/
node/10613

လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ပိုပိုဝ၀လာတာ ဘာလို့လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တချို့တွေ လေ့ကျင့်ခန်းလည်း လုပ်နေရဲ့သားနဲ့ ကိုယ်အလေးချိန်မကျသွားဘဲ တက်လာတာမျိုးကို ကြုံဖူးကြမှာပါ။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။

>>  ကိုယ်အလေးချိန် ကျဖို့ဆိုတာ ဒီအချက်တွေပေါ် မူတည်နေပါတယ်။
●  ကိုယ်စားတဲ့အစားအစာ
●  ကိုယ်လက်လှုပ်ရှားမှု
●  မျိုးရိုးနဲ့
●  အသက်တို့ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေကလည်း ဝိတ်ချတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာက စိတ်ဖိစီးမှုကို တက်စေပါတယ်။
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်ဆိုပေမယ့် အလွန်အကျွံ့လုပ်ပြီး အနားကောင်းကောင်း မယူရင်လည်း ဝိတ်ချတာကို ဟန့်တားပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် ကော်တီဆော (cortisol) ဆိုတဲ့ ဟော်မုန်းကိုမြင့်တက်စေပြီး ဒီဟော်မုန်းက
●  ကိုယ်အလေးချိန် တက်စေတယ်
●  ကောင်းကောင်း အိပ်မပျော်စေဘူး
●  ရောင်ရမ်းမှုတွေ ဖြစ်စေတယ်
●  ဗိုက်မှာ အဆီစုစေပါတယ်
●  ပြီးရင် ဗိုက်ဆာစေတယ်၊ သရေစာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

>>  ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ -
၁။  ကိုယ်စားတဲ့အစားအစာတွေကို ပြောင်းလဲပါ
ဒါကတော့ ကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာ အရေးကြီးဆုံးပါပဲ။
ပရိုတိန်းကြွယ်ဝတာတွေ များများစားပေးပါ။ ဖိုက်ဘာဓာတ်များတဲ့ အသီးအရွက်တွေ စားပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီကို စားပေးပါ။ ဒါတွေက ကိုယ်အလေးချိန် ကျစေဖို့ အားပေးပါတယ်။

၂။  ကြွက်သားတိုးစေတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပါ
ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းတွေက နှလုံးကို လေ့ကျင့်ပေးတဲ့ မောတဲ့လေ့ကျင့်ခန်းတွေ များနေရင် ကြွက်သားတိုးအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေ ဥပမာ - ဝိတ်နဲ့ အိပ်ထမတင်လုပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
ကြွက်သားတွေ တိုးလာသလို လောင်ကျွမ်းတဲ့ကယ်လိုရီပမာဏကိုလည်း တိုးစေပါတယ်။

၃။  အမျိုးသမီးတွေဆိုရင် သွေးမဆုံးခင်အချိန်မှာ ကိုယ်အလေးချိန် တက်လာတတ်ပါတယ်
သွေးမဆုံးခင်ကာလ ၄၀ ကျော်အချိန်မှာ ဟော်မုန်းပမာဏတွေ အပြောင်းအလဲများတာကြောင့် ကိုယ်အလေးချိန် တက်လာစေပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နားမှာ အဆီစုလာစေပါတယ်။
ကိုယ့်မှာ သွေးဆုံးကိုင်တဲ့ လက္ခဏာတွေ ဥပမာ - ပူလိုက်အေးလိုက် ဖြစ်တာ၊ ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ပင်ပန်းတာတွေ ရှိရင် ဆရာဝန်နဲ့ ပြပါ။

၄။  သရေစာ စားချင်စိတ်တွေ ဖြစ်ပေါ်နေရင် ဒီလိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရပါတယ်။
တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏကို လုံလောက်စွာ စားပါ။
နေ့ဘက် ကောင်းကောင်းမစားထားရင် ညကျမှ သကြားလုံး၊ ကွတ်ကီး စတာတွေ စားချင်စိတ် ဖြစ်စေပါတယ်။

၅။  ရေများများသောက်ပါ။

၆။  အသားဓာတ် ပရိုတိန်းများများစားပါ။
ပရိုတိန်းများတဲ့ ကြက်ဥ၊ မြေပဲ၊ ကြက်သား၊ တိုဖူး စတာတွေ စားတာက သရေစာ စားချင်စိတ်ကို လျော့နည်းစေပါတယ်။

၇။  အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးပျက်တာကလည်း ကော်တီဆောပမာဏ တက်စေလို့ ဝိတ်တက်တာ၊ သရေစာ စားချင်စိတ် ပေါ်တာကို ဖြစ်စေပါတယ်။

Dr. Htar (www.drmyanmar.com)