/
node/10416

ရေမြွှာရည်ဆိုတာ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ရေမြွှာရည်ဆိုတာ မိခင်ဝမ်းဗိုက်ထဲက ရေမြွှာအိတ်ထဲက အရည်တွေကိုပြောတာပါ။ ဒီရေမြွှာရည်တွေဟာ ကလေးလေးကို ပြင်ပဒဏ်တွေကနေ ကာကွယ်ပေးတဲ့အပြင် အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ကလေးအသက်ရှူဖို့၊ မျိုချဖို့၊ ကြွက်သားနဲ့အရိုးတွေ သန်မာဖို့အတွက်လည်း ရေမြွှာရည်က အရေးပါပါတယ်။
ရေမြွှာအိတ်မှာ amnion နဲ့ chorion ဆိုပြီး အလွှာနှစ်လွှာ ပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်မှာ ရေမြွှာအိတ်နဲ့ပတ်သက်ပြီး ဝင်နိုင်တဲ့ရောဂါပိုးမွှားတွေ၊ ဖြစ်နိုင်တဲ့နောက်ဆက်တွဲရောဂါတွေ အများကြီးရှိပါတယ်။

>>  ရေမြွှာရည်ထဲမှာ ဘာတွေပါသလဲ?
သန္ဓေတည်နေချိန်မှာ ရေမြွှာအိတ်ကလေး ဖြစ်ပေါ်လာပြီး အရည်တွေနဲ့ ပြည့်လာပါတယ်။ အစပိုင်းမှာတော့ ရေတွေနဲ့ပဲ ဖွဲ့စည်းထားပြီး ၁၀ ပတ်နောက်ပိုင်းမှာတော့ ကလေးလေးဟာ ရေမြွှာရည်ထဲ ဆီးအနည်းငယ် သွားတတ်ကြပါတယ်။ ရေမြွှာရည်ဟာ ဝါကျင့်ရောင်ဖျော့ဖျော့အရောင် ရှိပါတယ်။

>>  ရေမြွှာရည်တွေ ဘယ်ကိုရောက်?
ကလေးမမွေးခင်မှာပဲဖြစ်ဖြစ်၊ မွေးနေချိန်မှာပဲဖြစ်ဖြစ် ရေမြွှာအိတ် ပေါက်ထွက်သွားပြီး မိန်းမကိုယ်ကနေ ရေမြွှာရည်တွေ ပေါက်ထွက်သွားပါတယ်။ ဒါကို ရေဆင်းတယ်လို့ ခေါ်ပါတယ်။ ဒီလိုရေဆင်းပြီးနောက် အချိန်ကြာတဲ့အထိ ကလေး မထွက်ပါက ရောဂါပိုးဝင်တတ်လို့ သတိထားဖို့လိုပါတယ်။

>>  ရေမြွှာရည်ကို ဘယ်လိုနည်းလမ်းတွေနဲ့ သုံးလို့ရမလဲ?
မွေးရာပါရောဂါတွေဖြစ်တဲ့ ဒေါင်းရောဂါစုတွေ၊ အက်ဒ်ဝါ့ဒ်၊ ပတောင်းရောဂါစုတွေ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေမှာ ရေမြွှာရည်စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။ ရေမြွှာရည်နည်းနည်းကိုယူပြီး ဒီရောဂါရှိတဲ့ မျိုးရိုးဗီဇ ရှိ၊ မရှိ စစ်ဆေးတာပါ။ ဒီလိုစစ်ဆေးရာမှာ -
●  ကိုယ်ဝန်ပျက်ကျခြင်း
●  ပိုးဝင်ခြင်း
●  နောက်ပိုင်းမှာ နောက်တစ်ကြိမ် ထပ်ယူစစ်ဆေးရခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ ရေမြွှာရည်စစ်ဆေးခြင်းကို ဒီလိုနောက်ဆက်တွဲတွေအဖြစ်နည်းတဲ့ ကိုယ်ဝန် ၁၅ ပတ်နောက်ပိုင်းမှ စစ်ဆေးတာ များပါတယ်။
ရေမြွှာရည်မှာ ပါဝင်တဲ့ဓာတ်တွေကို ကြည့်ခြင်းအားဖြင့် ကလေးမှာ ဖြစ်နိုင်တဲ့ရောဂါတွေကို ခန့်မှန်းသိရှိနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)