဘေဘီလေးတွေလည်း နို့ဝ ၊ မေမေလည်း ကျန်းမာလှပနိုင်ကြပါစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)